ကေးဒူ/ကန္တာရဝတီတိုင်း(မ်)
“စစရောက်တုန်းကဆိုရင် ရွာကိုလွမ်းတယ်။ အမေအဖေတို့ကိုလည်း လွမ်းတယ်။ ညဆိုရင်လည်း တယောက်တည်း ခိုးငိုရတယ်။ အဲ့လောက်ထိခက်ခဲတယ်။ အမေအဖေတို့နဲ့ အဝေးမှာတခါမှ ခွဲမနေဖူးသေးတော့”
ဒါကတော့ အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား ခူးဘိုလော ပြောတဲ့ စကားဖြစ်ပါတယ်။
ခူးဘိုလောဟာ မိဘဆွေမျိုးတွေမပါပဲ နယ်စပ်က စစ်ရှောင်စခန်းကို ရောက်လာသူပါ။ ရည်ရွယ်ချက်က ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ဖို့ပါ။
မိဘတွေနဲ့ တခါမှ ခွဲမနေဖူးသေးတဲ့သူ့အတွက် စိန်ခေါ်မှုကြီး တခုလို ရင်ဆိုင်နေရတာပါ။
သူဟာ ကရင်နီပြည် ဒီးမော့ဆိုမြို့တွင်းက တနီးလာလဲ ကျေးရွာမှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းကို ဆက်မတက်နိုင်ခဲ့တဲ့အပြင် စစ်တပ်ကပါ အာဏာကို ထပ်မံပြီး သိမ်းယူလိုက်တာကြောင့် ပညာရေးခရီး ရပ်တန့်သွားမလို ဖြစ်ခဲ့ပါတယ်။
သူနေထိုင်ရာ တနီးလာလဲကျေးရွာမှာ ဒီးမော့ဆိုအခြေစိုက် တပ်ရင်းတွေကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေ မကြာခဏ ဆိုသလို ကျရောက်မှုတွေ ရှိနေပါတယ်။
ဒါ့ကြောင့်လည်း စာသင်ကျောင်းဖွင့်ဖို့မဆိုထားနဲ့ ကျေးရွာအတွင်း နေထိုင်သူတွေ မရှိသလောက်ပါပဲ။ တောတောင်အတွင်းမှာ စစ်ဘေးရှောင်နေကြရတာကြောင့် ကျောင်းမတက်နိုင်ခဲ့ကြပါဘူး။
နောက်ဆုံးမှာတော့ သူ့ရဲ့ ပညာရေးကို အကောင်အထည်ဖော်နိုင်ဖို့ရာ နယ်စပ်က စစ်ရှောင်စခန်းကို ထွက်လာခဲ့တာပါ။
“အစကတော့ ၆ တန်းပေါ့နော် ကိုဗစ်ဖြစ်သွားတော့ ကျောင်း ၂နှစ် ၃နှစ်လောက် မတက်ရတော့ဘူး။ ကိုယ်ထူကိုယ်ထကျောင်းမှာတော့ (၇) တန်း ပြန်တက်တယ်။ ပြီးတော့ (၈) တန်း ဆက်တက်တယ်။ ဒါပေမဲ့ ကျောင်းကို အပြီးထိ မတက်လိုက်ရဘူး။ တပတ်လောက်ပဲ တက်ရသေးတယ်။ လက်နက်ကြီးကျတော့ ဒီနယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့တာပေါ့နော်” လို့ ခူးဘိုလော က ပြောပါတယ်။
ခူးဘိုလောတယောက် ငယ်စဉ်ကတည်းက ကင်မရာကိုင်ရတာကို ဝါသနာပါသူတဦး ဖြစ်ပါတယ်။
ကင်မရာကို ဝါသနာပါသူတဦး ဖြစ်တာကြောင့် သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ ဖုန်းတွေနဲ့ ဓာတ်ပုံတွေ ရိုက်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ ပြန်လည် မျှဝေလေ့ရှိပါတယ်။
တခါတလေမှာလည်း အင်တာနက်ပေါ်ကနေ ကင်မရာ အကြောင်းကို ရှာဖွေဖတ်ရှုလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

“ပညာရေးကိုတော့ ကျနော် အရမ်းလိုချင်တယ်။ အသက်အရွယ်ကလည်း ငယ်သေးတယ်။ အဲတာကြောင့် ဒီဘက်ကို ရောက်လာရခြင်းဖြစ်တယ်။ ကျနော် ဝါသနာပါတဲ့ ကင်မရာမန်း တယောက်ဖြစ်လာဖို့အတွက် ဒီထိုင်းနယ်စပ် တနေရာမှာ ဖွင့်လှစ်တဲ့ ပညာရေးမှာ လာရောက်ပညာသင်ယူရခြင်း ဖြစ်တယ်” လို့ ခူးဘိုလောက ပြောပါတယ်။
သူနေထိုင်တဲ့ နယ်စပ်တနေရာမှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကတော့ မိတချက် မမိတချက်ပါပဲ။
