မော်ဦးမြာ ရေးသားသည်။
နေပူပူ တောင်ယာခင်းထဲ တနေကုန် အလုပ်လုပ်ရင်း ညနေစောင်းမှ အိမ်ကို ပြန်လာတာတောင် ပါးပြင်ပေါ်က သနပ်ခါး ပါးကွက်ကြားလေး မပျက်မကွက်ရှိနေဆဲ ဖြစ်ပြီး မြင်သူတိုင်းကို ဖော်ရွေစွာ ပြုံးပြနေတဲ့ မော်စူးမယ်(နာမည်လွဲ) တစ်ယောက်ကို မြင်သူတိုင်းက ပျော်ရွှင်မှုတွေကို ရင်ဝယ်ထွေးပိုက်နေနိုင်သူလို့ပဲ မြင်ကြပါလိမ့်မယ်။
ဖြူဖွေးနေတဲ့ သွားလေးတွေပေါ်အောင် ပြုံးနေတတ်တဲ့ သူမကို ကြည့်တိုင်း နေ့စဉ်နဲ့အမျှ မျိုသိပ်ထားတဲ့ ရင်တွင်းခံစားချက်လေးတွေ ရှိနေတယ်လို့တောင် မထင်ရလောက်အောင်ပါပဲ။
သူမက အသက် ၁၉ နှစ် ရှိပါပြီ။ သူမကတော့ ၂၀၁၈ ခုနှစ်မှာ ဦးလေးတော်စပ်သူရဲ့ ဆက်သွယ်ပေးမှုကြောင့် အသက် ၄ဝ အရွယ် အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အိမ်ထောင်သည် ( လက်ရှိအမျိုးသား) ကို တကြိမ်တခါမျှ မြင်ဖူးခဲ့ခြင်း မရှိပဲ ဆွေမျိုးသားချင်းတွေရဲ့ ဆက်စပ်ပေးမှုနဲ့သာ ယူခဲ့ရကြောင်းကို သူမက ပြောပြပါတယ်။
“ကျမ မိဘနဲ့ သူ့မိဘနဲ့တောင် မသိကြဘူး။ ကျမယောကျာ်းက ဒီမှာ သူ့ ဦးလေးရှိတယ်ပေါ့နော သူ့ ဦးလေးက ဆက်သွယ်ပေးတာ။” လို့ သူမက အိမ်ထောင်ကျရတဲ့ အကြောင်းရင်းကို ပြောပြပါတယ်။
ကယားပြည်နယ်မှာဆိုရင် မော်စူးမယ် (နာမည်လွဲ)တို့လို မတွေ့မြင်ဖူးပဲ လူကြီးသူမတွေရဲ့ စောစီးစွာ အိမ်ထောင်ချပေးမှုက ယနေ့အထိ ကျေးလက်ဒေသတွေမှာ ရှိနေဆဲပါ။ အကြောင်းရင်းကတော့ စစ်ရှောင်နေရတာဟာ အသက်ကို ဖက်နဲ့ထုပ်ပြီး ရှင်သန်နေရတဲ့အတွက် ပညာသင်ကြားဖို့ဆိုတာ ဝေလာဝေး။ ဒီလို ပညာမသင်ရတဲ့ အမျိုးသမီးအများစုဟာ စောစီးစွာ အိမ်ထောင်ကျပြီး အဆင်ပြေနေသူတွေကတော့ ခပ်ရှားရှားပါပဲ။ အမျိုးသားဖြစ်သူကလည်း စစ်ဘေးရှောင်ရာမှ ကရင်နီဒုက္ခသည်စခန်းကို ရောက်သွားခဲ့သူလည်း ဖြစ်ပါတယ်။
သူမကတော့ အခုချိန်မှာ အကြောက်တရားတွေနဲ့ စိုးမိုးနေဆဲပါ။ စစ်ဘေးကြောက်ရ၊ အမျိုးသားကြောက်ရနဲ့ သူမမှာ ရှင်သန်နေရရှာပါတယ်။ အမျိုးသားဖြစ်သူမှာ အလုပ်လုပ်ဖို့ မကူညီတဲ့အပြင် အရက်သေစာ သောက်သုံးဖို့ ငွေတွေကို အမြဲ ပြန်တောင်းလေ့ရှိတဲ့အတွက် မပေးနိုင်တဲ့အခါတွေမှာ ကိုယ်ထိလက်ရောက် အကြမ်းဖက်လာမှာကို စိုးရိမ်တယ်လို့ သူမက ပြောပါတယ်။
