ကန္တာရဝတီတိုင်း (မ်)
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲ ကျေးရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNA) ပူးပေါင်းတပ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ (HRIR) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ်ကနေ လက်နက်ကြီး ၁၂ လုံးခန့် ပစ်ခတ်ခဲ့ပြီး ကျေးရွာထဲကို ၆လုံးခန့် ကျရောက်ခဲ့တယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“တိုက်ပွဲမရှိဘူး။ လက်နက်ကြီးရမ်းထုတာပဲ ၁၂ လုံးလောက်ပစ်တယ်။ လေးဦးထိတယ်။ နှစ်ဦးဆုံးသွားတယ်” လို့ သူက ပြောပါတယ်။
သေဆုံးသူမှာ ဦးခေါင်း၊ ကျောပြင်ထိခိုက်ဒဏ်ရာနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး၊ ဦးခေါင်းဒဏ်ရာနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုအပြင် နေအိမ်တချို့လည်း ပျက်စီးမှုရှိခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNA) ပူးပေါင်းတပ်က ညောင်ရွှေမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မကြာခဏ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နှစ်လအတွင်း ကလေးငယ်အပါအဝင် ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ဦးကျော် ရှိတယ်လို့ HRIR ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်နက်ကြီးမကြာခဏ ကျရောက်တာကြောင့် ကျေးရွာခံတွေဟာ စိုးရိမ်ထိတ်လန့်နေကြရပြီး တခြားနေရာကို ထွက်ပြေးတိမ်းရှောင်ကြသူလည်း ရှိတယ်လို့ သိရပါတယ်။