ကန္တာရဝတီတိုင်း ( မ် )
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ၊ နေပြည်တော် PDF တပ်ရင်းအမှတ် (၈၀၂) ပျဥ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော်က သတ်ဖြတ်ခဲ့တဲ့အပေါ် တာဝန်ယူဖြေရှင်းပေးဖို့ နေပြည်တော် တိုင်းစစ်ဌာနက မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုခဲ့ပါတယ်။
ရဲဘော် ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နဲ့ တွေ့ဆုံစေဖို့ မတ်လ ၃ ရက်နေ့ကတည်းက ကယန်းပြည်သစ်နယ်မြေ၊ အမှတ် (၆) မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားက လာရောက်ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ တပ်ရင်းအမှတ် ၈၀၂ ပျဥ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း ရဲ့ ရုပ်အလောင်းကို ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာမှာ မတ်လ ၁၃ ရက်နေ့က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
သေဆုံးသွားတဲ့ ရဲဘော်ကိုစိုင်းကို ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တယ်လို့ နေပြည်တော် PDF ကထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကယန်းပြည်သစ်ပါတီ တာဝန်ရှိသူတစ်ဦးကို ကန္တာရဝတီတိုင်း (မ်) က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ စာထုတ်ပြန်ပြီး ၃ ရက်အတွင်း တာဝန်အပြည့်အဝယူဖြေရှင်းပေးဖို့ကိုလည်း ကယန်းပြည်သစ် တပ်မတော်ကို နေပြည်တော် PDFက တစ်ပါတည်း ပြောဆိုထားပါတယ်။
ကန္တာရဝတီတိုင်း (မ်) အနေနဲ့ ကယန်းပြည်သစ်တပ်မတော်တပ်ဖွဲ့ဝင် ရဲဘော်တွေကို တစ်ဆင့်ခံမေးမြန်းရာမှာတော့ “မပြောတတ်သေးဘူး အချိန်တန်ရင် တာဝန်ရှိသူတွေ ထုတ်ပြန်ပါလိမ့်မယ်” လို့တစ်ဦးက ဖြေဆိုခဲ့ပြီး နောက်တစ်ဦးက “ လူကြီးတွေက ခဏစောင့်တဲ့ “ လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ရဲဘော်ကိုစိုင်းသေဆုံးမှုနဲ့ပတ်သတ်ပြီး ကယန်းပြည်သစ်နဲ့ နေပြည်တော် PDF တို့ကြား ဆက်ဆံရေးကိုသိရဖို့ နေပြည်တော် PDF ကို စာဖြင့်ရေးသား ဆက်သွယ်ထားဆဲဖြစ်ပြီး အကြောင်းပြန်မှုမရှိသေးပါ။
သေဆုံးသွားတဲ့ ရဲဘော် ကိုစိုင်းရဲ့ ရုပ်အလောင်းကို မတ်လ ၁၃ ရက်နေ့မှာ ကရင်နီပြည်မှာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပါတယ်။