spot_imgspot_imgspot_imgspot_img
Thursday, November 14, 2024
spot_imgspot_imgspot_imgspot_img

“၁ လေးလုံး မြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်ပြီ”

Author

Date

Category

မော်ဦးမြာ/ ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ရဲ့ မြို့တော် လွိုင်ကော်မြို့သိမ်းတိုက်ပွဲကို ၁ လေးလုံးလို့ အမည်ပြုပြီး တော်လှန်ရေးတပ်တွေ စစ်ဆင်ရေးတစ်ရပ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ လုပ်ဆောင်ခဲ့ပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ၂၀၂၄ ခုနှစ်မှာတော့ ၁လေးလုံးစစ်ဆင်ရေး တစ်နှစ်တိတိ ပြည့်သွားပါပြီ။ မြို့သိမ်းစစ်ဆင်ရေးကြောင့် မြို့နေလူဦးရေ ၃ပုံ၂ပုံဟာ မြို့ကို စွန့်ခွာသွားကြရတာ ယနေ့အချိန်ထိပါ။

ဒ့ါအပြင် တစ်ထောင်နဲ့အထက်သော အဆောက်အဦးမျိုးစုံဟာလည်း ပျက်စီးသွားပါတယ်။ လွိုင်ကော်မြို့နယ်အတွင်းမှာတော့ အအောက်အဦးပျက်စီးမှု ၁၅၆၇ လုံး ရှိတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၁လေးလုံးရဲ့ တစ်နှစ်ပြည့်ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီကစပြီး လွိုင်ကော်မြို့နယ်အတွင်းမှာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့ညပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရပြီး ၁ လေးလုံး တစ်နှစ်ပြည့်တာကြောင့် အထူးဂရုစိုက်ကြဖို့ ပြည်သူလူထုတွေကတော့ လူမှုကွန်ယက်စာမျက်နှာတွေကနေ အချင်းချင်း သတိပေးပြောဆိုတာတွေကို တွေ့မြင်ရပါတယ်။

တစ်နှစ်ပြည့်သွားတဲ့ ၁ လေးလုံးစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦးက “၁လေးလုံး စစ်ဆင်ရေးက မြို့သိမ်းဖို့ဆိုရင်တော့ စစ်ဆင်ရေးက မအောင်မြင်ဘူးလို့ မြင်ပြီးတော့၊ အုပ်ချုပ်ရေးယန္တရား ရပ်အောင်ဆိုရင်တော့ အတိုင်းအတာတစ်ခုထိ စစ်ဆင်ရေးက အောင်မြင်သွားတယ်လို့မြင်တယ်။ ပြည်သူတွေကတော့ အတော်လေးကို ဒုက္ခရောက်သွားတယ်။ အိုးအိမ်ဆုံးရှုံးတာ စီးပွားရေး ၊ ၁လေးလုံးကနေ ခုချိန်ထိကို လွိုင်ကော်က လူတွေက ရပ်တည်ဖို့ ခက်နေဆဲပဲ။ ဒီ ၁လေးလုံး စစ်ဆင်ရေးရဲ့ နောက်ဆက်တွဲမှာ သူခိုးတွေတော့ ပိုပြီးချမ်းသာသွားတယ်။” လို့ ပြောပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေအနေနဲ့ လွိုင်ကော်မြို့ကို သိမ်းပိုက်နိုင်တဲ့အထိ ရည်ရွယ်ချက်မရှိခဲ့ဘဲနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားအောင်သာ ရည်ရွယ်ပြီး တစ်လေးလုံးစစ်ဆင်ရေးကို တိုက်ခိုက်ခဲ့တာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဌ ခွန်းဘီထူးက မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မြို့သိမ်းတိုက်ပွဲဟာ ခပ်ကြဲကြဲဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ တော်လှန်ရေးတပ်ဖက်က စစ်ဆင်ရေးလုပ်ဆောင်တာကို ရပ်တန့်ထားတယ်လို့ ဆိုနိုင်ပါတယ်။ ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်ကတော့ တပ်ဆုတ်တာမဟုတ်ဘဲ အခြေအနေအရ ရပ်တန့်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“လွိုင်ကော်အခြေအနေကတော့ လောလောဆယ်နားထားတယ်။” လို့ ဗိုလ်မှုးကြီးက ပြောပါတယ်။

