spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ထီးသော်ကူးကျေးရွာ ဘုရားကျောင်းကို စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုမှတ်တမ်းကို KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ကက်သလစ်ဘာသာဝင်တို့ရဲ့ ဘုရားရှိခိုးကျောင်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ ည (၈)နာရီအချိန်ခန့် မှာ စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးသွားတဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ဩဂုတ်လ (၁၈) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က ညနေ ၆ နာရီဝန်းကျင်အချိန်မှာ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်း ထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီးမှာ စစ်ကောင်စီက တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ ကျေးရွာအတွင်းက “သနားခြင်းမယ်တော်” ဘုရားကျောင်းကို တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါဘုရားကျောင်းကို လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကျဲခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီဖက်ကတော့ တိုက်ပွဲရှိနေတာ့ ဒီဖက်က သူတို့(တော်လှန်ရေးတပ်ဖွဲ့) ရှိလောက်တဲ့နေရာ လို့ သူတို့ (စကစ) ထင်ပြီးတော့ သူတို့ကျဲတာလည်းပါတယ်။ ၁၂၀ လည်း လာတာများတယ်ကော။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် “သနားခြင်းမယ်တော်” ဘုရားကျောင်းအပါအဝင် မူကြိုကျောင်းနဲ့ ဘုန်းကြီးနေအိမ် စတာတွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကရင်နီပြည်တွင်းမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံပေါင်း ၄၀ ပျက်စီးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းအရ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီမော့ဆို – ဖရူဆို ပြန်ထောင်စုလမ်းကြီးတစ်လျှောက်မှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်ပြီး မိဘပြည်သူများအနေနဲ့ အဆိုပါလမ်းကို ဖြတ်သန်းသွားခြင်းမပြုလုပ်ကြဖို့နဲ့ စစ်ရေးသတိရှိစွာသွားလာနေထိုင် ပေးကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts