ကန္တာရဝတီတိုင်း(မ်)
ယခုဧပြီလပထမ (၁၀) ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းတကြိမ် ဖြစ်လာနိုင်ပြီး အားကောင်းတဲ့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒက ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
အဲဒီမုန်တိုင်းငယ်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းမြဲထက် ပိုနိုင်ပြီး နေပြည်တော်၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။
ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်လာနိုင်ကာ မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၄၀% ရှိနေကြောင်း နဲ့ ဧပြီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၆၀% ဖြစ်လာနိုင်တယ်လို့ မိုလေဝသပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာမှာ ဖော်ပြထားပါတယ်။
“ဧပြီလ ၅ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ရောက်ရှိလာမည့် တောင်တရုတ်ပင်လယ်ဘက်မှ ထိုင်းပင်လယ်ကွေ့ကို ဖြတ်ကျော်ပြီးကပ္ပလီပင်လယ်ကို ဝင်ရောက်လာနိုင်သည့်(INVEST-97W)သည် သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းအဆင့်ရောက်လာနိုင်ကြောင်း၊ မြောက်ဘက်-ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းဆီသို့ ဆက်လက်ရွေ့နိုင်ကြောင်း ခန့်မှန်ထားတာ တွေ့ရပါတယ်” ဦးဝင်းနိုင်က ရေးသားထားပါတယ်။
တပတ်အတွင်းအပူချိန်မှာ ကရင်နီပြည်အတွင်း ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၁.၅ ဒီဂရီဆဲလ်စီးယပ် အထက်ပိုနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။