“သူက အိမ်မှာနေပြီးတော့ စကားလည်း မပြောဘူးပေါ့ အရက်သောက်တယ် ဖဲသွားရိုက်တယ် အဲ့လိုမျိုးလုပ်တယ် တခြားကောင်မလေးတွေကို စကားသွားပြော သွားချိန်း တူတူသွား တူတူလာကြတော့ သူများတွေက ပြောပြလာတော့ ကျမက တမျိုးပြီးတမျိုး ပြန်တွေးမိတော့ ကျမ တအားနာတယ် နာလည်း ဘာမှ မပြောရဲဘူး တိတ်တိတ်လေးပဲ နေတယ် ကိုယ်က မိန်းကလေးဆို သည်းခံရမှာပဲ အဲ့လိုမျိုးပေါ့နော” လို့ သူမ လက်ရှိကြုံတွေ့နေရတာတွေကို ပါးပြင်ထက်က မျက်ရည်စလေးတွေကို သုတ်ရင်း လေးလံနေတဲ့ နုတ်ခမ်းတစ်စုံ ကြိုးစားဖွင့်ပြီး ပြောပြနေရှာပါတယ်။
သူမကတော့ ရှားတောမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲနေဆဲ ဖြစ်တဲ့ ဒေါလယ်ခူကျေးရွာမှာ နေထိုင်ပါတယ်။ ဒေါလယ်ခူကျေးရွာဟာဆိုရင် ရှားတောမြို့နယ်ထဲမှာ တည်ရှိပြီး ရှားတောမြို့နဲ့ ၅ မိုင်ခန့် ဝေးကွာပါတယ်။ ရွာထဲမှာ အိမ်ခြေ ၃ဝ ကျော်လောက်သာရှိပြီး အများအားဖြင့် ကျွန်းတိုင်ခြေတံရှည်အိမ်၊ ဝါးထရံ၊ ဝါးကြမ်းခင်း ကျဲကျဲနဲ့ တည်ဆောက်ပြီး နေထိုင်ကြတာပါ။
သူမနေထိုင်တဲ့ ဒေါလယ်ခူကျေးရွာဟာဆိုရင် ဖြတ်လေးဖြတ်မှာ စစ်ဘေးကို တိမ်းရှောင်သူများက စုပေါင်းပြီး လာရောက်နေထိုင်ကြတာ ဖြစ်ပါတယ်။
ကျေးရွာတည်ထောင်ထားတာ မကြာသေးတာ ဖြစ်တဲ့အတွက်လည်း ပြည်ထဲရေး အမည်မပေါက်သေးပါဘူး။ ပြည်ထဲရေး အမည်ပေါက် မဟုတ်တဲ့အတွက် အစိုးရရဲ့ ဒေသ ဖွံ့ဖြိုးရေး စီးမံကိန်းရေးဆွဲတဲ့အထဲမှာ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး စာသင်ကျောင်းများ မရှိတာတွေ၊ ကျန်းမာရေးဆေးပေးခန်းတွေနဲ့ ဝေးကွာနေကြရပါတယ်။
မော်စူးမယ်(နာမည်လွဲ)လို အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီးတွေရဲ့ နောက်ကွယ်မှာ စစ်ရဲ့ သံသရာနဲ့အတူ မငြိမ်းချမ်းမှုကြောင့် ဖြစ်ပေါ်လာတာတွေ များစွာ ရှိနေတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှာ မမီးမီးက သုံးသပ်ထားပါတယ်။
“အဓိက ကတော့ စစ်ပဋိပက္ခတွေ အတွင်းမှာ ခံခဲ့ရတဲ့ အတွက် လူ့ အခွင့်အရေး ချိုးဖောက်မှုတွေခံခဲ့ရတယ်။ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေခံခဲ့ရတယ်။ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရသလို ပညာရေး၊ ကျန်းမာရေး တွေကိုလက်လှမ်းမမှီခဲ့တာတွေ ရှိနေတယ်။ သူတို့ကို ပြန်လည်နေရာချထားပေးရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ပေးဖို့လိုအပ်သလို ပြန်လည်ရပ်တည်ထူထောင်နို်င်ရေးအတွက် အသက်မွေးဝမ်းကြောင်း အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ သူတို့ တွေဟာ စစ်ပဋိပက္ခရဲ့ ဆိုးကျိူးတွေကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရတဲ့ သူတွေရှိခဲ့သလို စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာများ ခံစားနေရတဲ့အတွက် စိတ်ဒဏ်ရာများကိုကုစားပေးတဲ့ အစီအစဉ်များလည်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။” လို့ မမီးမီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ထောင်ရှင် အမျိုးသမီး ၅ ဦးမှာ ၁ ဦးက အိမ်ထောင်ဖက်ရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်လို့ မြန်မာနိုင်ငံ လူနေမှုဘဝနဲ့ ကျန်းမာရေး စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ကမာ္ဘပေါ်မှာ ရှိတဲ့ အမျိုးသမီး ၃ဦးမှာ ၁ ဦးက အကြမ်းမှု၊ အဓ္ဓမပြုကျင့်မှု ခံနေရတယ်လို့ ကမာ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရားဝင် ထုတ်ပြန်ထားပါတယ်။ ကမာ္ဘ့လူဦးရေ သန်းခြောက်ထောင်မှာ တဝက်က အမျိုးသမီးဖြစ်တယ်လို့ ယူဆတွက်ချက်တာကြောင့် အကြမ်းဖက်ခံနေရတဲ့ အမျိုးသမီး အရေအတွက်ဟာ ခန့်မှန်းကိန်းဂဏန်းအားဖြင့် သန်းတထောင် ရှိနေပါတယ်။
“အခုတော့ ဖြစ်လား မဖြစ်လားတော့ မသိဘူး နောက်ကျရင်တော့ မပြောတတ်ဘူးပေါ့နော အဲ့ဒါကြောင့်မို့လို့ ကျမက သား၊ သမီး မယူရဲဘူး ခနနေကျရင် သား၊ သမီးရှိတဲ့အချိန်မှာ သူတခုခု သွားဖောက်ပြန်မှာ ကြောက်လို့ သား၊သမီး မယူရဲတာ။” လို့ သူမက အနာဂါတ်အတွက် ရင်သွေးလေးတွေ လိုချင်ခဲ့ပေမဲ့ အကြောက်တရားတွေ စိုးမိုးနေတဲ့အတွက် မျှော်လင့်ချက်မဲ့နေတဲ့ မျက်ဝန်းလေးတစ်စုံနဲ့ ပြောပြနေရှာပါတယ်။ သူမအနေဖြင့် ပတ်ဝန်းကျင်ရဲ့ “တခုလပ်၊တလင်ကွာ” လို့ အပြောခံရမှာကို ကြောက်နေရရှာပြန်ပါတယ်။
သူမ(မော်စူးမယ်) လိုပဲ ခံစားနေရတဲ့သူတွေ ပတ်ဝန်းကျင်မှာ မြောက်များစွာ ရှိနေပေမဲ့လည်း အကြောက်တရားတွေ လွှမ်းမိုးထားတဲ့အတွက် အပြင်ကို ထုတ်ပြောဖို့ စိုးရိမ် ကြောက်ရွံ့နေကြဆဲ ဖြစ်တယ်လို့ ဒေါလယ်ခူကျေးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ ဆရာမဒေါ်ဘယ်နဒဲတာက ပြောပါတယ်။
အမျိုးသမီးတွေရဲ့ ဘဝဟာ အမျိုးသားတွေလို လုံခြုံမှု မရှိတဲ့အတွက် စစ်ရဲ့ ပဠိပက္ခ နောက်ဆက်တွဲတွေမှာ စိုးရိမ်စရာတွေ များစွာရှိနေပြီး အမျိုးသမီးအရေး လုပ်ရှားဆောင်ရွက်သူများသာမက အာဏာရှိ အစိုးရတွေအနေနဲ့လည်း စစ်ရဲ့ ပဠိပက္ခအောက်မှာ ရှင်သန်ခဲ့ရတဲ့ အမျိုးသမီးတွေအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က သုံးသပ်ပြောဆိုသွားပါတယ်။
