ကန္တာရဝတီတိုင်း ( မ် )
ရှမ်း – ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ ဒေသတွင်းတိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ စားဝတ်နေရေးအပြင် ဆေးဝါးလိုအပ်ချက်လည်း ရှိနေကြပါတယ်။
ဆေးရုံ၊ ဆေးခန်းမရှိတဲ့ အဆိုပါဒေသက စစ်ဘေးရှောင်စခန်းတွေမှာ ကျန်းမာရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုအပြင် နာတာရှည်ရောဂါသည်အတွက် ဆေးဝါးများ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တို့ကပြောပါတယ်။ ကျန်းမာရေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ဆေးဝါးလိုအပ်ချက်များအပေါ် စစ်ဘေးရှောင်တွေရဲ့ စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ဒေါ်ဝေ
“ဖယ်ခုံကနေလာပြီး ဒီမှာလာစစ်ရှောင်တာ ၃ နှစ် ရှိပါပြီ။ ကျန်းမာရေးပိုင်းပြောရရင်တော့ မိသားစုများတော့ မဖျားမနာတဲ့ရက်ကို မရှိတာ။ တစ်ခုမဟုတ်တစ်ခု နာတယ်ပေါ့နော။ အဲဒီခါကြတော့ ဖျားနာတယ်ဆိုတာမျိုးက အချိန်ဆွဲထားလို့ရတဲ့ အရာလည်း မဟုတ်ဘူး။ ကိုယ်ဖြစ်ဖြစ် ကိုယ့်ကလေးဖြစ်ဖြစ် ဖျားလာပြီဆိုရင် ချက်ချင်း ပျောက်စေချင်တယ်။ ဆေးတိုက်ချင်တယ်။ ဆေးဝယ်ချင်တယ်။ ဆေးခန်းပြချင်တယ်။ အဲ့လို ဖြစ်နေတဲ့ချိန်မှာ ဒီခေတ်ဆိုးကြီးကြတော့ ဆေးလည်း အရမ်းဈေးကြီးလာတယ်။ နောက်ပြီးတော့ ဆေးခန်းပြမယ်ဆိုလည်း ဆရာဝန်က မရှိဘူး။ ဆရာဝန်က မထိုင်ဘူး။
အဲဒါနဲ့ ကိုယ်ဖြစ်ဖြစ် ကလေးဖြစ်ဖြစ် ရောဂါအသေးအမွှားလေး တစ်ခုပဲ ဖြစ်ပါစေ၊ ရှိတဲ့ဆေးနဲ့ ဝယ်တိုက်လို့ရတဲ့ ဆေးနဲ့ ပျောက်တဲ့ဆေး ရှိတယ်။ တကယ်လို့ ရောဂါအကြီးစား ကြတော့ ဆရာဝန်နဲ့ပြမှ ရတဲ့ရောဂါမျိုးရှိတယ်။ အဲခါကြတော့ ဆရာဝန်လည်း မရှိဘူး။ အဲလိုမျိုး ဖြစ်တဲ့ခါကြတော့ အရမ်းခက်ခဲတယ်ပေါ့။ မိသားစုထဲမှာ တစ်ယောက်ယောက်ဖျားပြီဆိုရင် အရမ်းဒုက္ခ ရောက်တယ်၊ အရမ်းခက်ခဲတယ်။ ငွေရေးကြေးရေးလည်း အရမ်းခက်ခဲတယ်။ အဲကြောင့်မို့ ကျမတို့ စစ်ဘေးရှောင်ပဲဖြစ်ဖြစ်၊ ဒေသခံအတွက်ပဲ ဖြစ်ဖြစ် ဒီနေရာမှာ အခမဲ့ဆေးခန်း မဟုတ်ရင်တောင် ဈေးသက်သာတဲ့ ဆေးခန်းတစ်ခု ဖွင့်ပေးစေချင်တယ်။ နောက်ပြီးတော့ လှူဒါန်းပေးစေချင်တယ်ပေါ့။”
ဒေါ်မူရယ်
