ကန္တာရဝတီတိုင်း(မ်)
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့ပြ ၁၁၁၁ စစ်ဆင်ရေးဟာ ၂၀၂၄ခုနှစ် မေလ ၁၁ ရက်နေ့မှာတော့ ၆လပြည့်သွားပြီဖြစ်ပါတယ်။ လွိုင်ကော်ဒေသခံအများစုဟာ နီးစပ်တဲ့ ရှမ်းပြည်နယ်ရဲ့ မြို့နယ်တွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။ ကာလကြာမြှင့်လာတာနဲ့အမျှ လွိုင်ကော်စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ ဘယ်လိုရှိပါသလဲ၊ စစ်ဆင်ရေး ၆ လပြည့်အပေါ် ဘာပြောဆိုချင်ပါသလဲ စတာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။
အသက် ၂၃နှစ်အရွယ် ဆရာတစ်ဦး
၁၁၁၁ စဖြစ်တော့ အရင်လိုပဲ အရမ်းမကြာပဲ အချိန် တစ်ခုရာက်ရင် ပြန်ရမယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ အဲ့ဒီ အချိန် တစ်ခုက မရောက်လာနိုင်သးဘူးပေါ့။ အခု ၁၁၁၁ ၆ လအချိန်ထိ ပြန်ကြည့်မယ်ဆိုရင် ငါတို့ ကရင်နီပြည် ငါတို့ တော်တော်များများ ပြန်စိုးမိုးထားလာနိုင်လာတာကိုတွေ့ရတယ်။ တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလည်း ငါတို့ဖက်က စတေးထားရတာတွေလည်း များတယ်ပ့ါ။ လူငယ်တွေရဲ့အသက်တွေ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ဘ၀တွေပေါ့ အများကြီးပဲ။ ဒီ စတးထားတာတွေလည်း တစ်နေ့ ရောင်နီသန်းတဲ့ချိန် နောင်လာနောင်သားတွေ ကောင်းစားဖို့အတွက်ပဲလို့ မှတ်ယူလိုက်တယ်။ ငါတို့တွေ လွတ်လွတ်လပ်လပ်နေရဖို့ ဖိနှိပ်ချုပ်ချယ်မှုအောက် မှာ မနေရဖို့အတွက်တွေပဲပေါ့။ နောက်ပြီးတော့ ဒုက္ခအမျိုးမျိုးရောက်နေကြတဲ့ စစ်ရှောင်တွကိုလည်း ငါတို့ ရောင်နီသန်းတဲ့ အချိန်ထိ ဆက်လက် အားတင်းထားကြရအာင်လို့ ပြောချင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေကိုတော့ ငါတို့ မလုပ်နိုင်တာတွေ အများအတွက် ကိုယ်ကျိုးစွန့် လုပ်ပေးကြတော့ သူတို့တွေအတွက် တကယ် အများကြီး ဂုဏ်ယူပါတယ်။ ဆက်အားတင်း ထားကြပါ။ တော်လှန်ရေးသမားတွေလည်း
တော်လှန်ရေး သမား တာ၀န်အလျောက် ပြည်သူတွေလဲပြည်သူ့ တာ၀န်အလျာက် ဆက်လက် လုပ်သွားကြရအောင်လို့ ပြောချင်ပါတယ်။
အသက် ၃၀ အရွယ် အိမ်ထောင်သည်အမျိုးသားတစ်ဦး
