ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဆိုမိုဖေစိုးလေး ( ရှားတော ) မြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေဟာ လာမဲ့စိုက်ပျိုးရာသီမှာ စိုက်မယ့် ပြောင်းမျိုးစေ့ကို ဝယ်ယူဖို့ အခက်အခဲရှိနေကြတယ်လို့ ပွန်ချောင်းကျေးရွာက ပြောင်းစိုက်တောင်သူတွေ ပြောပါတယ်။
ရေဘေးသင့်ခဲ့တာကြောင့် စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေပျက်စီးပြီး ယခုနှစ်အတွက် ငွေကြေးအရင်းအနှီးတွေ ပြန်မရကြတော့တာ ဖြစ်ပါတယ်။
နှမ်းနဲ့ ပဲစေးငုံ မျိုးစေ့တွေကို အလွယ်တကူ ပြန်ရနိုင်ပေမယ့် ပြောင်းဖူးမျိုးစေ့ကို ဝယ်ယူနိုင်ဖို့ ငွေကြေးအခက်အခဲ ရှိနေတာပါ။
“နှမ်းမျိုးစေ့ကျတော့ ရှိတယ်။ နှမ်းတို့၊ ပဲစေးငုံတို့ ကျတော့ ရှိတယ်။ လိုအပ်တာတော့ ပြောင်းဖူးမျိုးပေ့ါ။ ပြောင်းဖူးမျိုးက လိုတယ်။ ပြောင်းဖူးစိုက်မယ်ဆိုတဲ့ တောင်သူတွေအတွက် လိုတယ်။” လို့ ပွန်ချောင်းကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
ယခင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းမှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပွန်ချောင်းဒေသခံတွေ စိုက်ပျိုးထားတဲ့ နှမ်းအပါအဝင် ပြောင်းဖူး၊ ပဲစေးငုံ စတဲ့ သီးနှံတွေကို အားလုံးဆုံးရှုံးလိုက်ရတာကြောင့် လာမဲ့စိုက်ပျိုးရာသီအတွက် မျိုးစေ့ကို လိုအပ်နေကြတာ ဖြစ်ပါတယ်။

“တချို့ကျတော့လည်း ငွေကြေးရှိတော့ ဝယ်တဲ့လူတွေ ရှိတယ်။ ပိုက်ဆံမရှိတဲ့လူကျတော့လဲ အခုထိကို ဘယ်လိုလုပ်ရမလဲဆိုတာ အတွေးပေါက်ဦးမှာ မဟုတ်သေးဘူး။” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။
ပွန်ချောင်းကျေးရွာမှာ အိမ်ခြေ ၆၀ ကျော် ရှိပြီး ထက်ဝက်ကျော်လောက်က ပြောင်းဖူးကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ ယခုနှစ် မတ်လအတွင်းမှာ NK 625 စပ်ပြောင်းမျိုးစေ့ တထုပ်ကို ကျပ် ၂ သိန်းကျော် ပေးဝယ်ရတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြောင်းစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
“ကျနော်ဆို နှမ်းက ၆ ဧက နဲ့ ပြောင်းဖူး ၄ ဧက အကုန်လုံး ပျက်တယ်။ တောင်ယာတဲလည်း ပါသွားတယ်။ ကျနော်တို့ဒီမှာက နှမ်းအနည်းငယ်၊ ပြောင်းအနည်းငယ် အဲ့လိုဘဲ စိုက်ရတယ်။ စပါးက ဒီမှာမထွက်ဘူး။” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုကြောင့် ပွန်ချောင်းအနီးအနားမှာ နေထိုင်ကြတဲ့ ကျေးရွာ (၄) ရွာက နေအိမ်တွေ (၂၀၀)နီးပါး ပျက်စီးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အဆိုပါ ကျေးရွာ ၄ ရွာကတော့ ပွန်ချောင်း၊ ဆုဖဲလော ၊ နော်ပလု ၊ သေးလဲရွာ တို့ ဖြစ်ပါတယ်။ နေအိမ်ပျက်စီးမှုအပြင် ဒေသခံတွေစိုက်ပျိုးထားတဲ့ စပါး၊နှမ်း၊ပြောင်း စတဲ့ သီးနှံတွေလည်း ဧကပေါင်း (၈၂၃) ကျော် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။