ကန္တာရဝတီတိုင်း(မ်)
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်လာရသူအရေအတွက်ဟာ၂၀၂၄ ခုနှစ်အထိ ၂.၅ သန်းရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့ ဧပြီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ အာဏာမသိမ်းခင်အချိန်က ရှိနှင့်ပြီးသား လူဦးရေနဲ့ ထပ်ပေါင်းရင် ၂.၈ သန်းအထိ အိုးမဲ့အိမ်မဲ့ ဖြစ်သူ ဦးရေတိုးလာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီလ နောက်ပိုင်းကစပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်လာရသူ ၂၈၀၀၀ ခန့် ရှိလာတယ်လို့လည်း အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိုးအိမ်စွန့်ခွာရသူတွေဟာ ရေပြဿနာကို အများဆုံး ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာထောက်ထားမှုအတွက် လိုအပ်တဲ့ အကူအညီပေးနိုင်ဖို့ အမေရိကန်ကို ဒေါ်လာ ၉၉၄ သန်း တောင်းခံထားပေမယ့် မတ်လ ကုန်အထိ ၄ ရာခိုင်နှုန်းသာ ရရှိသေးတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့် သူတို့အတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်မှာလည်း စစ်ရှောင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော် ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက် ( KCSN ) က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ ကရင်နီပြည်က လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ရှိနေတာပါ။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာလည်း ဒေသခံတွေ ပြန်လည်နေထိုင်ခွင့်ပြုဖို့အတွက် မိုင်းအန္တာရာယ်က ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာလည်း မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာရသူဟာ ၂၀၂၂ခုနှစ်ကထက် သုံးဆအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဧပြီလ ၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ မြေမြုပ်မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာနဲ့ သေဆုံးရသူ ၃၉၀ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ ၁၀၅၂ ဦး အထိရှိလာတယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအထဲက ၂၀ ရာခိုင်နှုန်းဟာလည်း ကလေးတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။