spot_imgspot_imgspot_imgspot_img
Tuesday, March 11, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးဒေသကို ကုန်ကူးသန်းရောင်းဝယ်နေတဲ့လမ်း အသုံးမပြုဖို့ IEC ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ကုန်ကူးသန်းရောင်းဝယ်သွားလာနေတဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေကို ၂၀၂၅ခုနှစ်၊ မတ်လ ၄ ရက်နေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။

ဘောလခဲမြို့နယ်အတွင်းမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး ခရီးသွားလာနေတဲ့ ပြည်သူလူထုတွေကို ထိခိုက်လာနိုင်တာကြောင့် အများပြည်သူ လုံခြုံရေးအတွက် ပိတ်ရခြင်း ဖြစ်တယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ပြည်သူလူထုရဲ့ လုံခြုံရေးကို ရှေးရှုပြီး အမိန့်တစ်စုံတစ်ရာကို ပြန်လည် မထုတ်ပြန်ချိန်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ ဘောလခဲစစ်ကောင်စီတပ်က အပြင်ထွက်ပြီး စစ်ရေးလှုပ်ရှားမှုရှိလို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတာပါ။ နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲ ဖြစ်နေတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ထိတွေ့တိုက်ပွဲတွေက အချိန်မရွေးဖြစ်နိုင်တာအပြင် စစ်ကောင်စီတပ်ဖက်က နန်းဖဲတဝိုက် လက်နက်ကြီးတွေ ပစ်ခတ်မှုရှိလို့ အများပြည်သူလုံခြုံရေးကို စိုးရိမ်တဲ့အတွက် ခရီးသွားလာတာတွေကို ခေတ္တပိတ်ထားတာဖြစ်တယ်။ လောလောဆယ် အဲ့ဒီဒေသတဝိုက်မှာ ထိတွေ့တိုက်ပွဲနဲ့ စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ခတ်မှုတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ကြိုကြား ရှိနေတာကြောင့်မို့လို့ လူထုတွေကို ထိခိုက်လာနိုင်ပါတယ်။”လို့ ခူးပလုရယ်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနဲ့ အလှမ်းဝေးတဲ့ လူထုရှိရာနေရာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီး ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တာကြောင့် လုံခြုံရေးသတိရှိကြဖို့နဲ့ မလိုအပ်ဘဲ ခရီးသွားလာမှု မပြုလုပ်ကြဖို့ ခူးပလုရယ်က တိုက်တွန်းပြောဆိုထားပါတယ်။

“သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်‌ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးဆိုင်ရာ သတိပေးထုတ်ပြန်ချက်တွေကို အစဉ်နားစွင့် သတိပြုပြီး လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်”လို့ ခူးပလုရယ်က ဆက်ပြောပါတယ်။

လတ်တလောမှာလည်း စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် မိဘပြည်သူတွေ‌အနေနဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြဖို့ နဲ့ မပေါ့ဆကြဖို့ကို ဘောလခဲ PDF တာဝန်ရှိသူ တစ်ဦး လည်း အခုလို အသိပေးပြောဆိုပါတယ်။

“မပေါ့ဆစေချင်ဘူး။ မိဘပြည်သူတွေကို အခုစစ်ရေးအခြေအနေက တဖက်နဲ့တဖက် တင်းမာလျက်ရှိနေလို့။ လေကြောင်းရန်အတွက် ကြိုတင်ကာကွယ်ဖို့ ပြုလုပ်ထားကြဖို့ အထူးသတိပြုဖို့ မှာချင်တယ်။”လို့ ဘောလခဲ PDF ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

IEC ရဲ့ ထုတ်ပြန်ချက်မှာ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညပိုင်းက မော်ချီးဒေသကို ကုန်ကူးသန်းသွားလာတဲ့ လမ်းမကြီးဘေးတစ်နေရာမှာ ဖွင့်ထားတဲ့ ထမင်းဆိုင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသမီး (၂) ဦးသေဆုံးကာ (၂) ဦးထိခိုက်ဒဏ်ရာရရှိတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts