spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်မှာ NLD စတင်ဖွဲ့စည်းခဲ့ချိန်မှာပါဝင်ခဲ့ဖူးတဲ့ ၂၀၂၀ တိုင်းရင်းသားပါတီကိုယ်စားလှယ်လောင်း

Author

Date

Category

စိုးထိုက်အောင်

၂၀၁၂ခုနှစ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုကယားပြည်နယ်မှာလာရောက်တည်ထောင်ခဲ့ချိန်ပါဝင်တည်ထောင်ပေးခဲ့သူ၊ တည်ထောင်ပြီးနောက်မှာကယားပြည်နယ်(NLD) ပါတီရဲ့ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တဲ့ရှားတောမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာနေတဲ့ဦးစိုင်းအုန်းမြင့်ကလာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာတော့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) မှာရှားတောမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

“ NLDကိုကျနော်တို့လူမျိုးစုကနေ ကျနော်တို့ဖွဲ့စည်းတာ။ ဒီကယားပြည်နယ်တစ် ပြည်နယ်လုံးမှာပေါ့နော်။အဲ့ဒီNLD ပါတီကို ပထမဆုံး ကျနော်တို့ထူထောင်တာ။” လို့ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ရတာက ပြည်နယ်အခြေစိုက်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ပြည်မကပါတီကြီးတွေရဲ့လုပ်ပိုင်ခွင့်ကမတူညီတဲ့အတွက်ကြောင့်ဖြစ်တယ်လို့သူကဆက်ပြောပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဥ်ပြိုင်သွားမည့် ဦးစိုင်းအုန်းမြင့်

“ ဘာကြောင့်ပြည်နယ်ပါတီကို ကိုယ်ကစိတ်ဝင်စားသွားသလဲဆိုတော့ ပြည်နယ်အခြေစိုက်ပါတီဖြစ်တဲ့ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့လုပ်ပိုင်ခွင့်နဲ့ အခုပြည်မကပါတီကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကမတူဘူး။ မတူဘူးဆိုတာက ဖက်ဒရယ်ပြည်ထောင်စုကိုကျနော်တို့ တည်ဆောက်ချင်တယ်။”

ဦးစိုင်းအုန်းမြင့်က ရှမ်းတိုင်းရင်းသားလူမျိုးဖြစ်ပြီး မိသားစု(၅)ယောက်ရှိပါတယ်။

လက်ရှိမှာမိသားစုစားဝတ်နေရေးအတွက် အိမ်မှာစားသောက်ဆိုင်ဖွင့်လှစ်ထားပြီး၊ ကုန်သည်အလုပ်ကိုလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဦးစိုင်းအုန်းမြင့်ဟာ(၁၀)တန်းအထိ တက်ရောက်ခဲ့ပြီး၁၉၈၆ခုနှစ်ကနေစပြီး ၁၉၉၅ခုနှစ်အထိအခြေခံပညာ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ကျောင်းဆရာအဖြစ်ကနှုတ်ထွက်ပြီး အသက်မွေးဝမ်းကြောင်းအတွက် လက်သမားအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

၂၀၀၈ခုနှစ်ကနေစပြီး နိုင်ငံရေးလောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာရွားတောမြို့နယ်အတွင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည)နဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)(၂)ပါတီသာ ရှိသေးတဲ့အတွက်၂၀၁၀ရွေးကောက်ပွဲကိုတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နိုင်ငံရေး၊ဒီမိုကရေစီအရေးတွေအရေးတွေကို (၁၀)နှစ်ကျော်ပါဝင်လှုပ်ရှားခဲ့ပြီး နိုင်ငံရေးသင်တန်းတွေကိုလည်းများစွာ တက်ရောက်ဖူးသူဖြစ်ပါတယ်။

နောက်ပိုင်းမှာNLD ပါတီကအသိအမှတ်မပြုပါဘူးလို့ ဆိုလာတဲ့အတွက်ကြောင့်(NBF) အဖွဲ့ရဲ့အကူအညီနဲ့ကယားလူမျိုးစုပါတီကိုပြန်ပြီးဖွဲ့စည်းတာဖြစ်တယ်လို့ ဦးစိုင်းအုန်းမြင့်ကပြောပါတယ်။

