spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချဉ်းကပ်ခြင်း ( ၈ )

Author

Date

Category

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ကျင်းပရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

( ၁၄ – ၈ – ၂၀၂၀ ) ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ “ နိုင်ငံရေးပါတီဆိုင်ရာ သိကောင်းစရာ အချက်အလက်များ ” ထုတ်ပြန်လာရာ၌ လက်ရှိ ဆက်သွယ် ဆောင်ရွက်လျက်ရှိသော တရားဝင် နိုင်ငံရေးပါတီ ( ၉၂ ) ပါတီ ရှိကြောင်း တွေ့ရသည်။


ထိုပါတီများထဲမှ ပြည်နယ် ဒေသခံ တိုင်းရင်းသားပါတီ ( ၂ ) ပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP ) နှင့် ကယန်း အမျိုးသား ပါတီ ( KNP ) တို့ အပါအဝင် နိုင်ငံရေးပါတီ ( ၁၃ ) ပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကယားပြည်နယ်တွင် ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

၎င်းတို့မှာ –
၁။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP )
၂။ ကယန်း အမျိုးသား ပါတီ ( KNP )
၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ( NLD )
၄။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( USDP )
၅။ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ ( UBP )
၆။ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ ( UDP )
၇။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ( SNLD )
၈။ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ( PNO )
၉။ ကရင် အမျိုးသား ပါတီ ( KNP )
၁၀။ အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီ ( DNP )
၁၁။ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ( NDF )
၁၂။ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ ( PPMFW )
၁၃။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ( NUP ) တို့ ဖြစ်ကြသည်။


နိုင်ငံရေးပါတီ ( ၁၃ ) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပြင် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများပါ အမည်စာရင်း တင်သွင်းထားကြသည်ကို တွေ့မြင်ရသည်။

ကယားပြည်နယ်သည် နယ်မြေဧရိယာ ကျဉ်း၍ လူဦးရေ နည်းခြင်းကြောင့် ရွေးကောက်ပွဲအတွက် အားသာချက်များ ရှိသည်ဆိုပြီး ငွေကြေးကြွယ်ဝသည့် ပြည်မ အခြေစိုက် ပါတီကြီးများနှင့် တစ်သီးပုဂ္ဂလ တို့၏ အလွန် စိတ်ဝင်စားခြင်းကို ခံနေရပါသည်။


စိတ်ဝင်စားစရာ အကောင်းဆုံး ထူးခြားချက်မှာ ကယားပြည်နယ်ရှိ လွှတ်တော် မဲဆန္ဒနယ် အားလုံးပေါင်း ( ၃၄ ) နေရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ တစ်သောင်း ( ၁၀၀၀၀ ) မပြည့်မည့် လွှတ်တော် မဲဆန္ဒနယ် ( ၁၉ ) နေရာ ရှိနေခြင်းပင် ဖြစ်သည်။


ထို့ကြောင့် ကယားပြည်နယ်၏ စုစုပေါင်း မဲဆန္ဒနယ် ( ၃၄ ) နေရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီ ( ၁၁ ) ပါတီသာ ပါဝင် ယှဉ်ပြိုင်ခဲ့သော်လည်း ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီပေါင်း ( ၁၃ ) ပါတီအထိ ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများ ဖြစ်ကြသည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ ( ကယားပြည်နယ် ) ANDP ( Kayah State ) နှင့် ကယားလူမျိုးစု ဒီမိုကရေစီ ပါတီ ( KUDP ) တို့သည် ၂၀၁၇ ခုနှစ်တွင် ဖျက်သိမ်း၍ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ ( KySDP ) အဖြစ် တစ်ပါတီတည်း ပေါင်းစည်းခဲ့ခြင်းကြောင့်သာ ( ၁၄ ) ပါတီ မဖြစ်ခြင်း ဖြစ်သည်။


ယခု ဆောင်းပါး ရေးနေချိန် ( ၃၀ – ၈ – ၂၀၂၀ ) ရက်နေ့တွင် ကယားပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ ထုတ်ပြန်ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ ကယားပြည်နယ်၏ လွှတ်တော်အသီးသီး ( အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ( ၁၂ ) နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၇ ) နေရာနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ( ၁၅ ) နေရာ ) တို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၂၇၂ ) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဟု သိရပါသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ( ၂၂၅ ) ဦးထက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ( ၄၇ ) ဦး ပိုများလာပါသည်။


၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၂၅ ) ရက်နေ့တွင် ပထမအကြိမ် ကြေညာကပ်ထားသည့် အခြေခံ မဲဆန္ဒရှင်များ စာရင်းအရ ကယားပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ဦးရေမှာ ( ၂၀၄၆၇၇) ဦး ဖြစ်သည်။ မဲစာရင်းတွင် အမည် မပါသူများ၊ ကိုယ်ရေး အချက်အလက်များ မှားယွင်းနေသူများ၊ သေဆုံးပြီး မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသည့်အပြင် နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် မပါသူများပါရှိကြောင်း ကြားသိရပါသည်။

ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၏ ပြောကြားချက်အရ ရှမ်းပြည်နယ်တွင် နိုင်ငံသား စိစစ်ရေး ကတ်ပြား မရှိသူများနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် မဖော်ပြနိုင်သူများမှာ ခုနှစ်သိန်းကျော် ရှိသည်ဟု သိရသော်လည်း ကယားပြည်နယ်တွင် မည်မျှရှိကြောင်း မသိရပါ။


အခြေခံမဲဆန္ဒရှင် စာရင်း ဒုတိယအကြိမ်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အတွင်းတွင်မှ ( ၁၄ ) ရက်ကြာ ပြန်လည် နောက်ဆုံး ကပ်ထား ကြေညာမည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်သည် မဲဆန္ဒရှင် အရည်အချင်းများနှင့် ပြည့်စုံသော်လည်း မဲစာရင်းတွင် ပါဝင်မှသာ မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ မဲစာရင်းတွင် အမည် မပါသူများ အနေဖြင့် ပုံစံ ( ၃ ) ဖြင့်လည်းကောင်း၊ ကိုယ်ရေး အချက်အလက်များ မှားယွင်းနေသူများ အနေဖြင့် ပုံစံ ( ၄ – ဂ ) ဖြင့်လည်းကောင်း ပြင်ဆင် ဖြည့်စွက်နိုင်မှသာ တန်ဖိုးရှိလှသည့် မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးမည် ဖြစ်သည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် သိကောင်းစရာများ ဖော်ပြရာတွင် သြဂုတ်လ အတွင်း ထပ်ပြန်တလဲလဲ ဖော်ပြခြင်း ခံနေရသည်မှာ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ ( ဃ )၊ ပုဒ်မ ၅၉ ( ဆ )၊ ပုဒ်မ ၅၉ ( ဇ ) တို့ ဖြစ်ကြသည်။



သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဃ)၊ ပုဒ်မ ၅၉ (ဆ)၊ ပုဒ်မ ၅၉ ( ဇ ) တို့ကို ကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည် ဟု ဖော်ပြထားရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်းတို့ချမှတ်ထားသည့် စံ ( ၅ ) ချက်နှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို မည်မျှ ပွင့်လင်း လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးနိုင် / မပေးနိုင်ကို စောင့်ကြည့်ကြရမည် ဖြစ်ပေသည်။

ကျော်ထင်အောင်
( ၃၀ – ၈ – ၂၀၂၀ )
မှတ်ချက်။ ။ ပုံများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင် အင်တာနက်စာမျက်နှာ မှ ရယူထားပါသည်။

spot_img
spot_img
spot_img

Recent posts