ကရင်နီသူရေးသားသည်။
ကယန်းရိုးရာစောင်တစ်ထည်ကို ယက်လုပ်တော့မယ်ဆိုရင် အရင်ဆုံးလုပ်ဆောင်ရမှာက ဝါပင်ကထွက်ရှိတဲ့ ဝါဂွမ်းတွေကို ချည်ဖြစ်အောင် ငင်ရပါတယ်။
ချည်ငင်တဲ့နေရာမှာ ဗိုင်းကိုအသုံးပြုပါတယ်။ ဗိုင်းငင်ပြီး ချည်ချောင်းလေးတွေ ထွက်လာပြီဆိုရင် တော့ ချည်တွေကို အဖုံလိုက်စုထားရပါတယ်။
ရိုးရာစောင်တစ်ထည်မှာ ချည်ဖြူ ၄ ဖုံလိုအပ်ပါတယ်။ ချည်ဖြူ ၄ ဖုံနဲ့ အခြား အဖြူရောင်ကြားမှာထည့်ဖို့ အခြားအရောင်( အနီ၊ အစိမ်း၊ အပြာ၊ ပန်းရောင်..စသည်ဖြင့်) ထပ်ထည့်ရပါတယ်။
ရိုးရာစောင်တစ်ထည်ရဲ့ အစိတ်အပိုင်းတွေအားလုံးမှာ အခက်ခဲဆုံးအပိုင်းကတော့ ချည်ငင်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ချည်တွေကို ဗိုင်းနဲ့ငင်တဲ့နေရာမှာ ဝါဂွမ်းကိုလက်ချောင်းလေးတွေနဲ့ ကိုင်ပြီး မှန်းရတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ လက်တစ်ဖက်က ဗိုင်းကိုငင်ပြီး အခြားတစ်ဖက်က ဝါဂွမ်းလေးကိုင်ရပါတယ်။
ဒီနေရာမှာ လက်ချောင်းလေးတွေက ဝါဂွမ်းကို မမှန်းဆတတ်ရင်တော့ ချည်ချောင်းတွေက လုံးသွားပြီး ပြတ်တောက်သွားတတ်ပါတယ်။
ဒါကြောင့် ချည်တွေကိုငင်တဲ့အခါမှာ လိမ္မာပါးနပ်ဖို့ လိုပါလိမ့်မယ်။ ချည်ချောင်းလေးတွေ ထွက်လာပြီဆိုရင် ၎င်းချည်တွေကို ဆန်ဖြူဖြူလေးနဲ့ချက်ရပါတယ်။ ဘာကြောင့် ဆန်ဖြူဖြူလေးနဲ့ ချက်ရတာလဲဆိုရင်တော့ ဒီချည်တွေ ပိုခိုင်ခံ့အောင်ပဲ ဖြစ်ပါတယ်။
ချည် ၄ ဖုံစာလောက်ငင်ပြီးသွားပြီဆိုရင် ချည်ဆွဲရပါတယ်။ အစောက ငင်ထားတဲ့ချည်တွေကို တစ်ချောင်းချင်းစီ ဆွဲပြီး ရက်ကန်းစင်ထက်ကို တင်ရပါတယ်။ ချည် ၄ ဖုံလုံးကို ဆွဲပြီးသွားပြီး အဆင်သင့်ဖြစ်ပြီဆိုရင် ယက်လို့ရပါပြီ။
ဒီလို ရိုးရာစောင်တစ်ထည်ယက်လုပ်ဖို့ ချည်ငင်တာကနေစပြီး စောင်ထည်ရက်လုပ်ပြီးတဲ့ အထိကို ခန့်မှန်းခြေ လေးရက်တာကြာပါတယ်။
ဒီလို လေးရက်တာလောက်ကို ခါးညောင်းနေအောင် ထိုင်ယက်ရတာတွေ၊ မျက်စိလျှင်လျှင်ထားပြီး ချည်ချောင်းလေးတွေကို ဂရုစိုက်ကြည့်ရတာတွေအတွက် စောင်တစ်ထည်တန်ဖိုးကျပ် နှစ်သောင်းငါးထောင် (၂၅၀၀၀) ရောင်းကြရပါတယ်။