“ဆေးဝါးတွေက တအားဈေးကြီးတယ်။ အရင့်အရင်တုန်းက ကျမတို့ စစ်စရှောင်တုန်းက အဲ့လောက်ဈေး မရှိသေးဘူး။ အခု ဒီတစ်လေးလုံး (စစ်ဆင်ရေး) ကနေ စပြီးတော့မှ လမ်းတွေအကုန်ပိတ်တဲ့အတွက် ကျမတို့ ဒီဆေးဝါးအတွက်ဆို ဈေးကအဆမတန် တက်သွားတယ်။ ဆီလည်း အဆမတန်တက်သွားတဲ့အတွက် ကျမတို့ သာမန်လူတစ်ယောက်နဲ့ဆို ဝယ်စားဖို့ အဆင်မပြေတော့ဘူးပေါ့နော။ အခုဆို ဆေးဆို ပါရာ (ပါရာစီတမောဆေး) တစ်ကတ်ကို အရင်တုန်းက တစ်ရာနှစ်ရာဆို အခုက တစ်ထောင်၊ တစ်ထောင့်ငါးရာ ဖြစ်သွားတယ်။ အကောင်းစားဆို နှစ်ထောင် အဲ့လိုဖြစ်တတ်တယ်။
ကျမတို့နေတဲ့နေရာမှာ ဈေးနှုန်းက အဲ့မျိုးဖြစ်သွားတဲ့အတွက် တခြားအားဆေးတွေ ကလေးအတွက် အားဆေး၊ လူကြီးအတွက်အားဆေးဆိုရင် အရင်တုန်းက တစ်ကတ် ၁၅၀၀ တန်ဆိုရင် အခု ၅၀၀၀၊ ၆၀၀၀ ဖြစ်သွားတဲ့အတွက် ကျမတို့ ဒီစစ်ရှောင်နေတဲ့ ကာလပတ်လုံး ကျမတို့ဒီဆေးဝါးက အရမ်း အခက်အခဲဖြစ်တယ်။ ပြီးရင် တကယ်ဆေးဝါးလိုအပ်ပြီဆိုရင် ကျမတို့ဆေးရုံ၊ ဆေးခန်းပြေးရမယ့် အချိန်ကြတော့ ကျမတို့အတွက် နည်းနည်းဝေးတော့ ဒီဆေးရုံဆေးခန်းပြေးရမယ့် အချိန်ဆိုလည်း ကားတွေ အဆင်သင့်ဖြစ်ဖို့လည်း လိုအပ်တာပေါ့နော။ ရှိရင်လည်း ပိုက်ဆံမရှိရင်လည်း ဆေးရုံမရောက်နိုင်ဘူးဖြစ်တယ်။ ဥပမာ – ကျမတို့က နှလုံးရောဂါဖောက်နေတယ်ဆို နှလုံးရောဂါကုသဖို့က ဆေးမရှိဘူးဆိုလို့ရှိရင် အချိန်ကြန့်ကြာသွားမယ်။ တခါတလေဆိုလည်း ပိုပြီးတော့မှ ရောဂါနည်းနည်းသက်သာရမယ့်ဟာကို ပိုဖြစ်သွားတယ်ပေါ့နော။
ဦးရွှေလေး
အသက်ကြီးပြီး နာတာရှည်ရောဂါ အဖိုးတို့လိုမျိုးဆိုရင် ဂေါက်ရောဂါရှိတယ်။ နောက်ပြီး သွေးတိုးရောဂါရှိတယ်။ နောက်ပြီး နှာစေးချောင်းဆိုး တုပ်ကွေးရောဂါရှိတယ်။ အဲ့ဒီဆေးက ကုန်သွားပြီ။ ပိုက်ဆံလည်း မတတ်နိုင်တော့ ဘူးလေ။ ဒါနဲ့ ဒီဘက် အရပ်ဖက်လူမှုရေးကူညီအသင်းကနေ ကျနော်တို့ ဆေးခန်း သို့မဟုတ်ရင် ရလွယ်တဲ့ သက်သက်သာသာနဲ့ဝယ်လို့ရတဲ့ ဆေးမျိုးရှိခဲ့ရင်လည်း အကူအညီတောင်းချင်တာပေါ့။ ဘာဖြစ်ဆို ကျနော်တို့ စစ်ရှောင်ကာလ ကြာလေလေ ကျနော်တို့အိတ်က ပိုက်ဆံကထွက်လေလေ။
အဲ့ဒါကြောင့် ကျနော်တို့ အိမ်သုံးစရိတ်လည်းလိုတယ်၊ ကျန်းမာရေးအတွက် ဆေးလည်းလိုတယ်။ သူများရွာမှာ နေပြီးတော့ ဖျားတယ်နာတယ် ဆေးကုတဲ့စရိတ် မသက်သာဘူးလေ။ ဒါကြောင့်မို့ကျနော်တို့ ဆေးကျွမ်းကျင်တဲ့ ဆရာမတစ်ဦးဦးပေါ့၊ ဆေးခန်းမဖွင့်နိုင်သည့်တိုင်အောင် ကျနော်တို့ကို တစ်လတကြိမ် နယ်လှည့်ပြီးတော့ ကျနော်တို့ကို ဆေးကုသပေးပြီးတော့မှ ဆေးတွေဝေပေးနိုင်ရင် အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး
