ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အွန်လိုင်းလောင်းကစားပြုလုပ်ခြင်းကို အရေးယူမယ့်အစီအမံ ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေး အစီအမံဟာ စတင်အကောင်အထည်ဖော်ပြီး နှစ်လအကြာမှာ အလုပ်ဖြစ်လာနေပြီလို့ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
တပ်ရင်းတပ်ဖွဲ့ တချို့မှာလည်း တပ်သားတွေ အွန်လိုင်း လောင်းကစားပြုလုပ်တာကို ပိုမိုတားမြစ်လာကြပြီး တပ်ဖွဲ့ဝင်တွေအနေနဲ့ နာခံမှု ရှိလာတယ်လို့ တပ်တွင်းရဲဘော်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
“အရမ်းထိရောက်တယ်ပဲ ပြောရမလား။ အရင်ကဆို ကိုယ့်ရဲဘော်တွေလည်း ဆော့တယ်လေ။ စည်းကမ်းချက်ထုတ်ပြီး နောက်ပိုင်း ဆော့တာမတွေ့တော့ဘူး။” လို့ KNDF တပ်ရင်း အမှတ် (၁၀)ရဲ့ ရဲမေတစ်ဦးက ပြောပြပါတယ်။
ကရင်နီပြည်က လူငယ်အများစုဟာ နယ်မြေဒေသအလိုက် တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော်လှန်နေကြတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ မူဝါဒအရ တပ်သားတွေ လောင်းကစားပြုလုပ်ခြင်းကို တားမြစ်ထားပါတယ်။ KNDF ရဲ့ မူဝါဒကတော့ IECရဲ့ စီမံချက်မထွက်ရှိခင် ကတည်းက ရှိနှင့်ပြီးသားဖြစ်ပါတယ်။
ဒါပေမဲ့ လိုက်နာဆောင်ရွက်မှုအားနည်းပြီး တပ်တွင်းမှာ အွန်လိုင်း လောင်းကစားဂိမ်းတွေ ဆော့နေသူတွေ ရှိနေမြဲဖြစ်တယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒေသခံပြည်သူတွေကလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ အွန်လိုင်းလောင်းကစားခြင်းကို ပြုလုပ်နေသူရှိတာကြောင့် တပ်တွင်း ထိရောက်စွာ အရေးယူနိုင်ရင် လောင်းကစားပြုလုပ်တဲ့ အရေအတွက် လျော့နည်းလာမှာဖြစ်တယ်လို့ ပြောဆိုမှုလည်း ရှိနေခဲ့ပါတယ်။
IEC စီမံချက်မထွက်ရှိလာခင်မှာ လောင်းကစားမူဝါဒနဲ့ ပတ်သတ်လို့ တပ်တွင်းအရေးယူမှုတွေ ရှိခဲ့တယ်လို့လည်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောပါတယ်။
“တပ်တွင်းအချုပ်ချတာတို့နဲ့ အရေးယူတာတွေ ရှိပါတယ်။” လို့ သူက ပြောပါတယ်။
ဒါပေမဲ့ IECရဲ့ တရားဥပဒေစိုးမိုးရေး စီမံချက်ပါ တားမြစ်ချက်တွေထွက်လာပြီးနောက်ပိုင်းမှာတော့ တပ်ရင်းတပ်ဖွဲ့ တွေအားလုံးအပေါ် ဒီစီမံချက် က သက်ရောက်မှုပိုရှိပြီး လိုက်နာဆောင်ရွက်မှုတွေ ပိုတွေ့လာရတယ်လို့ တပ်ရင်း (၁၀) ရဲမေတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့မှာ IEC က အွန်လိုင်းလောင်းကစားပြုလုပ်ခြင်းကို အရေးယူမယ့်အစီအမံ ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေး အစီအမံ ချမှတ်ပြီးတဲ့နောက်မှာ မြေပြင်အသိပညာပေးလုပ်ငန်းတွေကို ကြပ်မတ်ဆောင်ရွက်လာခဲ့တာပါ။