ချည်ငင်ရတဲ့အချိန်တွေ ယက်လုပ်ရတဲ့အချိန်တွေနဲ့ နေ့တွက်ခ တွက်ပြီး ဒေသထွက်ရိုးရာစောင်တစ်ထည်က နှစ်သောင်းခွဲမက အများကြီးကုန်ကျရပါတယ်။ အချိန်တွေ လူအင်အားတွေ ငွေအားတွေပါဆို ငါးသောင်းနှင့်အထက်ကို တန်ဖိုးရှိပါတယ်။
ဒီလို ဒေသထွက် လက်မှုပစ္စည်းလေးတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချနေရတဲ့ အချိန်မှာတောင် ဈေးကွက်က မတွင်ကျယ်ပါဘူး။
ဈေးသက်သာတယ်ဆိုပေမယ့်လို့ တခြားသော နိုင်ငံမှ တင်သွင်းတဲ့ စောင်တွေနဲ့ ယှဉ်ရင် ဈေးက ကြီးနေပါတယ်။
ရိုးရာစောင်တွေ အားပေးမည့်အစား ခုခေတ်မှာက ဈေးကွက်တွင်ကျယ်နေတဲ့ ကိုရီးယား ဂွမ်းကပ်စောင်တွေက ထူပြီး အနွေးဓာတ်လည်းရတဲ့ စောင်တွေကိုပဲ ဝယ်ယူကြမှာဖြစ်ပါတယ်။
ဘာလို့လဲဆိုရင်တော့ လက်ယက်ထည်တွေကို ဒေသတွင်းမှာပဲ ရောင်းချခွင့် ရတာဖြစ်တဲ့အတွက်ကြောင့်ရယ် ဒေသခံတွေက ၎င်းတို့ လိုအပ်ချိန်မှပဲ မှာယူကြတာရယ်ကြောင့် ဘယ်လိုမှ ဈေးကွက်ဖော်လို့ မရကြပါဘူး။
ဒေသခံတွေဘက်ကလည်း အခုချိန်ဆိုရင် မင်္ဂလာဆောင် သတို့သမီးကိုတင်တောင်းဖို့၊ အသုဘမှာ သုံးဖို့၊ အမှတ်တရသိမ်းထားဖို့နှင့် လက်ဆောင်ပေးဖို့လောက်ပဲ ဝယ်ထားကြပါတော့တယ်။
ကယားပြည်နယ်နေ့ ပွဲတော်တွေမှာတောင် ပြခန်းမှာ ခင်းကျင်းပြသဖို့တောင် ရှားရှားပါးပါး ဖြစ်နေပါတယ်။
ဒီလို ဒေသထွက်လက်မှုပစ္စည်းလေးတွေကို ခင်းကျင်းပြသနိုင်ဖို့အတွက်နဲ့ ဈေးကွက်အတွင်း စနစ်တကျရောင်းချနိုင်ဖို့အတွက် ပြည်နယ်အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ရန် လိုအပ်ပါတယ်။
နိုင်ငံခြားခရီးသွားတွေ အမှတ်တရ ဝယ်ယူသွားနိုင်အောင် နဲ့ နိုင်ငံသားခရီးသွားဧည့်သည်တွေ အလွယ်တကူဝယ်ယူရရှိနိုင်အောင် ထားရှိပေးသင့်ပါတယ်။ လက်ယက်ကန်းယက်သူတွေလည်း ၎င်းတို့ အလုပ်အကိုင်နှင့် ဈေးကွက်ရရှိနိုင်ဖို့ လိုအပ်ပါတယ်။
