ထျိုးမြာ
အခြေခံပညာကျောင်းသူကျောင်းသားများကို ကျောင်းထွက်စေနိုင်သည့် မည်သည့်ဖိအားမျှ မပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
“ကျောင်းသားကျောင်းသူကို ကျောင်းတက်မှန်အောင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို နားလည်သဘောပေါက်အောင် ပြုစုပြိုးထောင်ရမှာ ဖြစ်သလို ကျောင်းသားကျောင်းသူတွေကို ရိုက်ပြီးတော့ဆုံးမမှ သူကိုနာကျင်စေပြီးတော့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ နာကျင်စေပြီးမှ ဆုံးမတာမျိုးရှောင်ရှား ဖို့လိုတယ် ” ဟု ဝန်ကြီးက ပြောသည်။
ပြည်ထောင်စု ဝန်ကြီးက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာဌာနများနှင့် ကျောင်းဆရာ/မများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြား သွားခဲ့ခြင်းဖြစ်သည်။
ယခုပညာသင်နှစ်အပါအဝင် နှောင်နှစ်များတွင်လည်း ကျောင်းအပ်ထားပြီးသောကလေးများကို မည်သည့်အကြောင်းပြချက်ဖြင့်မှ ကျောင်းမထွက်ရန်အတွက် ဦးစားပေးဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးက ဆက်ပြောသည်။
များသောအားဖြင့် ကျောင်းထွက်သွားသောကလေးများ၏ အဓိက အကြောင်းရင်းကိုပြန်ကြည့်ပါက ကျောင်း၏သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအရ ကျောင်းခေါ်ချိန် ၇၅% မပြည့်သဖြင့် ကျောင်းထွက်သွားခြင်းကိုလည်းတွေ့ရကြောင်း ဝန်ကြီးကဆိုသည်။
ကျောင်းသူ/သားအများစုအနေဖြင့် အခြေခံမကောင်းခဲ့သည့်အတွက် စာမလိုက်နာခြင်း ၊ ဘာသာတွဲအမျိုးမျိုးခွဲရှိလာသည့်အတွက် မနိုင်ခြင်းတို့မှာလည်း အထက်တန်းကျောင်းသူ/သားများအတွက် ကျောင်းထွက်စေရန် ဖိအားတစ်ခု ဖြစ်စေသည်ဟု အထက်တန်းပြဆရာမတစ်ဦးက ပြောသည်။
“အရင်တုန်းက ကလေးတွေ ထွက်တယ်ဆိုတာက စာမလိုက်နိုင်တာက အဆိုးဆုံးပဲပေါ့။ ပြောရမယ်ဆိုရင် ဘာဖြစ်လဲဆို အောက်ခြေက မခိုင်ခဲ့ဘူးလေး။ ကိုးတန်းဆယ်တန်း ရောက်မှ သူတို့က Physic ၊ Chemistry တွေဘာတွေညာတွေ အတွဲတွေအမျိူးမျိုးဖြစ်တဲ့အခါကြတော့ သူတို့တွေ မနိုင်တော့တဲ့အခါကြတော့ သူတို့တွေစာ မနိုင်ကြတော့တဲ့အခါကြတော့တာ အဓိကပါပဲ။” ဟု ၎င်းကပြောသည်။