spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားတွေမျှော်မှန်းတဲ့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု

Author

Date

Category

မူဖိလစ်စတာ / ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်ပြုတ်ကျမယ့်တနေ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် Bottom up federalism လို့ခေါ်တဲ့ “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” စနစ်ဖော်ဆောင်ဖို့ တိုင်းရင်းသားအဖွဲ့ ကိုးဖွဲ့ က စုပေါင်းဖော်ဆောင်ဖို့ လုပ်‌နေကြပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်နီအတိုင်ပင်ခံကောင်စီ KSCC၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ၊ မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB စတဲ့ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မယ်လို့ ပြောကြတဲ့အခါ အခြေခံတွေခိုင်ဖို့လိုတယ်။ ပြည်နယ် အားကောင်းရေး လုပ်ဆောင်တာသည် ကျမတို့ ဖက်ဒရယ်ပြည်ထောင်စုကြီး အခြေခိုင်ဖို့သွားတာဖြစ်တယ်။” လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေ အတွင်းရေးမှူး နန်းမို့မို့က ပြောပါတယ်။

မြန်မာနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာစကား၊ လူမျိုးစု၊ ဘာသာရေးကိုင်းရှိုင်းမှု၊ ယဥ်ကျေးမှုတွေ အများအပြားရှိတဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒီလိုစုံလင်ကွဲပြားမှုများတဲ့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အစိုးရတို့ ကျင့်သုံးလာခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုစနစ်က နိုင်ငံတွင်း နိုင်ငံရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်တဲ့ စနစ်တခုမဟုတ်ခဲ့တာကြောင့် ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ကြာ နေစေခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် တက်လာတဲ့ ဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်း‌ဆောင်‌တို့ သဘောတူလက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်ကို ဖောက်ဖျက်လိုက်ကာ ဗမာပြည်မကို ဗဟိုပြုလိုက်ပြီး တိုင်းရင်းသားဒေသတွေကို ပြည်မလက်အောက်ခံအဖြစ် ရှိစေခဲ့ပါတယ်။

နိုင်ငံတွင်းရှိ အချုပ်အချာအာဏာကြီး သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ တို့ကို ဗဟိုအစိုးရကပဲ ချုပ်ကိုင်ထားခဲ့ပါတယ်။ နိုင်ငံတွင်းရှိ စီးပွား‌ရေးလုပ်ငန်းတွေကိုလည်း ဗဟိုအစိုးရကသာ စီမံခန့်ခွဲနေတာကြောင့် တိုင်းရင်းသား ဒေသအသီးသီးက ရထိုက်တဲ့ အခွင့်အရေးတွေကို ဆုံးရှုံးနေရတယ်လို့ WLB အထွေထွေအတွင်းရေးမှူး နန်းမို့မို့က ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပင်လုံပြည်ထောင်စု ကျောက်တိုင်ပေါ် ရှိစာသားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပြန်လည်ပြုပြင်နေပုံ။ (ဓါတ်ပုံ – ဧရာဝတီ )

“ဗဟိုကပဲ အားကောင်းနေတယ်။ ဗဟိုပေါ်မှာပဲ အခြေပြုပြီးတော့ နိုင်ငံရေးစနစ်တွေကို တည်ဆောက်တာကိုက ကျမတို့ အတွေ့ကြုံ ရှိခဲ့ပြီးသားဖြစ်တယ်။ အလုပ်မဖြစ်ဘူး။ အထူးသဖြင့် ယူနစ်တွေမှာ တကယ့် ဒေသန္တရတွေမှာရှိနေတဲ့ ကျမတို့ ပြည်သူလူထုတွေရဲ့ နိုင်ငံ‌ရေး လိုအပ်ချက်၊ လူ့အခွင့်အရေး လိုအပ်ချက် တွေကို ထိထိရောက်ရောက်နဲ့ ဖြည့်ဆည်းတာကို မလုပ်ဆောင်နိုင်ခဲ့ဘူး။” လို့ နန်းမို့မို့ ကပြောပါတယ်။

လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ “ဗမာတကျပ်၊ ကရင်တကျပ်” ဆိုတဲ့ ကြွေးကြော် တောင်းဆိုမှုနဲ့အတူ ကရင်အမျိုးသားက စတင်တော်လှန်ခဲ့ပြီး ယနေ့အချိန်ထိ နှစ်ပေါင်း ၇၆နှစ်တိုင်တိုင် မြန်မာပြည်တွင်းစစ် ဖြစ်ပေါ်လာခဲ့တာပါ။

