spot_imgspot_imgspot_imgspot_img
Saturday, September 14, 2024
spot_imgspot_imgspot_imgspot_img

အိမ်ထောင်ဦးစီးအမျိုးသမီး

ယောဒန် (CJ)

သူကတော့ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ မနီလာဖြစ်ပါတယ်။ သူ့မှာ နောက်ထပ် မိသားစုဝင် ၃ ဦးရှိပြီး သူ့အမျိုးသားနဲ့ သားသမီးနှစ်ဦးပါဝင်ပါတယ်။

သူ့ရဲ့အမျိုးသားဟာ တော်လှန်ရေး ရဲဘော်တဦးဖြစ်ပြီး လက်ရှိမှာ‌တော့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာမှာ သူတို့တွေ စစ်ရှောင်နေရပါတယ်။

အခုချိန်မှာ‌ မနီလာဟာ မိသားစုစားဝတ်နေရေးနဲ့ ကလေးပညာရေးအတွက် အဓိက ရုန်းကန်နေရတာပါ။

” အမျိုးသားက တော်လှန်ရေးမှာ ပူးပေါင်းပါဝင်တဲ့ အတွက်ကြောင့် ကျွန်မအနောက်မှာ မိသားစု စားဝတ်နေရေးရုန်းကန်နေရတယ်။ ပြီးအခုဆိုပိုပြီး ဦးဆောင်နေရတာပေါ့နော။ ဘာလို့လဲဆိုတော့ သူက‌ခြေထောက်တဖက်၊ ညာဖက်ခြေထောက်ပေါ့နော် ပြတ်သွားတဲ့အတွက်ကြောင့် ကျွန်မ မိသားစုစားဝတ်နေရေးလည်းဦးဆောင်နေရတယ်။ ပြီး ကလေးရဲ့ ကျန်းမာရေးသည်လည်ကောင်း ပညာရေးလည်းကောင်း ပေါ့နော်။ ကျောင်းဆိုလည်း တလတလစာရှာပေးနေရတယ်အတွက် ပိုပြီးရုန်းကန်နေရတာပေါ့နော်”လို့ မနီလာကပြောပါတယ်။

မနီလာရဲ့အမျိုးသားဟာ စစ်ကောင်စီထောင်ထားတဲ့မြေမြုပ် မိုင်းကြောင့် အခုနှစ် နှစ်ဦးပိုင်းမှာပဲ ခြေထောက်တဖက် ဆုံးရှုံးသွားခဲ့ရတာပါ။ ဒါကြောင့် မိသားစုတာဝန်ဟာ မနီလာရဲ့ ပခုံးပေါ် ရောက်လာပါတော့တယ်။

” အခက်ခဲကတော့ အများကြီးရှိပါတယ်။ ဘာလို့လဲဆိုတော့ စားဝတ်နေရေး အဆင်မပြေတဲ့အတွက်ကြောင့် ကြုံရာအလုပ်တွေကို မိုးရွာမရှောင် နေပူမရှောင် ကြုံရာအလုပ်ရှိသမျှ အစုံလုပ်ရတာပေါ့နော်။” လို့ မနီလာကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်‌တွေဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ထိခိုက်ခံစားရမှုနဲ့အတူ တာဝန်ယူရမှုတွေပါ အမျိုးသမီးတွေအတွက် ကပ်ပါလာတာပါ။ ကရင်နီပြည်နယ်ထဲမှာလည်း မိသားစု တာဝန်ကို ဦးဆောင်နေရတဲ့အမျိုးသမီး အများစု ရှိလာတယ် လို့ မြေ‌ပြင်ကွင်းဆင်နေတဲ့အမျိုးသမီးတဦးဆီက သိရပါတယ်။

“တော်လှန်းရေးပိုင်းမှာ ဆိုရင်ကျွန်မတို့က ခန့်မှန်းလို့မရဘူးလေ။ တခါလေတိုက်ပွဲ ကနေပြန်လာရင် ခြေ‌လက်မပါလာတာတွေလည်းကြုံတွေ့ရတာပေါ့။ တချို့မိသားစုမှာလည်းရှိတယ်။ ကိုယ်အင်္ဂါ ဆုံးရှုံသွားတာတွေလည်း ရှိတယ်။ နောက်ပြီးတော့ အသက်ပါဆုံးရှုံးသွားတဲ့ အမျိုးသားလည်းရှိတယ်ပေါ့နော်။ အဲ့ချိန်မျိုးဆို အမျိုးသမီးကပဲ ဒီအိမ်ထောင်ထဲမှာ ပြန်ပြီးဦးစီးနေရပြီး။ ပြန်ပြီးတော့စစရာရာ ပြန်ပြီးဦးစီးနေရတာပေါ့နော်” လို့ မြေပြင်ကွင်းဆင်းနေတဲ့ အမျိုးသမီးတဦးက ပြောပြပါတယ်။

စစ်အာဏာသိမ်းပြီး ၃နှစ်အတွင်း ကရင်နီပြည်နယ်မှာ မိသားစု အရေးတွေ ဦးဆောင်နေရတဲ့ အမျိုးသမီး တွေများလာပါတယ်။

ဒါ့အပြင် စစ်‌ရှောင်ကော်မတီမှာ လည်း အမျိုးသမီး ၃၀ ရာခိုင်နူန်းအထက် ပါဝင်လာ တဲ့အထဲမှာ ဒေါ်နီလာတဦးအပါအဝင်ပါ။

ဒေါ်နီလာဟာ အရင်ထက်အလုပ်ပိုကြိုးစားပြီး သူလိုကြုံတွေ့နေရတဲ့အမျိုးသမီးတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းရင်း နေ့ရက်တွေကို ခွန်အားအပြည့်နဲ့ ဖြတ်သန်းနေဆဲပါ….

spot_img
spot_img