spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

ဝမ်ငေါ့ကျေးရွာက စစ်ရှောင်စခန်းတစ်ခုမှာ မိုးရေကြီးတာကြောင့် စာသင်ကျောင်း ပိတ်ထားရ၊ နေအိမ်တဲတချို့နစ်မြှုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်း၊ ဝမ်ငေါ့ကျေးရွာမှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ မိုးသည်းထန်ပြီး ရေကြီးတာကြောင့် စာသင်ကျောင်းပိတ်ထားရတဲ့အပြင် နေအိမ်တဲတချို့လည်း နစ်မြုပ်တယ်လို့ လွိုင်ကော် အရှေ့ခြမ်းက စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ တဲတွေမြုပ်ကုန်တယ်။ အဲ့ဒါအကုန်တော့ မရွေ့မီကြတော့ဘူးပေါ့။ လူသွားလာလို့လည်း အခက်အခဲဖြစ်ကုန်တယ်။ စာသင်ကျောင်းလည်း ပိတ်ထားရတယ်။ တစ်ဝက်နီးပါးပဲထင်ပါတယ် မြုပ်တာက။ ကျမတို့လည်း ရေကြီးနေတော့ သွားမကြည့်တတ်တော့ဘူး။” လို့ အဆိုပါ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ကစ ရေကြီးမှုဖြစ်နေပြီး လက်ရှိအချိန်ထိ သွားလာလို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် စစ်ရှောင်စခန်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို အသေးစိတ်မသိရသေးဘူးလို့ စစ်ရှောင်ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။

“ရေက အဲ့လောက်ထိတက်ပြီဆိုတော့ အဲ့စစ်ရှောင်မှာက ကလေးကော သက်ကြီးပိုင်းလည်း များတယ်လေ။ သူတို့သွားလာဖို့ ခက်ခဲကုန်တာပေါ့။ စစ်ရှောင်ဆိုတော့ အဆင်ပြေပြေ မဆောက်ထားနိုင်ဘူးလေနော်။ ဒါပေမဲ့တချို့က နည်းနည်းမြင့်မြင့် ဆောက်ထားတာရှိတယ်။ တချို့က နိမ့်နိမ့်လေးဆောက်ထားတယ် တဲတွေက။ အိမ်မွေးတိရစ္ဆာန်တွေတော့ ဘယ်လိုရှိလဲတော့ မသိဘူး။ အဓိကက လူပါပဲ လူတော့ ထိခိုက်သွားတာတွေမရှိဘူးလို့တော့ သိရတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်‌ရှောင်စခန်းမှာ အိမ်ခြေ ၂၅၀ ရှိပြီး လက်ရှိမှာ ရေမြုပ်သွားတဲ့ နေအိမ် တဲတစ်ဝက်နီးပါးရှိတယ်လို့ သိရပါတယ်။ အလားတူအခြားသော စစ်ရှောင်စခန်းတွေမှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ဒုတိယပတ်ကတည်းက ရေကြီးမှုတွေ ကြုံတွေ့ကြတယ်လို့ဆိုပါတယ်။

spot_img
spot_img
spot_img

Recent posts