မူအက်စတာ
ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ပြီး ရွာထဲဝင်လာခဲ့သည့် KNPP တပ်သားများကြောင့် ဘောလခဲနေဒေသခံများ အချို့မှာ တိုက်ပွဲပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်အဖွဲ့ဝင် (KSPMN) ဦးရှုမောင်က ပြောသည်။
“သူတို့က လက်နက်တွေကိုယ်စီနဲ့ လက်နက်ကြီးတွေအပြည့်အစုံနဲ့ ဝင်လာတယ်လေ၊ ကျည်ဆံတွေလည်းအပြည့်ဆိုတော့ ဒေသခံအချို့တွေလည်း တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်နေကြတယ်၊ တချို့ကြတော့လည်း သူတို့သွားလာနေကြပဲ သွားမှာပေါ့ လို့ပြောကြတယ်” ဟု ဦးရှုမောင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း လက်နက်ကိုင်ဆောင်ထားသည့် KNPP တပ်သားများ ဘော်လခဲဒေသတွင်းရှိ ကျေးရွာများသို့ ခြေလျင် ခရီးဖြင့် ဖြတ်သန်းသွားကြခြင်းအပေါ် ဒေသခံအချို့မှ စိုးရိမ်ပူပန်ခဲ့ကြခြင်းဖြစ်သည်။ လွိုင်ကော် KNPP ဆက်ဆံရေးရုံးမှ တာဝန်ခံခူးညေးရယ်ကမူ ၎င်းတို့သွားလာနေသည်မှာ ထူးခြားမှုမရှိကြောင်း၊ ပုံမှန်အတိုင်းသာ လမ်းလျှောက်သွား လာနေခြင်းဖြစ်ပြီး ဒေသခံများအနေနှင့် စိုးရိမ်စရာမလိုကြောင်း ပြောသည်။
“အပစ်ခတ်ရပ်စဲရေး မတိုင်ခင်တုန်းက ကျနော်တို့နယ်မြေထဲမှာ အမြဲတမ်းသွားလာလှုပ်ရှားနေတယ်၊ အပစ်ခတ်ရပ်စဲရေး ယူပြီးနောက်ပိုင်း ကျနော်တို့ ပုံမှန်လှုပ်ရှားမှု မရှိခဲ့လို့ အခုမှပဲပြန်လှုပ်ရှားလာလို့ တမျိုးထင်ကောင်းထင်နိုင်တယ်ပေါ့နော ၊ ကျနော်တို့ ဘာရည်ရွယ်ချက်မှမဟုတ်ပါဘူး စစ်ရေးပြင်ဆင်တဲ့ လှုပ်ရှားမှု အကြောင်းလည်းမဟုတ်ပါဘူးလို့ အဲ့ဒါကျနော်ပြောချင်တယ်” ဟု ခူးညေးရယ်က ပြောသည်။
KNPP အနေဖြင့် ရှားတောဒေသတစ်ဝန်း၊ ဖားဆောင်း၊ ဖရူဆိုအနောက်ဘက်ခြမ်း၊ ဒီးမော့ဆိုတို့တွင်လည်း သွားလာလှုပ်ရှားမှုများ လုပ်နေကြောင်း ခူးညေးရယ်က ပြောသည်။
အစိုးရဖက်မှ KNPP တပ်သားများအား ကျေးရွာအတွင်းသို့ ဝင်ရောက်ခြင်းမပြုလုပ်ရန် ပြောဆိုမှုများ ရှိခဲ့သော်လည်း KNPP အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်သည့် နယ်မြေအတွင်း စိတ်ကြိုက်သွားလာခွင့်ရှိသည်ဟု ယုံကြည်ထားကြောင်း ခူးညေးရယ်က ဆိုသည်။