မြန်မာပြည်တွင်းပဋိပက္ခဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကစတဲ့ နွေဦးတော်လှန်ရေးမှာ လူထုတရပ်လုံး ပါဝင်လာတဲ့ စစ်အာဏာရှင်ဖြုတ်ချ‌ရေး အရှိန်အဟုန် ပိုမြင့်လာနေပါတယ်။ စစ်အာဏာရှင်အမြစ်ဖြတ် ဖြုတ်ချရေးနဲ့အတူ နောင်လာမယ့် ‘အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုရဲ့ အချုပ်အချာအာဏာ မူလပိုင်ရှင်က ဖက်ဒရယ်အစိုးရတို့နဲ့ အဲဒီဒေသမှာရှိတဲ့ ဖက်ဒရယ်လူထုသာဖြစ်တယ်’ ဆိုတဲ့ မူ ကိုလက်စွဲကိုင်ပြီး စုပေါင်း တည်ဆောက်သွားမယ်လို့လည်း တိုင်းရင်းသားကိုးဖွဲ့က ပြောပါတယ်။

“Bottom-up federalism သွားခြင်းအားဖြင့် ကျနော်တို့ တိုင်းပြည်မှာ နောက်ထပ် အာဏာရှင် ပေါ်ပေါက်လာဖို့ကို ကျနောတို့ ကာကွယ်တားဆီးနိုင်တယ်။ တကယ့်တကယ် ကျနော်တို့ရဲ့ လူထုပေါ့။ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို ကျ‌နော်တို့ အကောင်ထည်ဖော်ပေးနိုင်တယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး – ၁ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ပင်လုံစာချုပ်အရ ဖဆပလ အစိုးရလက်ထက်ကတည်းက တိုင်းရင်းသားတွေ ရသင့်ခဲ့တဲ့ မှန်ကန်တဲ့ နည်းလမ်းတခုဖြစ်တယ်လို့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) ဥက္ကဌဟောင်း ခွန်းမတ်ရ်ကိုဘန် က မှတ်ချက်ပြုပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ ကာလပတ်တလျှောက်လုံးမှာလည်း တန်းတူညီမျှရေးရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဖက်ဒရယ်မူတွေရေးဆွဲပြီး အကောင်ထည်ဖော်ဖို့ ကြိုးစားလာခဲ့ကြတာပါ။ ဒါပေမဲ့ အာဏာရှင်စနစ်က တိုင်းရင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေကို အဟန့်အတားဖြစ်နေခဲ့တယ်လို့ ခွန်းမတ်ရ်ကိုဘန် ကပြောပါတယ်။

အဲ့ဒီကာလပတ်တလျှောက်လုံး သဘောတူရေးဆွဲလာခဲ့တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံမူတွေကိုလည်း လက်ရှိမှာ ဆက်လက်သုံးစွဲနေဆဲဖြစ်ပြီး ခေတ်ကာလအနေထားအရ တချို့အချက်တွေကို အဆင့်မြှင့်တင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးကာလ အတွင်းမှာလည်း ဗမာပြည်မအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခြေခံသဘောတရားကို ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါကလည်း ပြည်နယ် အားကောင်း‌ရေးမှ ပြည်ထောင်စု အားကောင်းရေး သဘောတရားရဲ့ အစဖြစ်တယ်လို့ မနန်းမို့မို့က ပြောပါတယ်။

ဒါပေမဲ့ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး သဘောထားအပေါ် ပြည်နယ်အသီးသီးက အာဏာပိုင်တွေကြား နားလည်မှု သဘောထားကွဲလွဲနေကြဆဲပဲဖြစ်ပါတယ်။

“ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး လို့ပြောတာက တချို့တွေက နားလည်မှု လွဲတဲ့သူရှိတယ်။ ပြည်နယ်အားကောင်းရေးကိုပဲ လုပ်ပြီးတော့ ပြည်ထောင်စု ပေါ်ထွန်းရေးကို စိတ်မဝင်စားဘူး ဆိုတဲ့ဟာမျိုးတွေ ပြောတာရှိတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ ပြည်နယ်အားကောင်းမှပဲ ကျမတို့ ပြည်ထောင်စု အားကောင်းမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်နယ်အားကောင်းရေးကို ဦးစားပေးပြီးမှ သွားတာဖြစ်တယ်။” လို့ မနန်းမို့မို့က ပြောပါတယ်။

ပေါ်ပေါက်လာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ယူနစ်က ဘယ်လိုပုံစံရှိနေရမယ် ဆိုတာကိုတော့ သတ်မှတ်မထားဘူးလို့ တိုင်းရင်းသား ကိုးဖွဲ့ကပြောပါတယ်။ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ဒေသတွေမှာ ပြည်နယ် အသစ်တွေပေါ်ပေါက်လာနိုင်သလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလည်း ထပ်မံပေါ်ပေါက်လာနိုင်တယ်လို့ နန်းမို့မို့က ဆက်ပြောပါတယ်။

ပအိုးဝ်၊ ပလောင် နဲ့ ‘ဝ’ လူမျိုးတို့ကလည်း ပြည်နယ်သစ်ရရှိရေး တောင်းဆိုထားတာပါ။ ရှမ်း-ကရင်နီနယ်စပ်‌ဒေသအခြေစိုက်ဖြစ်တဲ့ ကယန်းပြည်သစ်တပ်မတော် ကလည်း ပြည်နယ်သစ် ပေါ်ပေါက်ရေးကို လုပ်ဆောင်သွားမယ်လို့ပြောလာပေမဲ့ တရားဝင် တောင်းဆိုထားတာ မရှိသေးပါဘူး။

လာမယ့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ ဖက်ဒရယ်ယူနစ်က ဘယ်လိုပုံစံပဲဖြစ်လာနေပါစေ တိုင်းရင်းသားအားလုံးရဲ့ လိုလားချက်က ခွဲထွက်ရေးမဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ကနေ ပြည်ထောင်စုကို အား‌ကောင်းအောင် တည်‌ဆောက်ဖို့ဖြစ်တယ်လို့ မနန်းမို့မို့က ပြောပါတယ်။

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) ဥက္ကဌ ဟောင်း ခွန်းမတ်ရ်ကိုဘန်

အခုလက်ရှိဖြစ်ပေါ်နေတဲ့ စစ်‌ရေးပုံစံက အုပ်ချုပ်ရေးလမ်းစဥ်ပေါ်မှာ အခြေခံတာကြောင့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ အမျိုးသားများ တန်းတူညီတူရေးအတွက် လူမျိုးကိုယ်စားပြုတဲ့ ပြည်နယ်သစ်တွေ ပေါ်ပေါက်လာခြင်းက လူမျိုးရေးပဋိပက္ခကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကောင်း တခုဖြစ်တယ်လို့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) ဥက္ကဌ ဟောင်း ခွန်းမတ်ရ်ကိုဘန်က ပြောပါတယ်။

“ဗမာကလည်း လူမျိုးတခုလေ၊ အဲဒီတော့ တိုင်းခုနှစ်ခု၊ ပြည်နယ် ခုနှစ်ခု ထားလို့မရဘူး။ ဒါတော့ ကျနော်လက်မခံနိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး။ ဗမာအမျိုးသား ပြည်နယ်တခုလည်း ရှိရမယ်။ မြန်မာပြည်အလယ်ပိုင်းမှာပေါ့။ ဗမာပြည်နယ်တခုရှိရမယ်။ ဗမာပြည်နယ်တခု အပါအဝင် လူမျိုးကိုယ်စားပြုပြည်နယ်ဖြစ်ရမယ်။ ဆွဲရမယ်။ နောက်တခုက ပထဝီအနေအထားအရ ပြည်နယ်ရှိရမယ်။ နောက်ပြီးတော့ ပြည်နယ်အသစ်များ ခုန ပြောတဲ့ ပအိုးဝ် တို့၊ ပလောင်တို့၊ ‘ဝ’ တို့ ပေါ့ဗျာ။ တခြားလည်း ဘာရှိမလဲမပြောတတ်ဘူး။ အဲ့ဒါအမျိုးသား ပြည်နယ်အသစ်များ ဆိုတာ ရသင့်ရထိုက်တယ်။ ရှိရမယ်။ ဒါကိုရေးဆွဲပုံဖော်ထားရမယ်။ အဲဒါမှ ယုံကြည်မှု အပြည့်အဝဆိုတာ အဲတာ။” လို့ ခွန်းမတ်ရ်ကိုဘန်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေ၊ တော်လှန်ရေးကာလထဲ ပေါ်ပေါက်လာတဲ့ ကောင်စီတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပူးပေါင်းဆောင်ရွက်အားက လိုအပ်တယ်လို့ ပြောပါတယ်။

လူထုအုံကြွတော်လှန်မှုကြောင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရင်တောင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ဗမာပြည်နယ်သစ်တခု မပေါ်ပေါက်လာရင် တိုင်းရင်းသားလူမျိုးစုတွေကြား တန်းတူအခွင့်အရေးရရှိရေးအတွက် တိုင်းရင်းသားတွေက ဆက်လက်တော်လှန်နေဦးမှာဖြစ်တယ်လို့ ခွန်းမတ်ရ်ကိုဘန်က ပြောလိုက်ပါတယ်။

spot_img
spot_img

Recent posts