ခွန်းကလိုင်းဖရီး
ကယန်းဒေသအတွင်းတွင် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး အပျက်ခံမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူးချုပ် ဦးအိုင်ဖရင်းက ပြောကြားလိုက်သည်။
“ ဒီငြိမ်းချမ်းရေးတည်တံ့ဖို့က ကျွန်တော်တို့ ကယန်းပြည်သစ်ပါတီအနေနဲ့ကလည်း အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးကို လုံးဝအပျက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းက နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အလယ်ကယန်းကျေးရွာအုပ်စု၊ ဆီးဘူးကျေးရွာ၌ ကျင်းပနေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဘော်လုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကယန်းပြည်သစ်ပါတီမှ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး မရယူခင်ကာလတွင် ကယန်းဒေသ၌ စစ်ဘေး စစ်ဒဏ်ကြောင့် တိုးတက်မှုနောက်ကျ ကျန်ခဲ့ရသကဲ့သို့ အလွန်ခေတ်နောက်ကျခဲ့ရကြောင်း ၎င်းက ဆိုသည်။
လက်ရှိကာလတွင်လည်း ဘော်လုံးကန်ရန်အတွက်မဆိုသာပဲ တောင်ယာသွားရန်အတွက်ပင် ခက်ခဲနေသည့်
ဒေသများရှိနေသေးကြောင်း ဆိုသည်။ ထို့ကြောင့် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရန်လိုအပ်ပြီး ၎င်းကဲ့သို့ ထိန်းသိန်းရာတွင် လူငယ်များအနေဖြင့် ဝိုင်းဝန်းထိမ်းသိမ်းရန်လိုအပ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။
ကယန်းပြည်သစ်ပါတီသည် စစ်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကြောင့် ၁၉၉၄ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့သည်။ ထိုသို့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့သည့်နောက်ပိုင်း ၁၉၉၉ ခုနှစ်မှစပြီး ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ဘော်လုံးပြိုင်အား စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဘော်လုံးပြိုင်ပွဲကျင်းပသည့်အပေါ် ဖွင့်ပွဲအခမ်းအနားတွင်
ပါဝင်တက်ရောက်ခဲ့သည့် ဖယ်ခုံမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ခွန်းအန်းဂျေလိုက “ကျွန်တော်တို့ ဒေသမှာ အဓိက အားကစားမြှင့်တင်ဖို့လိုအပ်တယ်။ နောက်တစ်ခုက လူငယ်တွေက ပျက်စီးနေတယ်လေ။
မူးယစ်ဆေးဝါးအပိုင်း လျှော့ချနိုင်အောင်လည်း ဒီအားကစားကဏ္ဍမှာ များများပါစေချင်တယ်။ “ ဟု ပြောသည်။
ထို့အပြင် အဆိုပါကဲ့သို့ ဘော်လုံးပြိုင်ပွဲပြုလုပ်ခြင်းအားဖြင့် ကယန်းပြည်သစ်ပါတီနှင့် ကယန်းလူထုများ ပိုမိုရင်းနှီးလာသကဲ့သို့ လူထုအချင်းချင်းလည်း ပိုမိုရင်းနှီးလာမည်ဖြစ်သည့်အတွက် ကယန်းပြည်သစ်ပါတီက ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးအတွက် ပိုမိုအထောက်အကူပြုနိုင်မည်ဟု ၎င်းကဆိုသည်။
ကယန်းပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် ငြိမ်းချမ်းရေးနှင့်
ဒေသဖွံ့ဖြိုးရေးဘော်လုံးပြိုင်ပွဲကို နှစ်စဉ်ပုံမှန်ကျင်းပနိုင်ရန်မျှော်လင့်ထားပြီး ဘော်လုံးကွင်းအသစ် တစ်ခုကိုလည်း ကယန်းပြည်သစ်ဌာနချုပ်တည်ရှိရာ ဆီးဘူးကျေးရွာတွင် ဖောက်လုပ်ထားပါသည်။
အပစ်အခတ်ရပ်စဲရေးကာလ (၂၄) နှစ်အတွင်း ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဘော်လုံးပြိုင်ပွဲကို ကယန်းပြည်သစ်ပါတီက ဦးဆောင်ပြီး (၁၃) ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ လက်ရှိ ကယန်းဒေသ၌ ကျင်းပနေသည့် ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ဘော်လုံးပြိုင်ပွဲတွင် အလယ်ကယန်းကျေးရွာအုပ်စု၊ သိကျိတ်ကျေးရွာအုပ်စုနှင့် ကယောကျေးရွာအုပ်စုတို့မှ ဘော်လုံးအသင်း (၃၂)သင်း ဝင်ရောက် ယှဉ်ပြိုင်နေကြပြီး (၁) လကျော် ကြာမြင့်မည်ဖြစ်သည်။