spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

အုံတိုင်းကျေးရွာမှာ ကျောင်းထိုင်ဆရာတော်တစ်ပါး နဲ့ အမျိုးသားတစ်ဦးကို လက်နက်ကိုင်တစ်စုက သေနတ်ဖြင့် ပစ်သတ်ခဲ့

ကန္တာရဝတီတိုင်း (မ်)

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ နာဟီး‌ကျေးရွာအုပ်စု၊ အုံတိုင်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အုံတိုင်းကျောင်းထိုင်ဆရာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီဖြစ်စဥ်က ဖယ်ခုံမြို့နယ်အတွင်းမှာနေထိုင်တဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ ဘာသာရေးကိုင်းရှိုင်းမှုတွေကြား အထင်မြင်လွှဲမှားအောင် မှိုင်းတိုက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ချက်မှာ တစ်ပါတည်း သုံးသပ်ပြောဆိုထားပါတယ်။

သတ်ဖြတ်ခံရတဲ့ ကျောင်းထိုင်ဆရာတော်နဲ့ အမျိုးသားတစ်ဦးရဲ့ အချက်အလက်ကိုမေးမြန်းဖို့ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီကို ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ် ( PK Police) တပ်ဖွဲ့ဝင်တစ်ဦးကို မေးမြန်းရာမှာတော့ အခုလို ပြန်လည်ဖြေကြားပါတယ်။

“ကျနော်တို့ကတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ပေါ့နော။ ဒီထက်ပိုပြီးတော့ ကျနော်တို့ လောလောဆယ်ပြောလို့တော့ မရသေးဘူးပေါ့နော။ အဲ့ကြောင့်မို့လို့ ကျနော်တို့ စုံစမ်းစစ်ဆေးမှုတော့ပြုလုပ်နေတယ်ဆိုတဲ့ အရာတော့ ကျနော်တို့ဖြေလို့ရမယ်။ တခြားအရာတော့ ဖြေလို့မရဘူး”လို့ သူက ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်ကို ကရင်နီရဲတပ်ဖွဲ့ (KSP)၊ ဖယ်ခုံပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PK Police) ၊ ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ နဲ့ အမှုဖြစ်ပွားခဲ့တဲ့နာဟီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ စုပေါင်း စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူကို ဥပဒေအရ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖယ်ခုံPDF(၁၀၀၆ တပ်ရင်း) နဲ့ လုံးဝမသက်ဆိုင်ကြောင်း နဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) အဖွဲ့တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖယ်ခုံ PDF က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၁၀၀၆ တပ်ရင်းအနေနဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလမ်းခရီးမှာ တပ်ရင်း နဲ့ လူထုအကြား သဘောထားကွဲလွဲစေရန် သွေးခွဲလုပ်ဆောင်တဲ့ မည်သို့သော အကြောင်းရင်းတွေကိုမဆို လက်သင့်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားပြောဆိုထားပါတယ်။

spot_img
spot_img