ကန္တာရ၀တီတိုင်း(မ်)
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကရင်နီပြည်မှာ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ အခက်အခဲတွေရှိနေကြပါတယ်။
မြို့ပြနဲ့ အလှမ်းဝေးတဲ့ အရပ်ဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ကလေးငယ်အများစုဟာ ကာကွယ်ဆေးထိုးနှံဖို့ နောက်ကျနေကြတာကြောင့် မိဘတွေက ကလေးငယ်တွေအတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
“အရင်တစ်ခေါက်က ကာကွယ်ဆေး ပထမတစ်ခေါက်ကကျတော့ ကလေး ၆ လပြည့်မှထိုးပေးရတယ်ပေါ့နော။ အဲ့ချိန်မှ သွားနိုင်တယ်။ အဲ့ချိန်မှပိုက်ဆံရှိတယ် ။ အဲ့့ချိန်မှလည်းသွားနိုင် ကားကြုံလည်းရှိတော့ သွားနိုင်တော့ တော်တော်တော့ နောက်ကျနေပြီပေါ့နော။ အဲ့ခါကျတော့ ထိုးပြီးတော့ တစ်ပတ်နှစ်ပတ်လောက်လားမသိဘူး ကလေးကအပြင်းဖျားတယ်။ အပျင်းဖျားပြီးတော့မှ တစ်ခါထဲကို တန်းတက်သွားတယ်ပေါ့နော။ တက်သွားတော့ဆေးရုံဆေးခန်းပဲ မြန်မြန်ပြေးသွားရတာပေါ့။ အဲ့ခါကျတော့ပြန်စဥ်းစားကြည့်တာပေါ့နော။ အဲလိုမျိုး ကာကွယ်ဆေး တွေဘာတွေများ မထိုးမိလို့ အချိန်မီ မထိုးပေးနိုင်လို့ များ အဲလိုမျိုး အဖျားကြီးသွားတာလားလို့ပေါ့နော။ တစ်ခါတလေဆို အဲ့လိုမျိုး ပြန်ပြီးစဥ်းစားမိတယ်။” လို့ စစ်ရှောင်စခန်းမှာနေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။
ပုံမှန်အားဖြင့် မွေးကင်းစအရွယ်ကလေး သို့မဟုတ် ၁လခွဲ မှ ၂လ အရွယ်ကစပြီး တစ်နှစ်ကျော်အထိ ကာကွယ်ဆေး ၅ ကြိမ်ထိုးပေးရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျန်းမာရေး ဆရာ၀န်တစ်ဦးက ဆိုပါတယ်။
“၁လခွဲ အစောဆုံးပေါ့နော။ ဒါမှမဟုတ် ၂လလည်းရတယ်ပေါ့နော။ ဒီကဒ်ပြားမှာတော့ ၂လ၊ ၄လ ၊ ၆လ ပြီးရင် ၉လ ၊ ၁ နှစ်ခွဲပေါ့ အနည်းဆုံးတော့ ၅ကြိမ် လောက်ရှိမှာပေါ့နော။” လို့ အဆိုပါဆရာဝန်က ပြောပါတယ်။
အမျိုးသမီး ကလေးငယ် တွေကတော့ ၉နှစ်မှာတစ်ကြိမ်၊ ၁၀ နှစ်အရွယ်မှာတစ်ကြိမ်၊ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ၂ ကြိမ် ထိုးပေးရတယ်လို့ ဆရာ၀န်က ဆက်ပြောပါတယ်။
လက်ရှိအနေအထားအရ ကရင်နီပြည်က စစ်ဘေးရှောင်တွေကတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံလို့ရနိုင်တဲ့ လွိုင်ကော်မြို့ ကို သွားလာဖို့အတွက် လမ်းခရီးဝေးတာတွေအပြင် ကားခနဲ့ တခြားကုန်ကျစရိတ်တွေ အတွက်လည်း ငွေကြေးမတတ်နိုင်သူတွေ ရှိနေကြတယ်လို့ သိရပါတယ်။
