spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

“နယ်စပ်တနေရာက ဝမ်းစာအတွက် အပ်ချုပ်စက်ချုပ်တဲ့ စစ်ရှောင်အမျိုးသမီး”

Author

Date

Category

ကေးဒူ/ကန္တာရဝတီတိုင်း(မ်)

“လောလောဆယ် ဒီမှာလာနေတော့ နေ့တိုင်း အပ်ချုပ်တာပဲ ရှိတာပေါ့။ တခြားအလုပ်လည်း မရှိဘူးကော”

၄ ည အိပ်၊ ၅ ရက်ကြာတဲ့ ခြေလျင်လမ်းခရီးကိုဖြတ်ပြီး နယ်စပ်တနေရာမှာ ဝမ်းစာအတွက် စက်ချုပ်တဲ့အလုပ်ကို တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်နေတဲ့ အသက် (၃၀) ကျော်အရွယ် လူငယ်အမျိုးသမီး မော်ဒဲမြာ ဖြစ်ပါတယ်။

မွေးချင်းမောင်နှမ (၇) ယောက်ရှိတဲ့အထဲ သူမဟာ (၅) ယောက်မြောက်သမီးပါ။ သူမဟာ စက်ချုပ်တဲ့ အလုပ်ကို အလွန်ဝါသနာပါသူတဦးလည်း ဖြစ်ပါတယ်။ စစ်တပ်အာဏာမသိမ်းယူခင် ကာလမှာကတည်းက သူမဟာ စက်ချုပ်ပညာရပ်သင်တန်းကို (၆)လကြာ လေ့လာသင်ယူခဲ့ရပါတယ်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာကလေးမှာ နေထိုင်ပြီး မိဘအမွေဖြစ်တဲ့ လယ်ယာလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူတဦးပါ။ စက်ချုပ်သင်တန်းကနေ ဆင်းလာပြီး မိမိကျေးရွာမှာ တနိုင်တပိုင် ဝင်ငွေလေးရဖို့အတွက် စက်ချုပ်တဲ့အလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။

သူမဟာ သူမရဲ့ စက်ချုပ်တဲ့အလုပ်နဲ့ နေသားကျလုနီးပါးအချိန်မှာပဲ စစ်တပ်က
အာဏာသိမ်းယူလိုက်တာကြောင့် စက်ချုပ်တဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ ခက်ခဲလာပါတော့တယ်။

၂၀၂၃ မတ်လအတွင်းမှာ စစ်ကောင်စီတပ်က သူမနေထိုင်ရာ ကျေးရွာကလေးရှိရာကို စစ်ကြောင်းထိုးလာတာကြောင့် သူမဟာ နယ်စပ်တနေရာကို ထွက်ပြေးတိမ်းရှောင်ဖို့ အသက် ၇၀ ကျော်အရွယ်ရောက်နေပြီဖြစ်တဲ့မိဘတွေနဲ့အတူ အလွန်ဝေးကွာပြီး ကြမ်းတမ်းတဲ့ လမ်းခရီးကို စတင်ထွက်ခွာလာခဲ့ပါတယ်။

လမ်းခရီးမှာတော့ သူမတို့လိုပဲ မိမိနေထိုင်ရာ ကျေးရွာကလေးကို စွန့်ခွာပြီး လုံခြုံမယ်လို့ ထင်ရတဲ့ နယ်စပ်တနေရာကို ထွက်ပြေးတိမ်းရှောင်ဖို့ လူအင်အား (၆၀) ကျော်တို့နဲ့အတူ လိုက်ပါလာခဲ့ပါတယ်။

ညအိပ်ခရီးရှည် ဖြစ်တဲ့အတွက်မို့ ခရီးရှည်မထွက်ဖူးတဲ့ သူမအတွက်ကတော့ ကြီးမားတဲ့စိန်ခေါ်မှု တခုပါ။ ဒါ့အပြင် အသက်ရွယ်ကြီးပြီမို့ တောတောင်ထဲ ခြေလျင်ခရီးလျှောက်ဖို့ အားအင်မလုံလောက်တော့တဲ့ သူမရဲ့ မိဘနှစ်ပါးလုံးဟာလည်း သူမနဲအတူ လိုက်ပါလာတာကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရသလို၊ လမ်းခရီးမှာလည်း (၄) ည အိပ်ခဲ့ရပြီးမှ နယ်စပ်တနေရာမှာ ရှိတဲ့စစ်ရှောင်စခန်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

“အခက်အခဲကတော့ အများကြီးရှိတာပေါ့။ တခါမှလည်း အဝေးကြီးလမ်းမလျှောက်ဖူးဘူးကော။ မိဘတွေနဲ့အတူသွားတော့ သူတို့ကလည်း အသက်ကကြီးပြီဖြစ်တော့ အရမ်းဒုက္ခရောက်ရတယ်။ မောလည်း မောတယ်။ လမ်းခရီးက (၄)ညလောက် အိပ်ရတယ်”

စစ်ရှောင်စခန်းကို ရောက်ရှိလာတဲ့ အချိန်မှာတော့ သူမအတွက် အဲ့ဒီနေရာက အစိမ်းသက်သက် ဖြစ်နေပါတယ်။ သူမဘဝမှာ တခါမှ မတွေးမိခဲ့ဖူးတဲ့နေရာကို ရောက်ရှိနေတာပါ။

ဝမ်းစာအတွက် အလုပ်တခုကိုရဖို့ ကြိုးစားနေရင်း အဆိုပါ စစ်ရှောင်စခန်းမှာ (၂) လလောက် အချိန်ကုန်ခဲ့ရတာပါ။ သူမရဲ့ စိတ်အားထက်သန်မှုကြောင့် နောက်ပိုင်းမှာတော့ အဆက်အသွယ်တခုကို ရှာတွေ့ခဲ့ပြီး သူမ ဝါသနာပါတဲ့ စက်ချုပ်တဲ့အလုပ်ကို တဖန်ပြန်လည်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေး ထပ်ရလာခဲ့ပါတယ်။

“ဒီကို စစရောက်တော့ ဘာအလုပ်မှ မရှိဘူး။ ဒေါနိုးကူး စစ်ရှောင်စခန်းမှာ (၂)လလောက်နေခဲ့တယ်။ နောက်ပိုင်းမှ အမျိုးသမီးအဖွဲ့က ဆရာမတယောက်ကနေပြီးတော့ သူ့ရဲ့သူငယ်ချင်းက အပ်ချုပ်နိုင်တဲ့သူ ခေါ်ချင်တယ်ပြောမှ နန်းဆွယ်ကို ရောက်လာပြီးတော့ အဝတ်အစားတွေ ချုပ်ဖြစ်တာ”

သူမဟာ စက်ချုပ်တဲ့ ပညာရပ်ကို အဆင့်မြင့်တဲ့အထိ မလေ့လာခဲ့ရပါဘူး။ မိမိကျေးရွာမှာ နေထိုင်ခဲ့တဲ့ အချိန်မှာတုန်းက အဆင်ပြေသလိုပဲ ကြံဖန်ပြီး ကြိုးစားလုပ်ကိုင်ခဲ့တာပါ။ တနယ်တရပ်ကို ရောက်သွားတဲ့ အချိန်မှာတော့ အဆင့်မြင့်တဲ့ စက်ကိရိယာတွေနဲ့ အသုံးပြုရသလို၊ အမျိုးမျိုးသော ဒီဇိုင်းတွေကို တီထွင်ရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူမဟာ အင်တာနက်ကို အသုံးပြုပြီး လိုချင်တဲ့ ဒီဇိုင်းကို လေ့လာရပါတယ်။ သူမရဲ့ စတင်လုပ်ကိုင်ရတဲ့ အခက်အခဲကိုတော့ အခုလိုပဲ ပြောပြလာပါတယ်။

