ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း( ၃ ) ထံ ၁၈ ရက် အတွင်း (ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၁၈ ရက်နေ့အထိ) ဘက်ပြောင်းခိုလှုံလာတဲ့ အတင်းအဓမ္မစုဆောင်းခံရသူ စစ်ကောင်စီတပ်သား ၁၄ ဦးရှိတယ်လို့ KNDF တပ်ရင်း( ၃ ) တပ်ရင်းမှူး ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက် စာမျက်နှာမှာ ဒီကနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်သားတွေအနေနဲ့ ဘက်ပြောင်းခိုလှုံလာဖို့ တိုက်တွန်းစာတွေကနေတဆင့် ခေါ်ယူနေတာရှိပြီး တစ်ရက်အတွင်း ၅ယောက် ဘက်ပြောင်းခိုလှုံလာတာရှိတယ်လို့ KNDF တပ်ရင်း( ၃ ) တပ်ရင်းမှူးက သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပြောဆိုထားပါတယ်။
“ဒီဖေဖော်ဝါရီလတစ်လတည်းကို KNDF တပ်ရင်း(၃) ဆီကိုဘက်ပြောင်းလာတာ ၁၄ ယောက်ထိရှိခဲ့ပြီ။ အပတ်စဥ် ၄ အပတ်စဥ် ၅ အပတ်စဥ် ၆ တွေဖြစ်ကြတယ်။ ရွှေးချယ်မှုမှန်ကန်လို့ ဂုဏ်ယူပါတယ်။ နွေးထွေးကြိုဆိုနေပြီး လေးစားပါတယ်။ ဘက်ပြောင်းရန် ခေါ်ယူခြင်းပို့စ်တင်လိုက်တဲ့ရက်မှာပဲ ၅ ယောက်ထပ်ထွက်လာတယ်။ ကြိုးစားခေါ်ထုတ်ပေးတယ်။ အားလုံးဘေးကင်းတယ်။” လို့ သူကဆိုပါတယ်။
ဘက်ပြောင်းခိုလှုံလာသူအများစုဟာ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မစုဆောင်းခံရပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့ လူငယ်တွေဖြစ်ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွင်းမှာ ဘက်ပြောင်းဖို့ကြိုးစားနေသူတွေကို တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေက နေ့စဉ် ခြိမ်းခြောက်ပြောဆိုမှုရှိတယ်လို့ KNDF တပ်ရင်း (၃) ထံ ခိုလှုံလာတဲ့ တပ်သားတစ်ဦးက အခုလို ပြောဆိုထားပါတယ်။
“ထွက်ပြေးမယ်ဆိုရင် သတ်ပစ်မယ်တို့ ပြောတာရှိတယ်။ မင်းတို့ကိုင်ထားတဲ့ မင်းတို့လက်နက်က မင်းတို့ကို ပြန်သတ်လိမ့်မယ်ဆိုပြီး အမျိုးမျိုးပြောတာရှိတယ်။” လို့ သူ က ဆိုပါတယ်။
အဆိုပါ တပ်သားဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်ဖို့ ဆန္ဒမရှိတော့တာကြောင့် ဘက်ပြောင်းလာရခြင်းဖြစ်သလို ဘက်ပြောင်းလာဖို့ကိုလည်း အချိန်ကြာ အဆင့်ဆင့် ကြိုးစားခဲ့ရတယ်လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်းမှာ KNDF ထံ ခိုလှုံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ နီးပါးရှိပြီး ဘက်ပြောင်းလာသူတွေအတွက် အာမခံချက် အပြည့်အဝပေးထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောဆိုထားပါတယ်။
စစ်ကောင်စီလက်အောက်မှာ ဆက်လက်မနေလိုသူ ၊ စစ်ကောင်စီရဲ့ အမိန့်အောက်မှာ မလုပ်ကိုင်ချင်တော့တဲ့ တပ်သားတွေကို တပ်ရင်းကနေ ကြိုဆိုနေမှာဖြစ်သလို အချိန်မရွေးချိတ်ဆက်လာနိုင်ပြီး မြေပြင်မှာ အကောင်းဆုံး ကြိုးစားဆောင်ရွက် ပေးသွားမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဘက်ပြောင်းခိုလှုံလာသူတွေရဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ အာမခံပေးမှာဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက တိုက်တွန်းပြောဆိုထားပါတယ်။