ပုံမှန်လှုပ်ရှားမှုတွေဖြစ်တဲ့ စစ်ဆေးမေးမြန်းတာ၊ ကင်းလှည့်တွေကလွဲလို့ စစ်ကောင်စီတပ်ရဲ့ လတ်တလော မြို့တွင်းလှုပ်ရှားမှုအခြေအနေ ထူးခြားတာတွေတော့ မရှိဘူးလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆက်ပြောပါတယ်။

“မရှိဘူး။ စခန်းအနီးအနားတော့ လုံခြုံရေးယူမယ်လို့ သုံးသပ်ပါတယ်။”

တော်လှန်ရေးတပ်တွေကတော့ ယခင်ရယူထားတဲ့နေရာတွေကနေ တပ်ဆုတ်ထားတယ်လို့ သုံးသပ်ရမှာပါ။ ဒေသခံတွေကလည်း တော်လှန်ရေးတပ်တွေ သူတို့နေရာယူခဲ့တဲ့နေရာတွေကနေ ဆုတ်သွားတယ်လို့ ပြောကြပါတယ်။

“မြို့သိမ်းတိုက်ပွဲစပြီဆိုတော့ အကုန်လုံးက တက်ကြွနေကြတယ်။ လွိုင်ကော်ရဲ့ ဘယ်နေရာထိကို ကျနော်တို့ ရောက်နေပြီ၊ အဲ့မျိုးတွေကြားတော့ ကိုယ်တွေလည်း အားပိုရှိသွားတာပေါ့။ ဟာ.. လွိုင်ကော်မြို့ကြီးကို ငါတို့ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဝင်လိုက်တာပေါ့။ ဒါပေမယ့် တစ်ကယ်တမ်းလက်တွေ့မှာက အဲ့လောက်မလွယ်ခဲ့ဘူး” လို့ မြို့သိမ်းပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကြည်သာယာ၊ လောဓမ၊ ဒေါတမ၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀ စတဲ့ ရပ်ကွက်တွေမှာ မြို့ခံတွေ အများဆုံးပြန်လာနေထိုင်ကြပြီး ရှမ်းပိုင်း၊ ဒေါနိုးကူး၊ နမ့်ကွတ် စတဲ့ ရပ်ကွက်တွေမှာတော့ အနည်းအကျဉ်း ပြန်လာနေထိုင်ကြပါတယ်။ ပြန်လာနေထိုင်သူတွေကတော့ စစ်ကောင်စီထံ ထောက်ခံစာယူပြီး ဧည့်စာရင်းတိုင်ကြရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်ဘက်က အင်အားတွေ ဖြည့်တင်းနေသလို မြို့တွင်းမှာ နေထိုင်သူတွေကို တပ်စုဆောင်းတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာ၊ ဖုန်းစစ်ဆေးတာတွေကို ပုံမှန်လုပ်ဆောင်နေပြီး လူငယ်အရွယ်အမျိုးသားတွေကို ပိုမိုစစ်ဆေးမေးမြန်းတာတွေနဲ့ စွပ်စွဲပြောဆိုပြီး ဖမ်းဆီးတာတွေ ရှိတယ်လို့ သိရပါတယ်။ ပိုက်ဆံပေးနိုင်သူတွေကို ပြန်လွတ်ပေးတာတွေ ရှိပေမယ့် မတတ်နိုင်သူတွေကိုတော့ ဖမ်းဆီးထားတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ဖမ်းတာလည်း ရှိတယ်။ သူခိုးဆိုပြီးတော့ပေါ့။ လူငယ်ဆိုပိုဆိုးတယ်။ နေရာတကာပေ့ါ။ ပိုက်ဆံရှယ်ပေးနိုင်မှ ပြန်လွှတ်တာ” လို့ မြို့တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ မြို့တွင်းကို တင့်ကားတွေနဲ့လှည့်လေ့ရှိပြီး နည်းပညာတက္ကသိုလ်မှာတော့ ယခင်ကထက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဟတ်ယာဉ် မကြာခဏ ဆင်းသက်ပြီး လူအင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းတာကို ယခုရက်ပိုင်းတွေမှာ ပိုမိုလုပ်ဆောင်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဆိုးတဲ့လူက ဒီစစ်မြေပြင်(လွိုင်ကော်)မှာ ပို့ခံရတယ်ပေါ့နော်။ တိုက်ရမယ်၊ သေရင်သေပေါ့။ ဥပမာ တခုခုဖြစ်လို့ရှိရင် သူတို့ကိုလာခေါ်ထုတ်မဲ့သူက မရှိဘူးအဲ့လိုပေါ့။ အဖွဲ့တွေက ပေါင်းစုံနေတယ်။ ရဲရော၊ စစ်သားရော၊ ပြီးရင် ရခိုင်ဖက်က လာတဲ့သူတွေလည်း ရှိတယ်။” လို့ တပ်တွင်းသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးက လတ်တလော လွိုင်ကော်မြို့က စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအခြေအနေကို ပြောပြပါတယ်။

