ယောဒန် / CJ
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။
ဒေါ်ကားကူဖောဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းက စစ်ကောင်စီက ဒီမော့ဆိုမြို့ ၊ ဘုရားကုန်းရပ်ကွက်ထဲ စစ်ကြောင်းထိုးဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူမရဲ့နေရပ်ကို စွန့်ခွာတိမ်းရှောင်နေချိန်အတွင်း စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်မရင်ဆိုင်လိုတဲ့ ကြောက်စိတ်တစ်ခုတည်းနဲ့သာ ဖြတ်သန်းခဲ့တာပါ။
ဒေါ်ကားကူဖောကတော့ သူ့မိခင်အပါအဝင် သားသမီးတွေနဲ့အတူ အသက်ရှင် လွတ်မြောက်ခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ သက်မဲ့ခန္ဓာကိုယ်ကို တစ်လကြာမှ ပြန်ရခဲ့ပါတယ်။
“ကျမတို့ ရွာမှာကတည်းကဆို ၉ ရက် ၊ ၉ ညလုံး အဲ့ဒီ ပုန်းခိုကျင်းထဲမှာပဲ နေရတာပေါ့နော်။ ထွက်ပေါက်က ကိုယ့်အတွက် အရမ်းအခက်အခဲရှိတာပေါ့။ ၂၀၂၁ ခုနှစ် ၅ လပိုင်း ၂၉ ရက် အဲ့တစ်မနက်မှာ ထွက်မယ်လုပ်နေတဲ့အချိန်မှာ တပ်မ ၆၆ က ကျမတို့ ပုန်းခိုကျင်းမှာလာဝိုင်းပြီး ကျမရဲ့အမျိုးသားကို ဖမ်းဆီးခေါ်သွားတယ်ပေါ့နော်။ ကျမအမျိုးသားကို လက်ပြန်ကြိုးတုပ်တာပေါ့နော်။ ကြိုးတုပ်ပြီး ဖမ်းခေါ်နေတဲ့အချိန်မှာ ကျွန်မတို့ကို ကျောခိုင်းထားခိုင်းတာပေါ့။ မမြင်တွေ့ရဘူးပေါ့နော်။ အငယ်ဆုံးသမီးလေးက သူ့ရဲ့အဖေကို ဘယ်လိုကြိုးတွေနဲ့တုပ်လဲ၊ ဘယ်လိုဖမ်းခေါ်သွားလဲဆိုတာ အငယ်ဆုံးသမီးက တွေ့သွားတာပေါ့။ သူတို့က တိုင်းရင်းဆေးခန်းမှာ သတ်သွားတာပေါ့။ အဲ့မှာပဲ အလောင်းတွေ့ရတာပေါ့နော်။“လို့ ဒေါ်ကားခူဖောက အဲ့ဒီအဖြစ်အပျက်ကို ပြန်ပြောင်းပြောပြပါတယ်။
အခုတော့ ဒေါ်ကားကူဖောတို့ မိသားစုဟာ ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ တခြား ဘဝတူ စစ်ရှောင်တွေနဲ့ အတူ နေထိုင်နေပါတယ်။ ဒေါ်ကားကူဖောဟာ သားသမီး ၄ ယောက်ရှိပြီး အကြီးဆုံးသမီးက အထက်တန်း ကျောင်းပညာရေးမှာ ပညာသင်ယူနေပါတယ်။
အရင်က ခင်ပွန်းသည်နဲ့အတူ မျှပြီးထမ်းရတဲ့ မိသားစုတာဝန်ဟာ ဒေါ်ကားကူဖောတစ်ဦးတည်းရဲ့ ပခုံးပေါ် ကျရောက်လာပါတော့တယ်။
“အဲ့ချိန်မှာ ကျမက အမျိုးသားလည်း အဲ့လိုသတ်ဖြတ်ခံခဲ့ရတယ်ဆိုတော့ အမေလည်း လေဖြတ်တယ်ဆိုတော့ သူ့ရဲ့ဆေးဝါးခတွေ အမေရဲ့ ဝေယျာ၀စ္စတွေ၊ ကိုယ်ရဲ့သားသမီးတွေရဲ့ ဝတ်ဖို့ စားဖို့အတွက် အရမ်းခက်ခဲတာပေါ့နော်။ ကိုယ့်မှာ အမျိုးသားမရှိပေမဲ့လည်း ဒီကလေးရဲ့အခက်အခဲတွေကော ကိုယ့်ရဲ့မိဘအခက်ခဲတွေရော ကိုယ်ဖြေရှင်းနိုင်ဖို့ဆို ကိုယ့်ရဲ့အစွမ်းအစ ကိုယ်လုပ်နိုင်သလောက် ကိုယ်ရဲ့ ခွန်အားတွေ အဓိကတော့ ကိုယ့်ရဲ့ကျန်းမာရေး ကိုယ့်ရဲ့သားသမီးကျန်းမာရေး ဒီကလေးတွေရဲ့တစ်နေ့တာ အတွက် ကျမကတော့ ကိုယ့်ဟာကို ဖြေရှင်းတယ်။ ကြိုးစားပြီး ကျပန်းအလုပ်လုပ်ရတာပေါ့နော်။“လို့ ဒေါ်ကားခူဖောက ပြောပါတယ်။
အခုလို အခက်ခဲတွေနဲ့ ကြုံတွေ့နေရပေမဲ့ ဒေါ်ကားကူဖော တစ်ယောက်က မနားတမ်း ကြိုးစားနေပါတယ်။ သူ့အတွက် အရေးကြီးဆုံးက သူ့ သားသမီးတွေရဲ့ ပညာရေးနဲ့ ရှေ့ရေးကောင်းဖို့သာ သူ မျှော်လင့်နေပါတယ်။
“ကျမ လက်ရှိသားသမီးပေါ့နော်။ ဘယ်လိုဖြစ်စေချင်လဲဆို လိမ္မာတဲ့သားသမီးဖြစ်စေချင်တယ်။ ပညာတတ်တဲ့သားသမီး ဖြစ်စေချင်တာပေါ့နော်။ အခုက ကိုယ်ကိုယ်တိုင် သူများရဲ့ပတ်ဝန်းကျင်နဲ့ နေနေရတယ်ဆိုတာ သူများပတ်ဝန်းကျင်က သားသမီးတွေ၊ ပြည့်စုံတဲ့မိဘတွေ၊ ပြည့်စုံပေမဲ့လည်း ကိုယ့်ကလေးတွေကိုလည်း အစ်မ ဘယ်လိုပြည့်စုံအောင်ထားမလဲဆိုတာကို သူ့ရဲ့ပညာအရည်အချင်းကို အဓိက ပိုပြီးထားတာပေါ့နော်“လို့ သူက ဆိုပါတယ်။
ဒေါ်ကားကူဖောကတော့ ဖခင်မဲ့သွားတဲ့ သူ့ ကလေးရဲ့ပညာရေးအတွက် ကြိုးစားပြီး ရုန်းကန်ဖို့ အသင့်ရှိနေပါတယ်။