ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ရာသီအလိုက် ဝါးပင်တွေကို ခုတ်ယူထားပြီး တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု လုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းမရှိတဲ့ စစ်ဘေးရှောင်စခန်းက အသက် ၅၀ကနေ ၇၀ အရွယ်အထိ သက်ကြီးရွယ်အို အများစုက အိမ်မှာနေထိုင်ရင်း စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက ဝင်ငွေရအောင် အိမ်တွင်းလက်မှုလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာကြတာပါ။
“အိမ်မှာ နေရင် အလုပ်ကလည်း မရှိဆိုတော့ ရှိတဲ့ အလုပ်၊ တတ်တဲ့ အလုပ်ကို လုပ်ရတာပေါ့” လို့ အသက် (၆၀) အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ ဖရူဆိုမြို့နယ်က အင်တော ၊ ဝယ်ဒူလျား စစ်ရှောင်စခန်းမှာ နေထိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ အခုလို တစ်ပိုင်တစ်နိုင် အိမ်တွင်းလက်မှု လုပ်ငန်းအတွက် နှီးဝါးပင်ကို အသုံးပြုကြပြီး နောက်လွယ်ပလိုင်း၊ ဆန်ကော ၊ ဖျာ၊ ခြင်းတောင်း၊ စပါးထည့်တဲ့ စပါးကျီတောင်းကြီးတွေကို ရက်လုပ်ကြပါတယ်။ လက်မှုပစ္စည်းတွေကို မှာယူသူရှိပါကလည်း ပို့ဆောင်ရောင်းချပေးတာလည်း ရှိပါတယ်။
နှီးဝါး ရှားပါးလာသလို ဝါးဝယ်ယူရတာလည်း ပြီးခဲ့တဲ့နှစ်ထက် စျေးပိုပေးရတဲ့အပြင် သယ်ယူစရိတ်လည်း ရှိတာကြောင့် ရက်လုပ်ထားတဲ့ လက်မှုပစ္စည်းတချို့ကတော့ ဈေးပိုပေးရတယ်လို့ ဆိုပါတယ်။ ပလိုင်း၊ ဖျာ တခုပြီးစီးဖို့ နှစ်ရက် သို့မဟုတ် သုံးရက် အချိန်ယူပြီး ရက်လုပ်ရပါတယ်။
လက်ရှိမှာ စပါးထည့် စပါးကျီတောင်းကြီးကို မှာယူသူများပြားနေပြီး သီးနှံရိတ်သိမ်းကာလဖြစ်တာကြောင့် ရိတ်သိမ်းထားတဲ့ ဆန်စပါး၊ ပြေင်းကောက်၊ မြေပဲ ထည့်သိမ်းထားဖို့ပဲ ဖြစ်ပါတယ်။
လက်မှုပစ္စည်းတွေအနေနဲ့ အမျိုးအစားလိုက် စျေးနှုန်း ကွာခြားတာရှိပါတယ်။ နောက်လွယ်ပလိုင်းတစ်လုံးကို (၆၀၀၀) ကျပ်၊ ဖျာ (အသေး၊ အလတ်၊ အကြီး) အရွယ်အစားပေါ် မူတည်ပြီး အသေးဆုံးက (၃၀၀၀) ကျပ်၊ ဆန်ကော (၁၅၀၀၀) ကျပ်၊ စပါးကျီတောင်းကြီး (၆၀၀၀၀) ကျပ် စသဖြင့် ဈေးနှုန်းအသီးသီး ရှိပါတယ်။