“ဒီဘက် အခက်ခဲဆုံးကတော့ ဒီကျန်းမာရေးပိုင်းနဲ့ ပတ်သက်ရင်တော့ တကယ်ခက်ခဲတယ်ပေါ့နော။ ဆေးရုံ၊ ဆေးခန်းက မရှိတာတော့ မဟုတ်ဘူး ရှိတော့ရှိတယ်၊ ဒါမဲ ဝေးတယ်ပေါ့နော။ အဝေးကြီး အဲကြောင့် ကျမတို့ သွားရလာရဆို တကယ်ခက်ခဲတယ်ပေါ့နော။ ပြီးတော့ကလေးတွေဆိုလည်း ကျမတို့မှာ ကလေးတွေ ကျန်းမာရေး မကောင်းတာလည်း ရှိတယ်ပေါ့နော။ အမြဲဆေးသုံးစွဲနေရတဲ့ ကလေးတွေလည်း ရှိတယ်ပေါ့နော။ အဲ့ကြောင့် သူတို့တခေါက်ခေါက် သွားရလာရတာ အဆင်မပြေဘူး။
ကိုယ့်မှာက ခုအခြေအနေမျိုးနဲ့ဆို ကားလည်းမရှိ၊ ဆိုင်ကယ်လည်း မရှိပေါ့နော။ အဲအခြေအနေတွေလည်း ရှိတယ်။ သွားရလာရတာလည်း အဆင်မပြေဘူး။ အခက်အခဲတွေ အများကြီးရှိတယ်ပေါ့နော။ လောလောဆယ် တော့ သူတို့ကို အဲဒီ တခါတလေဆို အဲဆေးတွေလည်း ဆရာဝန်ကောင်းကောင်းနဲ့တွေ့မှလည်း အဲဆေးတွေလည်းရနိုင်တယ်။ တချို့ဝယ်မရတာလည်း ရှိတယ်ပေါ့နော။ အကောင်းဆုံးဖြစ်နိုင်မယ်ဆိုရင် ကျမတို့နဲ့အနီးအနားလေးမှာ ဆေးခန်းလေးဖြစ်ဖြစ်ပေါ့နော၊ ဆေးပေးခန်းဖြစ်ဖြစ် ဆရာဝန်ကောင်းကောင်းလေးနဲ့ တစ်ယောက်လောက် ထားပေးနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပဲပေါ့နော။”
စစ်ဘေးရှောင်အမျိူးသမီးတစ်ဦး
“သက်ကြီးရွယ်အိုပိုင်း၊ နာတာရှည်ရောဂါသမားတွေ ဆေးကအမြဲသောက်နေရတဲ့သူကြတော့ ဆေးပြတ်လတ်လို့မရဘူးပေါ့နော။ ဆေးတွေက တချို့နေရာမှာ မှာယူရတာခက်တယ်ပေါ့နော။ တချို့ကတော့ ဆရာဝန်တွေနဲ့ သူတို့ တောင်ကြီးမှာ ပြတယ်။ တချို့ကြတော့ သူတို့သွားပြလို့ အဆင်မပြေဘူး။ သူတို့ မသွားရဲဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း အခက်အခဲဖြစ်နေတော့ သူတို့မသွားရဲဘူး။ အဲ့ခါကြတော့ အခက်အခဲဖြစ်တယ်။ ဆေးကလည်း ပြတ်လပ်နေတယ်။ အဲကြောင့် ဒီမှာရှာဝယ်ရလည်း သိပ်အဆင်မပြေသေးဘူး။ ဒီအခက်အခဲပေါ့ ဒါကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေတယ်ပေါ့နော။ ဖြစ်နိုင်ရင်တော့ ဒီမှာဆရာဝန်တွေ ရနိုင်တဲ့ဆေးတွေရှိမယ်ဆိုလို့ရှိရင် ဒီဘက်မှာပဲ ပြသနိုင်မယ်ဆိုရင်တော့ အဆင်ပြေမယ်လို့ထင်တယ်။