စက်တင်ဘာလ ၂၅ရက်နေ့ ကစပြီး စီမံချက်ပါ တားမြစ်ချက်တွေ ဖောက်ဖျက်ကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူမှု လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာပါ။
တပ်ရင်းတပ်ဖွဲ့တွေမှာလည်း အသိပညာပေးလုပ်ငန်းကို ပိုမိုလုပ်ဆောင်လာကြပြီး တိုးတက်မှုတွေလည်း တွေ့လာရတယ်လို့ KNDF တပ်ရင်း အမှတ် ၈ မှ ရဲဘော်တစ်ဦးက ပြောပြပါတယ်။
“စာတွေတော့ထုတ်တာပဲ။ လိုက်နာတဲ့သူရှိသလို ဆော့နေတဲ့သူတွေလည်းရှိသေးတယ်။ အရင်ကထက်တော့ နည်းသွားတယ်လို့ထင်တယ်။ ၁၀၀ ရာခိုင်နှုန်းမှာက ၄၀ ရာခိုင်နှုန်းပဲကျန်တယ်လို့ ထင်တယ်” လို့ သူက ပြောပါတယ်။
IEC ကပြောထားတဲ့ တရားဥပဒေစိုးမိုးရေး အစီအမံမှာ စလော့ဂိမ်း၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စတာတွေအပါအဝင် တခြားအွန်လိုင်းဂိမ်း ဆော့ကစားခြင်း ပါဝင်ပါတယ်။
အွန်လိုင်းလောင်းကစား ပြုလုပ်နေသူ အများစုကတော့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းကို ဆော့နေကြပြီး ကြွေးမြီးတင်တဲ့အထိ ဆော့ကစားနေကြသူတွေလည်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ မြေပြင်မှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေ များပြားနေတာကြောင့်လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) က တပ်ရင်းတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနကစပြီး ကန့်သတ်အရေးယူမှုကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားခဲ့ဖူးပါတယ်။
Starlink အင်တာနက်ဖွင့်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးကလည်း အွန်လိုင်းဂိမ်းလာဆော့တဲ့သူ မရှိတော့ဘူးလို့ ပြောပြပါတယ်။
“ပျောက်နေတယ်။ သတိမထားမိတာ နည်းနည်းတော့ကြာနေပြီ “ လို့ သူက ပြောပါတယ်။
ကရင်နီပြည်မှာ Starlink အင်တာနက်ကို စီးပွားရေး လုပ်ငန်းတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ အများဆုံး တပ်ဆင်ထားကြတာဖြစ်ပါတယ်။ starlink အင်တာနက်ဖွင့်ပြီး စီးပွားရေးလုပ်ကိုင်နေသူတွေအနေနဲ့ အွန်လိုင်းဂိမ်းဆော့သူတွေကို လက်မခံဖို့ IEC ကပြောဆိုထားပြီး သုံးစွဲသူရှိပါက တာဝန်ခံရမယ်လို့ ပြောဆိုထားတာလည်းရှိပါတယ်။
အွန်လိုင်းလောင်းကစား လုပ်ကြောင်း ပြစ်မှုထင်ရှားရင် လောင်းကစားဥပဒေပုဒ်မ ၁၉ (က)အရ ထောင်ဒဏ် အနည်းဆုံး ၆လ ကနေ အများဆုံး ၁နှစ်၊ သို့မဟုတ် ငွေဒဏ် အစရှိသဖြင့် ပြစ်ဒဏ်ချမှတ်ထားပါတယ်။ ဒါ့အပြင် အွန်လိုင်းလောင်းကစားပြုလုပ်သူကို ငွေချေးတာ ဒါမှမဟုတ် ငွေထောက်ပံ့ကြောင်း ထင်ရှားပါက လောင်းကစားဥပဒေပုဒ်မ ၂၀ (က) အရ ထောင်ဒဏ် အနည်းဆုံး ၁နှစ်ကနေ အများဆုံး ၃ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့လည်း IEC က အသိပေးထားပါတယ်။