မြို့အစွန်ရပ်ကွက်တွေမှာ ပြန်လာနေထိုင်သူတွေထဲက အမျိုးသားတွေကို တစ်ရပ်ကွက်လျှင် ၅ ဦး စုဆောင်းပြီး ပြည်သူ့လုံခြုံရေးဖွဲ့စည်းဖို့ပြောဆိုတာတွေရှိပေမယ့် ဒေသခံတွေက လက်မခံတဲ့အတွက် လူမပေးတဲ့ရပ်ကွက်တွေမှာ ပြန်လာနေထိုင်ခွင့်မပြုနိုင်ဘူးလို့ ပြောဆိုတာတွေလည်းရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင်းမှာတော့ တိုက်ပွဲဖြစ်နေတဲ့အသံကို ရေကြီးရေလျှံမှု မဖြစ်ပွားခင်က မကြားရတော့ပေမယ့် တခါတရံ လက်နက်ငယ်ပစ်ခတ်သံတွေကို ကြားရတယ်လို့ မြို့တွင်းမှာ နေထိုင်သူတွေက ပြောပါတယ်။

နိုင်ငံတဝှမ်းရေကြီးရေလျှံမှု ဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့နဲ့ ပတ်ဝန်းကျင်ကို ထိုးစစ်ဆင်မှုပြုလုပ်ပြီး ပြန်လည်ထိန်းချုပ်ထားပါတယ်။ တော်လှန်ရေးတပ်တွေကလည်း ယခင်က ရယူထားတဲ့နေရာတော်တော်များများကနေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရေဘေးဖြစ်ပြီးနောက်ပိုင်း ကရင်နီမှာ စစ်ရေးငြိမ်သယောင်ယောင် ရှိလာတာကို တွေ့မြင်ရပါတယ်။ ဘောလခဲခရိုင်အတွင်းမှာတော့ တိုက်ပွဲတွေ ခပ်ကြဲကြဲဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေပါတယ်။

၁ လေးလုံးစစ်ဆင်ရေးဟာ စစ်ကောင်စီယန္တာရားကို ရပ်တန့်သွားစေနိုင်ပေမယ့် စစ်ရေးအရ မအောင်မြင်ဘူးလို့ ဆိုရမှာပါ။ စစ်ကောင်စီကတော့ ယန္တာရားပြန်လည် လည်ပတ်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေပြီး မြို့လုံခြုံရေးကိုလည်း ယခင်ကထက် ပိုမိုတိုးမြှင့်ထားပါတယ်။

spot_img
spot_img

Recent posts