မိသားစုနဲ့ ဆက်သွယ်နိုင်ဖို့အပြင် ကင်မရာအကြောင်းတွေကို လေ့လာနိုင်ဖို့အတွက် အင်တာနက်လိုင်း သုံးရဖို့ဆိုရင် သူနေထိုင်တဲ့ တဲနဲ့ အနည်းဆုံး ၁၅ မိနစ်လောက် သွားရတဲ့ တောင်ပေါ်ကို ခြေလျင် နဲ့ တက်ရပါတယ်။
ဆက်သွယ်ရေးခက်ခဲသလို၊ အင်တာနက်နဲ့ ဖုန်းငွေဖြည့်ကဒ်တွေအတွက် ကုန်ကျစရိတ်လည်း အခက်အခဲရှိတာကြောင့် ရွာမှာ ကျန်နေခဲ့တဲ့ မိဘတွေဆီကိုလည်း နှစ်ပတ်မှ တခါလောက်ပဲ ဆက်သွယ်ဖြစ်ပါတယ်။
“မိဘတွေနဲ့အဝေးမှာ နေရတော့ ကိုယ့်ဟာကိုယ် ရှင်သန်နိုင်အောင် နေရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ရမယ်” လို့ ခူးဘိုလော က သူ့ရဲ့ ခံယူချက်ကို ပြောပါတယ်။
လက်ရှိမှာ ခူးဘိုလော ဟာ ပညာရေးအတွက် ဝေးလံတဲ့ ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းမှာ ကျောင်းပညာရေးကို ဆက်လက်သင်ယူနိုင်ပေမဲ့လည်း အာဏာသိမ်းစစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကနေ မလွတ်နိုင်သေးပါဘူး။
ခူးဘိုလော နေထိုင်တဲ့ ထိုင်းကရင်နီနယ်စပ် စစ်ရှောင်စခန်းကို ၂၀၂၃ ဇူလှိုင်လ ၁၂ ရက်နေ့မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ မကြာခဏ ဒရုန်းနဲ့ကင်းထောက်မှု ရှိနေပါတယ်။ နေ့ခင်းဘက်တွေမှာလည်း ဒရုန်းသံနားစွင့်ရသလို ညဘက်ဆိုရင်လည်း ဒရုန်းရန်ကြောက်လို့ မီးမထွန်းရဲကြပါဘူး။
မီးရောင်တွေ့ရင် ဒရုန်းဗုံး ကြဲခံရမှာကို စိုးရိမ်ကြလို့ ဖြစ်ပါတယ်။
“ဒီမှာ နေထိုင်ရတာကတော့ အဆင်ပြေတယ်လို့တော့ မဟုတ်ဘူးပေါ့နော်။ စာတွေဘာတွေ လေ့လာတဲ့အချိန်မှာလည်း မီးက မရှိဘူးလေ။ မီးထွန်းပြန်ရင်လည်း လုံခြုံရေးအရ သိပ်ပြီးတော့ မထွန်းရဲဘူး။ IDP စစ်ရှောင်စခန်းမှာပဲ နေရတော့လေ” လို့ ခူးဘိုလော က ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ ခူးဘိုလော တယောက် နယ်စပ်တနေရာမှာ သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ဖို့အတွက် ပညာသင်ယူနေတာ ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်သေးသရွေ့ ရှေ့ဆက်လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုတော့ သူနဲ့ အတူတူ ငယ်စဉ်ကတည်းက ကျောင်းအတူတူနေခဲ့ကြတဲ့ သူ့ရဲ့ ငယ်ပေါင်းတွေနဲ့ တကွဲတပြားစီ ဖြစ်ခဲ့ကြပါပြီ။ သူ့သူငယ်ချင်းတွေထဲက တချို့တွေမှာတော့ ပညာသင်ယူခွင့် မရကြတော့ပါဘူး။
“ရွာမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေ အများကြီးရှိတယ်။ ကျောင်းမနေရတော့တဲ့ သူတွေလည်းရှိတယ်။ တချို့တွေဆိုရင် အပြင်အလုပ်တွေ လုပ်ကုန်ကြပြီ။ သူတို့ကို ပြောချင်တာကတော့ ကျောင်းကိုပြီးအောင် ဆက်တက်စေချင်တယ်” လို့ ခူးဘိုလော က ပြောပါတယ်။
ခူးဘိုလော တယောက် ပညာသင်ယူနေတဲ့ ကရင်နီပြည် ထိုင်းနယ်စပ် စစ်ရှောင်စခန်း တနေရာမှာတော့ နယ်မြေအသီးသီးက လာရောက်စစ်ရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ သုံးထောင်နီးပါး ရှိနေပြီး ခူးဘိုလောလိုပဲ ရည်မှန်းချက်ကို ရောက်ရှိနိုင်ဖို့အတွက် ပညာသင်ယူနေကြတဲ့ လူငယ်များစွာ ရှိနေပါတယ်။