“ဒီအမျိုးသမီးတွေ ကိစ္စပေါ့နော နောက်ပြီးတော့မှ IDP ကိစ္စနဲ့ ပတ်သက်လာတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးမှာကတော့ အဓိက ပိုပြီးတော့ အောင်မြင်လာရင်တော့ သူတို့ရဲ့ ဘဝလုံခြုံရေးအတွက် ပိုပြီးတော့ ရရှိမယ်လို့ ကျတော်မြင်ပါတယ်။ ဒီအတွက်လည်း ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးကို တည်ဆောက်နေတဲ့ အစိုးရနဲ့ KNPP နှစ်ဖက်မှာလည်း ဒါတွေကိုလည်း ထည့်ပြီးတော့ စဉ်းစားသင့်တယ်ပေါ့လေ ” လို့ ဦးသဲရယ်က ပြောပါတယ်။
ကုလသမဂ္ဂဆုံးဖြတ်ချက်အမှတ် ၁၃၂၅ မှာဆိုရင် စစ်ပဋိပက္ခအတွင်းနှင့် ပဋိပက္ခလွန် ကာလ များတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ဆိုင်သော ကာကွယ်တားစီးခြင်း ၊ စီမံခန့်ခွဲခြင်းနှင့်ဖြေရှင်းခြင်း တွေမှာ အမျိုးသမီးတွေပါဝင်ဖို့ အတွက် လိုအပ်တယ်ဆိုတာကို သဘောတူထားကြပါတယ်။ ဒါပေမဲ့လို့ လက်ရှိမှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ နည်းပါးနေသေးတယ်လို့ အရပ်ဖက်အဖွဲ့ အစည်းတွေကလည်း သုံးသပ်ပြောဆိုထားပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျုးလွန်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ကိုယ့်ပတ်ဝန်းကျင် အပါအဝင် နေရာတော်တော်များများမှာ တွေ့ရတတ်ပေမဲ့လည်း မိသားစုအတွင်း စကားများ ရန်ဖြစ်တာ ရိုက်နက်နေတာဟာ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသူအတွက်ကလည်း သမားရိုးကျ မြင်တွေ့နေရတဲ့ ပုံစံတွေလိုတောင် ဖြစ်နေပါပြီ။
ဒါ့အပြင် လူတွေ မမြင်နိုင်ပဲ ခံရသူသာ သိနိုင်၊မြင်နိုင်တဲ့ အကြမ်းဖက်မှုတခုကလည်း ရှိနေပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့လည်း ခေါ်ကြပါတယ်။ မော်စူး(နာမည်လွဲ)တစ်ယောက်လည်း လူတွေမမြင်နိုင်တဲ့ အကြမ်းဖက်ကို နေ့စဉ်နဲ့ အမျှ ခံစားနေရရှာပါတယ်။ ဒီလိုအကြမ်းဖက်မှုဟာ ပတ်ဝန်းကျင်က မမြင်တွေ့နိုင်ပေမဲ့ ခံရတဲ့ သူအဖို့တော့ “ စိတ်ထောင်းတော့ ကိုယ်ကြေ ” ဆိုသလိုပဲ နေ့စဉ်နဲ့အမျှ စိတ်ထဲမှာ ခံစားနေရတဲ့အတွက် ကျန်းမာရေး ထိခိုက်လာတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလိုအကြမ်းဖက်မှုတွေ ခံနေရတိုင်း အများအားဖြင့် ခံနေရသူတွေဟာ အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်ရဲ့ပဠိပက္ခကို ကြံတွေ့ နေရ၊ ကြုံတွေ့ ခဲ့ရတဲ့ သူတွေမှာ ပိုပြီး အကြမ်းဖက်မှု ခံနေရပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်မှု သံသရာအောက်ကနေ လွတ်မြောက်နိုင်ဖို့အတွက် အာဏာပိုင်တွေအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ လိုလားပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်နေပါသေးတယ်။