“သွားရ လာရတာ ဝေးတော့ ကားငှားရတာနဲ့ဆိုတော့ ပိုက်ဆံက ကုန်တယ်လေး။ ပိုက်ဆံကုန်တော့ ကိုယ်ကလည်းစစ်ဘေးရှောင်ပဲဆိုတော့ ပိုက်ဆံက မရှိတာများတယ်ပေါ့နော။ အဲ့ခါကျတော့ တစ်ခါတစ်ခါ သွားဖို့ဆိုလို့ရှိရင် ပိုက်ဆံက နှစ်လတစ်ခါ အဲလိုမျိုး တစ်လ နှစ်လလောက်ကြိုစုပြီးမှ သွားရတယ်။ အဲ့မျိုးပေါ့နော ကားငှားဖို့။ ကားခလည်းနဲနဲတော့စျေးကြီးတယ်ပေါ့နော” လို့ မိခင်တစ်ဦးဖြစ်တဲ့ ဒေါ်မနွဲ့ က အခုလို ပြောပါတယ်။
တောတောင်ထဲ စစ်ရှောင်နေရတဲ့ ကရင်နီစစ်ရှောင်တွေဟာ ဆေးရုံဆေးခန်း ရှိတဲ့ မြို့ပြနဲ့ အလှမ်းဝေးနေကြတာကြောင့် မိမိတို့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ တစ်ခုမဟုတ် တစ်ခု အခက်တွေ့နေရတယ်လို့ ဒေါ်မနွဲ့ က ဆက်ပြောပါတယ်။
“ပိုက်ဆံတွေဘာတွေစုတယ်။ နောက် တစ်ခါတလေဆိုလို့ရှိရင်လည်း အဲ့မျိုး ကားမရှိတာနဲ့ တိုးတာများတယ်ပေါ့နော။ ပိုက်ဆံရှိတဲ့ချိန်ကျတော့လည်း ကားမရှိပြန်ဘူး။ နောက်ကားရှိတယ် လူကြုံရှိတယ် ပြောတဲ့ခါကျတော့လည်း ပိုက်ဆံက မရှိတဲ့ချိန်နဲ့ တိုးပြန်ရော။ အဲမျိုးကျတော့ မထိုးဖြစ်တာများတာ။ များသွားတယ်ပေါ့နော။ ပြီးတော့ကလေးကလည်း နောက်ကျသွားတယ်ပေါ့” လို့ ဒေါ်မနွဲ့က ပြောပါတယ်။
ဆေးပညာပိုင်းဆိုင်ရာ အရ ကလေးတွေကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေထိုးနှံပေးဖို့ လိုအပ်နေပြီး အချိန်မီကာကွယ်ဆေးမထိုးနှံ နိုင်ရင်တောင် နောက်ကျမှ ကာကွယ်ဆေးထိုးနှံတာကလည်း ရောဂါဖြစ်လာနိုင်တဲ့ ရာခိုင်နှုန်းပိုနည်းတယ်လို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။
“နောက်ကျတယ်ဆိုရင်တော့ ကျနော်တို့ကတော့ ဒီသူ့ရဲ့ပုံမှန်အသက်အရွယ်မှာ ရသင့်တဲ့ကလေး ဓာတ်ပိုင်း သူ့မှာဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ အတိုင်းအတာတစ်ခုထိတော့ ရှိတယ်။ ဒါပေမဲ့ ထိုးလိုက်ခြင်းအားဖြင့်တော့ နောက်ကျပြီဆိုပေမဲ့လည်း ဒီလက်ရှိ သူ့ရဲ့ အတိုင်းအတာတစ်ခုမှာ သူ့ရဲ့ ဒီရောဂါကို ခံနိုင်ရည်ရှိတဲ့ ခံနိုင်စွမ်း ၊ရောဂါခံနိုင်စွမ်း သူ့ရဲ့ကိုယ်ခံအားမှာ၀င်လာရင် သူ့ရဲ့ဒီကျန်တဲ့ အသက်အရွယ်ပိုင်းမှာ ဒီဟာရောဂါ ဖြစ်နိုင်ချေ ရာနှုန်းတွေ နည်းသွားတာကျတော့ လုံးလုံး မထိုးတာထက်စာရင်တော့ နောက်ကျပြီးထိုးလည်း ကျနော်တို့က ရာခိုင်နှုန်းကတော့ သူ့ရဲ့အတိုင်းအတာတစ်ခုထိတော့ ထိရောက်မှုပိုရှိတယ်ပေါ့။ လုံးလုံးမထိုးတဲ့ကလေးထက်စာရင်တော့” လို့ အဆိုပါဆရာဝန်က ပြောပါတယ်။
လက်ရှိမှာတော့ ကာကွယ်ဆေးကို လွိုင်ကော်မြို့ပေါ်မှာ သွားရောက်ထိုးနှံကြတာဖြစ်ပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လွိုင်ကော်မြို့ကို သွားရောက်နိုင်ဖို့ လည်း ခက်ခဲနေကြတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။