၆လ တောင် ပြည့်တော့မှာမို့ ပြည်သူတွေက ခက်ခဲနေကြပါပြီး။ တစ်ဖက်မှာလည်း အသက်ကို ရင်းပြီး တိုက်နေရတယ် ဆိုတာ သိပေမဲ့ ပွင့်လင်းမြင်သာတဲ့ ထုတ်ပြန်ချက်မျိူး ကို ကျနော်တို့ သိရရင် ပိုကောင်းမယ်။ ဥပမာ ဘယ် လ လောက် ပြန်ဝင်ရမယ် ။ စစ်ရေးက ခန့်မှန်းလို့ မရ ပေမဲ့ ၆ လ ကြာ တဲ့ အထိ တောင့်ခံခဲ့တာမို့ အခြေအနေ အချို့ ကိုသိချင်တယ် ။ ဘယ်လို ပြန်လည်ထူထောင် ကြမလဲ ဆိုတာမျိုးကောပေါ့ ။ အနည်းဆုံးတော့ ပြည်သူကို ဘာကြောင့် မလာသင့်ကြောင်းကို သေသေချာချာလေး ပြောပြစေချင်တယ်။ သူတို့က အသက်တွေရင်းရ သလို ပြည်သူတွေကလည်း အိုးအိမ်တွေ စီးပွားရေးတွေ ရင်း ကြ သူချင်း မို့ ပြည်သူ အပေါ်လည်း အားပေး နှစ်သိမ့် တဲ့ စကားမျိုး ပြောကြားစေချင်တယ်။
အသက် ၇၀ အရွယ် ဈေးသည်အမျိုးသမီးတစ်ဦး
သူများမြို့၊ ရွာမှာ ဒုက္ခတွေရောက် ၊ အိမ်နောက် ကလည်း ပြောင် ရှေ့မှာလည်း ရှာစားမရ ။ ပြန်ချင်လှပါပြီကွယ် ။ ပြောင်နေတဲ့ ခြံလေးမှာ ပဲ ငုတ်တုတ်သွား ထိုင် ချင်တော့တယ်။ ဒီမှာက အိမ်စရိတ်စားစရိတ် အရမ်းကုန်တယ် ဟိုမှာဆို အိမ်လ ခ ပေးစရာလိုဘူးလေ ။ ၆လတောင်ကြာပြီဆိုတော့ ပြန်ချင်ပြီ ဘုန်းကြီးကျောင်းမှာနေရတာ စားစရိတ် နေစရိတ်မပူရပေမဲ့ လူများတော့ စိတ် ရှုပ်သလို ပြဿနာတွေလည်းများတယ်လေး ။ တိုက်ပွဲတွေလည်း မရှိစေ ချင်တော့ပါဘူး ။ အိမ်လည်း အဖောက်ခံရတာနဲ့ ကုန်ပြီထင်တာပါပဲ ။ အေးအေးချမ်းချမ်းလေးပဲ ပြန်နေချင်တော့တယ် ။
စစ်ရှောင်အမျိုးသမီးတစ်ဦး
‘’ပြည်သူတွေ လည်း တကယ် ကို အခက်ခဲတွေ့နေရပါပြီ။ သူများမြို့မှာလည်း အတော်လေးကို မျက်နှာငယ်ရတယ် ။ ကိုယ့်ပြည်သူအတွက်လည်း စဥ်းစားပေးကြပါလို့ ပဲတောင်းဆိုချင်ပါတယ် ။
တောင်ကြီးမြို့ ရောက် လွိုင်ကော်လုပ်ငန်းရှင်တစ်ဦး
ပြန်တော့ မပြန်သေးပါဘူး။ ဒီမှာ ဆိုင်ခန်းတွေ ငှားထားတော့ တစ်နှစ် နှစ်နှစ်လောက်တော့ run ကြည့်ရမှာပေ့ါ ။ မြို့ထဲမှာတော့ တိုက်ပွဲတွေ မဖြစ်စေချင်ခဲ့ဘူးလေး ဒါပေမဲ့ တော်လှန်ရေးဆိုတော့ ဒီလိုပဲ လာမှာပေ့ါ ။ ခုတော့ ၆လတောင်ကြာခဲ့ပြီမို့ ပြည်သူတွေ လည်း ငြိမ်းချမ်းချင်နေပါပြီ။ ချမယ် ဆိုလည်း တပ် နေရာတွေကို အဓိက ချစေချင်တယ် ။ ဒီလိုမှ မဟုတ်လည်း သူခိုးတွေကို သေသေချာချာ ကြပ်မတ်စေချင်တယ်။
စစ်ရှောင်အမျိုးသားတစ်ဦး
မြို့ကို သိမ်းနိုင်ခဲ့ပြီလား ၊ မသိမ်းနိုင်ခဲ့ရင်တော့လည်း ပြည်သူတွေကို ပြန်ပေးဝင်စေချင်တယ်ဗျာ ။ ဒီ၆ လအတွင်းမှာ စီးပွားရေး က ဘာမှကို လုပ်မရအောင် မွဲသွားပြီ။ အိမ်ပြန်ချင်တယ် ။