ကန္တာရဝတီတိုင်း (မ်)
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဘိန်းစိုက်ပျိုးမှု ပိုမိုကျယ်ပြန့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နီပြည်တွင်းရှိ တောင်ပေါ်ဒေသ မှာသာမက မြေပြန့်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုကို လွတ်လပ်စွာလုပ်ကိုင်လာနေကြတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း (မ်) ကိုပြောပါတယ်။
“အရင်ကစိုက်နေကြဒေသတွေမှာလည်း စိုက်တဲ့သူတွေပိုများလာတယ်ပေါ့နော။ စိုက်ခင်းဧက ပိုများလာတာပေါ့။ ဟို စိုက်နေကျမဟုတ်တဲ့ မြေပြန့်ဒေသတွေမှာလည်း စ စိုက်ပျိုးလာကြတာကို တွေ့ရတယ်ပေါ့နော။ အဓိက က အခုလို အလုပ်အကိုင်ရှားပါးတဲ့ကာလမှာ စားဝတ်နေရေးအတွက် စိုက်ကြတာပါပဲ။ ” လို့ ဒီးမော့ဆိုဒေသခံတစ်ဦး က ပြောပါတယ်။
စစ်အစိုးရလက်ထက်က ဘိန်းစိုက်ပျိုးမှုကို စီးပွားဖြစ်လုပ်ကိုင်ကြတဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသက ဖယ်ခုံမြို့နယ်အတွင်းရှိ လအိ၊ လတိန် အစရှိတဲ့ ကျေးရွာတွေမှာ NLD အစိုးရလက်ထက် ဘိန်းစျေးကွက်ကျဆင်းမှုကြောင့် စိုက်ပျိုးနှုန်းနည်းပါးသွားခဲ့ပါသေးတယ်။
ဘိန်းစိုက်ပျိုးမှုအစား ထောပတ်ပင်တွေကို အစားထိုးသီးနှံနဲ့ စိုက်ပျိုးစေခဲ့ပေမယ့် စစ်အာဏာပြန်သိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဘိန်းစျေးကွက် ပြန်တိုးလာခဲ့တာကြောင့် စိုက်ပျိုးသူတွေ ပြန်လည် များပြားလာခဲ့ပါတယ်။
NLD အစိုးရလက်ထက်က တစ်ပိဿာ ၂ သိန်းကျပ်သာရှိတဲ့ ဘိန်းစျေးက အာဏာသိမ်းကာလမှာ ကျပ် ၇ သိန်း ကနေ ကျပ် ၁၀ သိန်းအထိပေါက်စျေး ပြန်လည် မြင့်တက်လာတာ ဖြစ်ပါတယ်။
ဘိန်းစိုက်ပျိုးမှုကို ပြည်နယ်တစ်ခုထဲမှာ အပြည့်အဝထိန်းချုပ်ပြီး လုပ်ငန်းစဥ်တွေချမှတ်ဖို့ မလွယ်ကူဘူးလို့ IEC ကပြောပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ နိုင်ငံတကာအကူအညီကို ရယူပြီး လုပ်ငန်းစဥ်ဖော်ဆောင်နိုင်မှသာ အဆင်ပြေနိုင်မှာဖြစ်လို့ ကရင်နီပြည်ရဲ့ လက်ရှိ ဘိန်းစိုက်ပျိုးမှုအနေအထားကို ကိုင်တွယ်ဖို့ လုပ်ငန်းစဥ် မချမှတ်ရသေးဘူးလို့လည်း IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။
“စိုက်တောင်သူနဲ့ ပတ်သတ်ပြီးတော့ ဒီဟာက ရေရှည်လုပ်ရမယ့် လုပ်ငန်းစဥ်တစ်ခုဖြစ်တယ်။ နောက်ပြီးတော့မှ အစားထိုးသီးနှံကိစ္စတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အခုချက်ချင်း လက်ငင်းလုပ်တာထက်စာရင် ဒီအခြေအနေကို ပိုပြီးတော့မှ သိရှိအောင် ကျနော်တို့ကြိုးစားနေတယ်။ အချက်အလက်တွေ ပိုပြီးတော့ရအောင် ကျနော်တို့ ဆက်ကြိုးစားမယ်။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့မှ တဖြေးဖြေး ကျနော်တို့ အစားထိုးထိုးသီးနှံတွေ တခြားသော ဖြစ်နိုင်ချေရှိတဲ့ စီးပွားရေးကဏ္ဍကို ကူးပြောင်းနိုင်အောင်လို့ပဲ ကျနော်တို့ စဥ်းစားနေတာ ရှိပါသေးတယ်”လို့ ဦးဗညားက ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး ( UNODC ) ရဲ့ ၂၀၂၄ ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဘိန်းစစ်တမ်း အစီရင်ခံစာထဲမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘိန်းစိုက်ပျိုးမှုက လျော့နည်းလာတယ်ဆိုပေမဲ့ ကမ္ဘ့ာဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။
ကရင်နီပြည်မှာလည်း ၂၀၂၄ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၈ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ပြောထားပါတယ်။ ရှမ်းပြည်နယ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၈၈ ရာခိုင်နှုန်းဖြစ်ပြီး ဘိန်းစိုက်ပျိုးမှု အများဆုံးပြည်နယ်ဖြစ်တယ်လို့ ဆိုထားပါတယ်။
ကရင်နီပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက် ဒေသခံတွေသာမကပဲ စစ်ဘေးရှောင်တွေကပါ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးမှုကို လုပ်ကိုင်လာကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ကြားကာလအစိုးရဖြစ်တဲ့ IEC က ချမှတ်ထားတဲ့ တရားဥပဒေစိုးမိုးရေး အထူးအစီအမံမှာ ဘိန်းစိုက်ပျိုးမှုကို အရေးယူမယ့် လုပ်ငန်းစဥ် မပါဝင်ပေမယ့် မူးယစ်ဆေးဝါး သုံးစွဲမှု ၊ ရောင်းဝယ်ဖောက်ကားမှုကိုတော့ ထိရောက်စွာ ဖမ်းဆီး အရေးယူသွားမယ်လို့ ဆိုထားပါတယ်။