ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်အတွင်းက ဒေသထွက်ကုန်တွေကို ရိုးရိုးသာမာန်ရောင်းချတာမဟုတ်ဘဲ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်ပြီးရောင်းချနိုင်အောင် ပြုလုပ်သွားမယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဌာန- ဌာနမှူး ခူးတူရယ်က ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“တန်ဖိုးမြင့်ထုတ်ကုန်ဆိုတာက ဒီလိုပါ။ ဥပမာကျနော်တို့ဒေသမှာ ထွက်တဲ့ဟာတွေရှိတယ်လေး။ ဥပမာ မြေပဲ။ မြေပဲက အရည်အသွေးမြင့်တဲ့ဟာတွေရှိတယ်။ အဲ့တာကို အလုံးလိုက်ရောင်းမယ်ဆိုတာထက် ဆီနဲ့ကြိတ်ပြီး ဆီသန့်ပုံစံမျိုးနဲ့ ရောင်းမယ်။ ဆီကြိတ်ပြီးတော့ ထွက်လာတဲ့ ပဲဖတ်တွေကို တိရစ္ဆာန် အစားအစာ တစ်နိုင်တစ်ပိုင်ထုတ်တဲ့ ပုံစံမျိုး ကျနော်တို့ တန်ဖိုးမြင့်လိုက်လို့ရှိရင်တော့ ဒေသမှာ လုပ်ကွက်ငယ်၊ တောင်သူတွေလည်း အလုပ်ရမယ် ပြီးတော့ စီးပွားလည်းဖြစ်မယ်ဆိုတဲ့ စဥ်းစားချက်ပေါ့နော” လို့ ခူးတူရယ်က ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကို တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်တဲ့ အထိ နည်းပညာတွေကိုလည်း ပေးသွားမယ်လို့ပြောပါတယ်။ နည်းပညာလို့ ပြောရာမှာ သီးနှံတစ်ခုကို ဘယ်လိုနည်းလမ်းနဲ့ ရောင်းချနိုင်ကြောင်း တိုက်တွန်းနှိုးဆော်မှုကို ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
နည်းစနစ်ကျကျ အရောင်းအဝယ် ပြုလုပ်နိုင်ဖို့ အတွက်လည်း တောင်သူတွေကို လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။
ကနဦးအနေနဲ့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားမယ့် ဒေသထွက်သီးနှံတွေက မြေပဲ၊ ထောပတ်၊ ပြောင်းကောက် အစရှိတဲ့ သီးနှံတွေဖြစ်တယ်လို့ ဆိုပါတယ်။
တန်ဖိုးမြင့်ထုတ်ကုန်တွေကနေ ပြည်နယ်တွင်းမှာတင် ဖြန့်ဖြူးရောင်းချနိုင်မယ့် စျေးကွက်စီးပွားရေးစနစ် တစ်ခုဖော်ဆောင်သွားနိုင်အောင်လည်း ကြိုးစားဆောင်ရွက်သွားမယ်လို့ ခူးတူရယ်က ဆက်ပြောပါတယ်။
“စျေးကွက်ဆိုတာကတော့ လွတ်လပ်တဲ့ စျေးကွက်ဖြစ်ရမယ်။ ပြည်တွင်းမှာ ကြိုက်တဲ့နေရာရောင်းပေါ့။ စျေးကွက်အပြိုင်အဆိုင် မရှိရင်တော့ ပိုအဆင်ပြေတာပေါ့။ တစ်ခုရှိတာက စစ်ဖြစ်နေလို့ ကျနော်တို့ စားနပ်ရိက္ခာ အဆင်မပြေသွားမှာ စိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ပြည်နယ်၊ ပြင်ပမှာ အထူးသဖြင့်ဆန်တွေ ရောင်းထုတ်တာကို ကျနော်တို့ အားမပေးဘူး။ ဒါကတော့ လွတ်လပ်တဲ့ စျေးကွက်ကို ကျနော်တို့ ကန့်သတ်သလိုမျိုးတော့ ဖြစ်တာပေါ့။ ဒါက အခြေနေအရ ကျနော်တို့ ကန့်သတ်တာပါ” လို့ ခူးတူရယ်ကပြောပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းအဓိကစိုက်ပျိုးနေတဲ့ စပါးတွေကိုလည်း မျိုးကောင်းမျိုးသန့်ရှိနိုင်ရေးအတွက် ဂျပန်နည်းပညာကို အသုံးပြုပြီး သုတေသန ပြုလုပ်နေတာရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းကို နေကြာစိုက်ခင်း ၃ ဧက၊ဖယ်ခုံမြို့နယ်မှာ နေကြာစိုက်ခင်း ၁ ဧက၊ နန်းမယ်ခုံမြို့နယ်မှာ နေကြာစိုက်ခင်း ၂ ဧက၊ ကေးလျားမြို့နယ် ( ဖရူဆိုမြို့နယ်) မှာ ကြက်သွန်ဖြူ/နီ စိုက်ဧက ၂ ဧက တို့ကို ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစံပြကွက်အနေနဲ့ ထားရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ ဘိုကာရှီ သဘာဝဓာတ်မြေသြဇာ ထုတ်လုပ်ပေးတာ၊ နည်းပညာသင်တန်းပေးတာ၊ သဘာဝသွင်းအားစုထုတ်လုပ်တာ၊ ဆောင်းသီးနှံမျိုးစေ့ထုတ်လုပ်တာတွေကို စတင်လုပ်ဆောင်ခဲ့ပြီဖြစ်တယ်လို့ IEC ကပြောထားပါတယ်။