“ကျနော်တို့ ဒေသထွက်လက်မှုပစ္စည်းလေးတွေ ရောင်းချနိုင်ဖို့ ဈေးဆိုင်ခန်းတွေ ရရှိဖို့ ကျနော်တို့ ကြိုးစားဖော်ဆောင်နေတယ်။ လက်မှုပစ္စည်းလေးတွေ အချိန်မှန် ပို့ပေးနိုင်သူရှိမယ်ဆိုရင် ကျနော်တို့နဲ့ ဆက်သွယ်ပါ ပစ္စည်းတင်ထားပေးမယ်” လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ပြောပါတယ်။
“အဖွားတို့လုပ်တယ်၊ ဒါပေမယ့် သိပ်အများကြီးမလုပ်နိုင်တော့ဘူး ဘာလို့လဲဆို မျက်စိက ချည်ချောင်းသေးသေးလေးတွေကို အာရုံစိုက်ကြည့်နေရတာ ကြာကြာမကြည့်နိုင်ဘူးလေး။ လူငယ်တွေကို သင်ပေးချင်တယ် အားရင် လာခဲ့ကြ၊ သူတို့တွေကို ဒီအမွေတွေ ပေးချင်တယ်” လို့ ရိုးရာအထည်တွေကို အမြဲယက်လုပ်နေတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်ရွာက အဖွား ဒေါ်ဗီတိုးရီယာက ပြောပါတယ်။
ရှေးခေတ်က အမျိုးသမီးလေးတွေက ဘာကြောင့် ဒီလိုတွေ ယက်တတ်ရတာလဲ၊ သူတို့ရဲ့ နောက်ကြောင်းကိုပြန်ကြည့်လိုက်မယ်ဆိုရင် ရှေးရှေးတုန်းက အဖိုးအဖွားတွေက သူတို့ရဲ့သားတွေကိုပဲ ပညာတွေသင်ပေးခဲ့ပါတယ်။
မိန်းကလေးတွေကတော့ အိမ်အလုပ်၊ တောင်ယာအလုပ်၊ ကိုယ်ဝတ်မယ့် ကိုယ့်အဝတ်အထည်၊ တစ်အိမ်လုံးအတွက်အဝတ်အထည်၊ ယောကျာ်းလေးအတွက် အဝတ်အထည်တွေကိုု အိမ်မှာရှိတဲ့ မိန်းကလေးတွေက ကိုယ်တိုင် ယက်လုပ်ပေးရပါတယ်။
တောင်ယာလုပ်ငန်းတွေကို ဆိုရင်လည်း မိန်းကလေးတွေကပဲ ဦးဆောင်ပြီး လုပ်ရပါတယ်။ အချိန်တန်အရွယ်ရောက်ရင် အိမ်ကမိန်းကလေးတွေက အိမ်မှုကိစ္စတွေကို တစ်ခုမကျန်တတ်မြောက်တဲ့ သူကိုပဲ ယောကျာ်းတွေက လာတင်တောင်းကြပါတယ်။ ဒါကြောင့် အိမ်မှုကိစ္စတွေကို ငယ်ငယ်လေးတည်းက ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင် သင်ယူနေကြပါတယ်။
“အရင်တုန်းက အဖွားတို့က ဘာမှလုပ်စရာမရှိဘူးလေး၊ ကျောင်းလည်းမတက်ရတော့ အိမ်မှုအလုပ်တွေပဲ တတ်အောင်လုပ်ကိုင်နေကြရတယ်၊ ဒါကြောင့် ခုချိန်ထိ တတ်နေတာလေး၊ ဒီအလုပ်မှမလုပ်ရင်လည်း အခြားလုပ်စရာမရှိဘူးကော ” လို့ အဖွား ဒေါ်ဗီတိုးရီယာက ပြောပြနေပါတယ်။
