spot_imgspot_imgspot_imgspot_img
Monday, February 24, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေရာကွက်ကျားမိုးများနိုင်ပြီး ကရင်နီပြည်အနေနဲ့ စိုးရိမ်ရတဲ့အခြေအနေမရှိဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာတာကြောင့် အိန္ဒိယကမ်းခြေကို မုန်တိုင်းဖြတ်ကျော်ပြီး အောက်တိုဘာ ၂၂ ရက် ကနေ အောက်တိုဘာ ၂၅ ရက်အတွင်း ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့တွေမှာ နေရာကွက်ကျား မိုးများနိုင်ပြီး ကရင်နီပြည်အနေနဲ့ စိုးရိမ်ရတဲ့အနေအထားတော့ မတွေ့ရဘူးလို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင် က‌ ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“လောလောဆယ်အခြေအနေကတော့ ၂၄ နာရီအတွင်း ရွာနိုင်တဲ့မိုးရေချိန် အနည်းအများကို ကြည့်ပြီးတော့ မိုးများနိုင်၊ မများနိုင်ဆိုတာကို ခန့်မှန့်နိုင်တာပေ့ါ‌နော်။ အဲ့လိုခန့်မှန့်ကြည့်တဲ့အချိန်မှာ မိုးများနိုင်တဲ့အနေအထားတော့ မရှိဘူး။ နေရာကွက်ပြီး မိုးကြီးတဲ့အနေအထား မတွေ့ရဘူးဆိုတဲ့ခါကျတော့ သိပ်ပြီးတော့ စိုးရိမ်စရာမရှိတဲ့ အနေအထားပါ”လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ကရင်နီပြည်အတွင်းမှာရှိတဲ့ ပြည်သူလူထုတွေအနေနဲ့ နေ့စဥ်ရွာသွန်းတဲ့ မိုးအခြေအနေပေါ်မူတည်ပြီးမှသာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း ကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း စတဲ့ အခြေအနေအဆင့်ဆင့် ဖြစ်ပေါ်လာမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ဆက်ပြောပါတယ်။

“ဒီနေ့ (အောက်တိုဘာလ ၂၂ ရက်နေ့) ညပိုင်းလောက်ဆိုရင် မုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်တယ်။ ပြီးလို့ရှိရင် တခါ အိန္ဒိယကမ်းခြေဖက်ကို ရွေ့ရင်း ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့အလယ်ပိုင်းကနေ အနောက်အလယ်ပိုင်းကို ရွေ့ရင်းနဲ့ သူက ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်လာနိုင်တယ်။ ဆိုင်ကလုန်းမုန်တိုင်းဒါနဆိုပြီးတော့ နာမည်ပေးထားမှာ ဖြစ်တယ်။ အဲ့ကနေ ဆိုင်ကလုန်းမုန်တိုင်းကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိဖြစ်ပြီးတော့ ၂၄ ရက်ည ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ အိန္ဒိယသြရိဿ ကမ်းခြေကိုဝင်မယ်ဆိုပြီးတော့ ဒါက လောလောဆယ်မုန်တိုင်းရဲ့ အခြေအနေပေါ့” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ မိုးများနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ် ဒေသအချို့တို့မှာ နေရာကွက်ကျားမိုးများနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါ့အပြင် ကရင်နီပြည်အတွင်းမှာရှိတဲ့ လွိုင်ကော်၊ ဘောလခဲ ၊ဖားဆောင်း စတဲ့နေရာတွေမှာတော့ လက်ရှိ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းဖက်မှာဖြစ်တဲ့ မိုးရေအခြေအနေလောက်မရှိဘဲ နေရာကွက်ကျားသာ မိုးကြီးနိုင်ပြီး မိုးအရမ်းများတဲ့အနေအထားတော့ မရှိဘူးလို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts