ကန္တာရဝတီတိုင်း(မ်)
အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက အာဏာသိမ်းမှုကို လက်မခံတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ CDM (Civil Disobdience Movement အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု) လှုပ်ရှားမှုပြုလုပ်ပြီး ပြည်သူနဲ့အတူ ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဇာတိမြေရဲ့ အဝေးကို တိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတချို့ဆိုရင်လည်း နယ်စပ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်တခုမှာ သွားရောက်ခိုလှုံနေတာတွေလည်းရှိနေပါတယ်။
ကယား (ကရင်နီ)ပြည်နယ်က လုပ်သက် နှစ်(၃၀)ရှိပြီးဖြစ်တဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာမတစ်ဦးက “ ကိုယ့်အိမ်မှာကိုယ် မနေရတော့ဘူးလေနော။ အထူးသဖြင့် အဲ့ဒီနေရာလည်း သေနတ်သံ အရင်ဆုံးကြားရတဲ့ နေရာဆိုတော့ ပိုဆိုးတာပေါ့နော။ လုံးဝအိမ်ကို မအိပ်ရဲဘူး။တောထဲမှာပဲ သွားအိပ်ရတာပေါ့။ ” လို့ ပြောပါတယ်။
အခုလို CDM လုပ်တာက နှောင်လာနောက်သားတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အဓိက ဒီစစ်အာဏာရှင်ပဲပေါ့နော။ ဒီစစ်ရဲ့ အောက်မှာကို မနေချင်တော့လို့ သူတို့က တစ်မိန့် တစ်သံ အဲ့လို ပုံစံမျိုးနေချင်တာကို။ လုံးဝ CDMလုပ်လိုက်တာပေါ့။”
၎င်းကျောင်းဆရာမဆိုရင် ပင်စင်ယူဖို့ လည်းနီးနေပြီဆိုပေမယ့် ကိုယ့်ရဲ့လုပ်သက်ပင်စင်ကို စွန့်ခဲ့ရတာလို့ဆိုပါတယ်။
“ ကိုယ့်ရဲ့ လုပ်သက်ဆိုလည်း ပင်စင်ယူဖို့ လည်းနီးပြီ CDMမလုပ်ဘဲနဲ့ Non-CDMလုပ်ပြီးတော့မှ လာမယ့်နှစ်ဆိုရင် လုပ်သက်ပင်စင်ယူလို့လည်းရပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ လုပ်သက်ပင်စင်ကိုလည်း ကိုယ်စွန့်ပြီးတော့မှ CDMလုပ်ခဲ့တာပေါ့နော။ ကိုယ့်ရဲ့ သားသမီး မြေးအတွက် နှောင်လာနောက်သား သားသမီးမြေးအတွက် ရည်ရွယ်ပြီးတော့မှ CDMကို လုပ်တာပေါ့။ ”
CDMပြုလုပ်ကြတဲ့ ဝန်ထမ်းတွေဟာဆိုရင် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရတာတွေ ဖမ်းဆီးခံရတာတွေ ရှိနေတာပါ။ အဲ့ဒီအတွက်ကြောင့် မိသားစုနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အဲဒီလို ဖမ်းဆီးခံရမှာကြောက်ကြတဲ့သူတွေနဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးတိမ်းရှောင် နေကြရတဲ့သူတွေထဲမှာ CDM ဝန်ထမ်းတွေလည်း အများကြီးပါပါတယ်။
ဖရူဆိုမြို့နယ်က CDMပညာရေး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်ရှားမြာက ထွက်ပြေးတိမ်းရှောင်လာရင်း လမ်းခရီးမှာ ကြုံရတဲ့ အခက်အခဲကို အခုလို ပြောပြပါတယ်။