အဖွားက ခုချိန်ထိ ရိုးရာအဝတ်အထည်တွေ စောင်တွေကို ယက်လုပ်နေတုန်းပါပဲ။ ရိုးရာစောင်တွေကို အလိုရှိသူတွေရှိရင် သူမဆီကိုလာရောက်ဝယ်ယူကြပါတယ်။ စီးပွားဖြစ်ရောင်းနေရတာမဟုတ်ဘဲ၊ ရိုးရာအရ မင်္ဂလာဆောင်သူရှိရင်၊ အဖိုးအဖွားတွေရဲ့ အသုဘတွေမှာ၊ နိုင်ငံခြားကို လက်ဆောင်ပေးမှာ အဲ့ဒါတွေအတွက်ပဲ လာဝယ်ကြတဲ့သူတွေပဲ ရှိပါတယ်။
ရိုးရာစောင်တွေ ယက်လုပ်တဲ့နေရာမှာ ကရင်နီပြည်နယ်မှာရှိနေတဲ့ ကယန်း၊ ကယော၊ ကယားစတဲ့ လူမျိုးစုတွေ ယက်လုပ်တဲ့ ပုံစံချင်းအတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ လက်ရက်ကန်းနဲ့ ယက်လုပ်ကြတဲ့သူတွေ နည်းသထက်နည်းသွားပါတယ်။ ခေတ်သစ်တက်လာတဲ့ မျိုးဆက်သစ်တွေက လက်နဲ့ယက်တာတွေ သိပ်ပြီး စိတ်မဝင်စားကြတော့ဘဲ စက်နဲ့ယက်တဲ့ စက်ယက်အထည်တွေကိုပဲ အလွယ်တကူဝယ်ဝတ်ကြတော့တဲ့ အတွက်ကြောင့်ပါ။
မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားရိုးရာအထည်လေးတွေထဲမှာ ကရင်နီပြည်နယ်မှ ထွက်ရှိတဲ့ ရိုးရာအထည်လေးတွေက ဈေးကွက်မဝင်ဆံ့ဆုံးဖြစ်နေတယ်။ ကယား၊ကယန်းရိုးရာစောင်တစ်ထည်ကိုမှ ၂၀၀၀ဝကနေ အလွန်ဆုံး ၃၀၀၀ဝလောက်ထိပဲ ပေးရပါတယ်။ ဥပမာ- ချင်းရိုးရာဝတ်စုံလေးတွေဆိုရင် တစ်စုံကို အနည်းဆုံး ၂၀၀၀ဝကနေ ၈၀၀၀၀ဝ ထိရှိနေတယ်လို့ ချင်းမလေးနန်စီက ပြောပါတယ်။
“ဝတ်စုံဆိုရင် သူ့ဒီဇိုင်းပေါ်မှာ မူတည်တယ်၊ ဒီဇိုင်းဆန်းရင် ဆန်းသလိုဈေးရှိပါတယ်။ ရိုးရာစောင်တွေက အနည်းဆုံး ၂သောင်း၊ ၃သောင်းကနေ ၈သိန်းထိရှိတယ် ” လို့ ပြောပါတယ်။ ချင်းဝတ်စုံလေးတွေက မြန်မာ့ဈေးကွက်သာမက ကမ္ဘာ့ဈေးကွက်ထိပါ ရောက်နေပြီထင်ပါရဲ့။
ကရင်နီပြည်က ရိုးရာအဝတ်အထည်တွေကိုလည်း ခေတ်နှင့်အညီဒီဇိုင်း နည်းပညာတွေ တီထွင် ဖန်တီးပေးနိုင်ဖို့ လိုအပ်လာပါပြီ။
ရိုးရာစောင်တွေ အထည်တွေ ခိုင်မာတဲ့ ဈေးကွက်ကို ရှာဖွေနိုင်ဖို့ ပြည်နယ်တွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးပွားနိုင်ဖို့ အဖွားဒေါ်ဗီတိုးရီယာတို့လို လူမျိုးတွေရဲ့ အလုပ်အကိုင်ကို အားပေးမြှင့်တင်ကြရင်း ရိုးရာအမွေအနှစ်ကို တစ်ဖက်တစ်လမ်း ထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။