“ဝါသနာလည်းပါတယ်။ ဒီအပ်ချုပ်သင်တန်းကို အဆင့်မြင့်တဲ့ အဆုံးထိတော့ မတက်လိုက်ရဘူး။ ကြိုးစားပြီးတော့ လုပ်တယ်။ လိုင်းပေါ်မှာ ရှာပြီး လိုက်ချုပ်တယ်။ အခက်အခဲကတော့ ရှိတာပေါ့လေ။ ပညာမစုံတော့”

သူမဟာ တရက်ကို ပုံမှန်အားဖြင့် (၂) ထည်နှုန်းနဲ့ ချုပ်နေတာဖြစ်ပြီး မြန်မြန်ဆန်ဆန်လုပ်မယ် ဆိုရင် (၃)ထည်လောက်တော့ ရနိုင်တယ်လို့ ဆိုပါတယ်။

သူမရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ နေထိုင်နေကြတဲ့ သူတွေကတော့ သူမရဲ့ လက်ရာကို သဘောကျပြီး (Order)အော်ဒါမှာသူတွေရှိသလို အော်ဒါတွေမရှိတော့တဲ့ အချိန်မှာတော့
(ready made) အသင့်ချုပ်တွေကိုပဲ ခန့်မှန်းပြီး ချုပ်ထားရတယ်လို့ သူမက ပြောပါတယ်။

“တချို့ကျတော့ လာချုပ်ခိုင်းတယ်။ တချို့ကျတော့ လာမှာတယ်။ အပ်ထည်တွေ မရှိတော့ရင်တော့ (ready made) အသင့်ချုပ်တွေ ချုပ်ထားတယ်”

(ready made)တွေ ချုပ်ထားတဲ့ အဝတ်တွေကိုတော့ အင်တာနက်ပေါ်ကနေ တဆင့် ပြန်လည်ရောင်းချတာပါ။ တချို့ကိုတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ ကိုယ့်လူမျိုုး ကိုယ့်ရိုးရာကို မြတ်နိုးတဲ့သူတွေဆီကို ပို့ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

သူမဟာ များသောအားဖြင့် အမျိုးသမီးဝတ် ဝမ်းဆက်ကိုပဲ ဦးစားပေးချုပ်တာဖြစ်ပါတယ်။ အမျိုးသားဝတ်တွေကို အော်ဒါရှိမှသာလျှင် ချုပ်ပေးတာ များတယ်လို့ ဆိုပါတယ်။ အမျိုးသမီးဝတ် ဝမ်းဆက်တစုံကို ထိုင်းဘတ်ငွေ (၆၅၀)နဲ့ ရောင်းချပေးနေတာပါ။ ဒီဇိုင်းအမျိုးအစားအပေါ် မူတည်ပြီး ‌‌ဈေးနှုန်း ကွာခြားမှု ရှိပါတယ်။

သူမဟာ စက်ချုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပြည်တွင်း( ကရင်နီပြည်) ကနေတဆင့် ပြန်လည်မှာယူရတာပဲ ဖြစ်ပါတယ်။

လမ်းခရီးအခြေနေကြောင့် တပတ်ကနေ နှစ်ပတ်အထိ စောင့်ဆိုင်းမှ ကုန်ကြမ်းတွေက ရောက်လာနိုင်တာပါ။
လမ်းခရီး အခက်ခဲကြောင့် လိုအပ်နေတဲ့ကုန်ကြမ်းကို မှာယူတဲ့အချိန်မှာ သူမရဲ့တွေ့ကြုံရတဲ့ အခက်အခဲကို အခုလိုပဲ ပြောပြလာပါတယ်။

“ပြဿနာတွေရှိတယ်။ ပိတ်စတွေ မှာတဲ့အချိန်ဆို လမ်းခရီးတွေက အခက်အခဲရှိတော့ အရမ်းကြာတယ်။ အချိန်မီရောက်မလာနိုင်လို့ အခက်အခဲတွေ ရှိတာပေါ့”