“ ရှိတာပေါ့ အများကြီးရှိတယ်။ ပြောပြလို့တောင် မရဘူး အများကြီး ပဲပေါ့နော။ ဒီလာတဲ့ လမ်းမှာ ထမင်းတောင် ငတ်ရတဲ့ အဖြစ်မျိုး ပေါ့။ နှစ်ရက် သုံးရက်လောက် မိုးထဲ လေထဲမှာပေါ့နော။ ကလေးငယ်တစ်ဖက်နဲ့ ခါကျတော့ ပြောရမယ်ဆိုရင် ပြောတောင် မပြောချင်တော့ပါဘူး။ ”
KNPP ထ်ိန်းချုပ်နယ်မြေထဲက စစ်ရှောင်စခန်းကိုပြေးလာတဲ့ CDM ကျောင်းဆရာမတချို့ကလည်း ၎င်းနယ်မြေထဲမှာပဲ ဖွင့်လှစ်နေတဲ့ အခြေခံပညာရေးကျောင်းမှာ ကလေးတွေကို ပညာသင်ကြားတဲ့ အပိုင်းတွေ ပါဝင်ကူညီနေကြတယ်လို့ ဆိုပါတယ်။
အဲဒီအခြေခံပညာရေးကျောင်းမှာ CDM ကျောင်းဆရာမ နှစ်ဦးကလည်း စေတနာ့ဝန်ထမ်း အနေနဲ့ ပါဝင်အားဖြစ် နေတာတွေ့ရပါတယ်။
ဆရာမ ဒေါ်ရှားမြာက သူမအနေနဲ့ အတတ်နိုင်ဆောင်း ကလေးတွေကို စာသင်ကြားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
“လိုအပ်တဲ့နေရာမှာပေါ့နော အတတ်နိုင်ဆုံးကိုယ့်ရဲ့ တတ်နိုင်သလောက် တာဝန်ယူပြီးတော့ သင်ကြားပေးမှာပေါ့။”
ဆရာမဒေါ်ရှားမြာက ဒီးမော့ဆိုမြို့နယ် အ.မ.က ဒေါရောက်ခူကျောင်း မူလတန်းပြအနေနဲ့ တာဝန်ထမ်းဆောင်ပြီး အခု CDM လုပ်ရင်း စစ်ရှောင်မှာ ကလေးတွေကို စာသင်ပေးနေတာဖြစ်ပါတယ်။
ဒီစစ်ရှောင်စခန်းက ပညာရေးစနစ်က အရင်ကရှိနှင့်နေပြီးသားဖြစ်တဲ့ ကရင်နီအမှတ်(၁)၊ (၂) စခန်းထဲက ပညာရေးစနစ်အတိုင်းသွားတာဖြစ်တဲ့အတွက် ပြည်တွင်းပညာရေးစနစ်နဲ့ ကွာခြားချက်တွေ ရှိတယ်လို့ဆိုပါတယ်။
“ပြီးခဲ့တဲ့ အရင်တစ်ပတ်က သင်တန်းတွေ ပို့ချပြီးပြီပေါ့နော။ အဲ့ဒီ သင်တန်းကလည်း ဒီဖက် နိုင်ငံနဲ့ နည်းနည်းတော့ ခြားတယ်ပေါ့နော။သူ့ရဲ့ အကဲ ဖြတ်စနစ်တွေ ခြားတယ်ပေါ့နော။”
၎င်းအခြေခံပညာကျောင်းမှာတော့ ကျောင်းသူကျောင်းသား သုံးရာနီးပါးရှိပါတယ်။
၎င်းစစ်ဘေးရှောင်စခန်းမှာ CDM ပညာရေးဝန်ထမ်း ၈ ဦးရှိပြီး အခြေခံပညာရေးကျောင်းမှာ စာသင်ပေး တဲ့ဆရာမတွေရှိသလို တခြား လိုအပ်တဲ့ လုပ်ငန်းတွေမှာ အားဖြည့်ကူညီပေးနေတာတွေလည်းရှိပါတယ်။
စစ်တပ်ကနေ အာဏာသိမ်းပြီး CDM ပြုလုပ်သူတွေ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်တွေ စုစုပေါင်း တစ်ထောင်ကျော်လောက်က ထိုင်းနယ်စပ်ရှိ ၎င်းKNPP စစ်ရှောင်စခန်းထဲမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။
အိုးအိမ်ဆွေမျိုးတွေကိုစွန့်ခွာပြီး စစ်အာဏာရှင်ကို CDM လုပ်ရင်း တိုက်ပွဲဝင်ပြီးနောက်မှာတော့ ဒီအရေးတော်ပုံ အောင်မှပဲ ဆွေးမျိုးတွေနဲ့ အိုးအိမ်တွေရှိတဲ့နေရာ ပြန်တော့မယ်လို့ လုပ်သက် ၃၀ ရှိပြီဖြစ်တဲ့ ဆရာမကတော့ ပြောဆိုလိုက်ပါတယ်။
“ ဒီအရေးတော်ပုံ အောင်မှပဲ သူတို့ဖက်ကို ပြန်မယ်။ ”