ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ (မတ်လ ၁၁ ရက်) မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကိုကို စစ်ကောင်စီက ဗုံးအလုံးရေ ၁၅ လုံး ကြဲချခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
ယမန့်နေ့ ည ၇ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ နဲ့ ၃ကြိမ်လာရောက် ဗုံးကြဲခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက်သွားကြည့်တော့ ပစ်ချထားတဲ့ နေရာက ဗုံးအလုံးရေ ၁၅ လုံးလောက်ရှိတယ်။ ပွိုင့် 8 နဲ့ လည်း တစ်ခါပစ်သေးတယ်။ လူတစ်ယောက်တော့ ထိသွားတယ်။ ခြေထောက်မှာ ထိတယ်” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရှိသွားသူ အမျိုးသားဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
ကျန်ရှိနေတဲ့ ဗုံးအစတွေကို ကြည့်ပြီး လေယာဉ်ပေါ်က ကြဲချခဲ့တဲ့ ဗုံးသီးဟာ ပေါင် ၁၀၀ ဗုံးသီးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်နေအိမ် ၄ လုံး ပျက်စီးသွားသလို အိမ်မွေး တိရိစ္ဆာန်တချို့လည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ကြီးကြီးမားမားထိတာတော့ ၃ လုံး ၄ လုံးလောက်ထိတယ်။ ကျန်တဲ့ အိမ်တွေလည်း ထိတယ်။ ဒါပေမယ့် နည်းနည်းစီပဲ ထိတယ်” လို့ စစ်ရှောင် တစ်ဦးကပြောပါတယ်။
ဗုံးမကြဲခင် နေ့ခင်းပိုင်းမှာ စစ်ကောင်စီရဲ့ ကင်းထောက်ဒရုန်းတွေ၊ အဆက်မပြတ်လာရောက် ကင်းထောက်တာတွေ ရှိခဲ့တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက ကလေးတွေ ပညာသင်နေတဲ့ စာသင်ကျောင်းတစ်ကျောင်းကိုလည်း လာရောက် ဗုံးကြဲခဲ့တာ ရှိပါတယ်။