ကိုယ်ပိုင်လုပ်ငန်းကို တည်ထောင်နိုင်ဖို့အတွက် သူမကြိုးစားခဲ့ဖူးပေမဲ့လည်း နေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရလို့ ဝင်ငွေမရှိတော့သလို၊ အိုမင်းနေပြီဖြစ်တဲ့ မိဘနှစ်ပါးကိုလည်း ကြည့်ရှုရသေးတာကြောင့် သူမမှာ ကိုယ်ပိုင်လုပ်ငန်းထောင်နိုင်ဖို့အတွက် အရင်းအနှီးမရှိခဲ့ပါဘူး။ စက်ချုပ်တဲ့ အလုပ်ကို အလွန်ဝါသနာပါတာကြောင့် သူမဟာ လက်မလျော့ပဲ အကူအညီတွေ လိုက်ရှာခဲ့ပါတယ်။ ၂၀၂၄ ဧပြီလမှာ အကူအညီတခုနဲ့ စက်တွေဝယ်ယူနိုင်ခဲ့ပြီး ရလာတဲ့ အကျိုးအမြတ်ကိုတော့ တူတူမျှဝေကြရတယ်လို့ သူမက အခုလိုပြောပါတယ်။

“ဒီအလုပ်ကိုက ဝါသနာပါတော့ သူများချုပ်တယ်ကြားတော့ လိုက်ဆက်သွယ်ကြည့်ပြီးမှ ချုပ်ဖြစ်တယ်။ ကိုယ်ပိုင်ထောင်မယ်ဆိုလည်း အရင်းက မရှိတော့ စက်တွေဘာတွေ မဝယ်နိုင်ဘူး။ ဒီဘက်မှာက စက်က ‌‌ဈေးလည်းကြီးတယ်။ သူများကို အကူအညီလိုက်တောင်းရတာပေါ့။ သူတို့အကူအညီနဲ့ ထောင်နိုင်ခဲ့ပြီးတော့မှ ချုပ်ပေးတယ်”

အကျိုးအမြတ်ကို မျှော်ကိုးတာမဟုတ်ပဲ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ကိုင်ရလို့ ပျော်ရွှင်မှုတွေရှိသလို ဝမ်းစာအတွက်လည်း အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

သူမဟာ နယ်စပ်တနေရာမှာ စက်ချုပ်တဲ့ အလုပ်ကိုလုပ်ကိုင်နေတာ တနှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။ သူမတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကို ၂၀၂၄ ခုနစ်မှာမှ စတင်လုပ်ကိုင်နိုင်တာဖြစ်လို့ အချိန်ကာလတိုတောင်းနေသေးတဲ့အပြင် ကိုယ့်ရဲ့ဇာတိမြေမဟုတ်တာကြောင့် လာရောက်အားပေးတဲ့ သူတွေနည်းနေသေးတယ်လို့ ဆိုပါတယ်။

ကိုယ့်ရိုးရာ ဝတ်စုံကို မြတ်နိုးပြီး လာရောက်အားပေးကြတဲ့ သူတွေကို ကျေးဇူးတင်သလို၊ အဝေးရောက်နေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သူမရဲ့ ရိုးရာဝတ်စုံလေးကို အားပေးကြဖို့ သူမ အခုလိုပဲ ပြောဆိုသွားပါတယ်။

“ဒီမှာ လာဖွင့်တာက မကြာသေးတော့ လူတွေက သိပ်မသိကြသေးဘူးပေါ့။ တချို့သိတဲ့သူတွေကျတော့ လာအားပေးကြတယ်။ အထည်တွေ လာအပ်ကြတယ်။ အားပေးတဲ့သူတွေကို ကျေးဇူးတင်တယ်။ နောက်ပိုင်းကျရင် ဒီထက်ပို တိုးတက်ချင်တယ်။ ကယားဝတ်စုံတွေ လိုချင်တာ ရှိရင် ကျမတို့ဆီကိုလာခဲ့ပါလို့ ဖိတ်ခေါ်ချင်တယ်”

spot_img
spot_img

Recent posts