“ သူတို့NLD ကနေကျနော်တို့အဖွဲ့ကို အသိအမှတ်မပြုပါဘူးဆိုပြီးတော့လုပ်လိုက်တဲ့အချိန်မှာ နောက်ဆုံးတော့ကျနော်တို့က ( Nationalities Brotherhood Federation-NBF) ဆိုတဲ့အဖွဲ့ကအစည်းအဝေးခေါ်လိုက်တယ်တောင်ကြီးကိုကျနော်တို့ကို အဲ့ဒါတောင်ကြီးကိုတက်သွားပြီးတော့ ပြည်နယ်ကိုယ်စားပြုတစ်ခုခုပြန်ပြီးဖွဲ့စည်းပါလားဆို သူတို့ကတိုက်တွန်းတာပေါ့။ လိုအပ်တဲ့အကူအညီတွေ၊ လိုအပ်တဲ့နည်းပညာတွေမှန်သမျှသူတို့ ပံ့ပိုးပါ့မယ်ဆိုပြီးတော့ ကျနော်တို့ပြန်လာပြီးလူကြီးတွေနဲ့ညှိတယ်။ ညှိပြီးတော့ကျနော်တို့ကယားလူမျိုးစုပါတီဆိုပြီးတော့ ကျနော်တို့ပြန်ပြီးတော့ဖွဲ့စည်းတာပေါ့။” လို့ပြောပါတယ်။

ဦးစိုင်းအုန်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီဖွဲ့စည်းခဲ့တဲ့အထဲမှာပါဝင်ယုံသာမကကယားလူမျိုးစုပါတီကို စတင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

ပါတီကြီးတွေလွှမ်းမိုးမှုကို မလိုလားဘဲပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက်တိုင်းရင်းသားပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်တယ်လို့ ဦးစိုင်းအုန်းမြင့်ကဆိုပါတယ်။

၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာလဲ ကယားလူမျိုးစုပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူတစ်ယောက်လဲဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ လုပ်ဆောင်ပေးမယ့်အရာတွေကိုပြောဆိုပြီး မဲဆွယ်တာမျိုးကိုမလုပ်ဘဲအစိုးရတစ်ရပ်ဖြစ်လာရင် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့သူကဆိုပါတယ်။

“ လုပ်ပေးမယ်ဆိုတဲ့အပိုင်းကတော့ ကျနော်ဘယ်ပြည်သူ၊ ဘယ်လူထုမှကျနော်ကတိမပေးခဲ့ပါဘူး။ ဒါတွေလုပ်ပေးမယ်လို့တော့ကျနော်မပြောဘူး။ ဒါပေမယ့်အစိုးရဖြစ်လာပြီဆိုတဲ့ အခြေအနေမှာတော့ဒီလမ်း၊တံတားဆောက်တာတို့ ကျောင်းဆောက်တာတို့၊ဆေးရုံဆောက်တာတို့ ဒါကတော့လိုအပ်တဲ့နေရာမှာတော့လုပ်ပေးနေရမှာပဲ အဲ့တာပဲပြောချင်တယ်။”လို့ပြောပါတယ်။

အဓိကအနေနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုမျှော်မှန်းထားတဲ့အတွက်၂၀၂၀ရွေးကောက်ပွဲမှာတိုင်းရင်းသားပါတီအနေနဲ့နိုင်ဖို့လိုတယ်၊ တကယ်လို့အနိုင်ရခဲ့မယ်ဆိုရင်ငြိမ်းချမ်းရေးကို အဓိကလုပ်ဆောင်ပေးပြီးတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရပြီဆိုရင်တော့ဖက်ဒရယ်ပြည်ထောင်စုကို ဆက်သွားမယ်လို့ဦးစိုင်းအုန်းမြင့်ကဆိုပါတယ်။

“ အခုလက်ရှိကျနော်တို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအခု ကိုယ်စားလှယ်လောင်း(၄)ယောက်(ရှားတောမြို့နယ်အတွင်း) ကလည်းခင်ဗျားတို့သိနေ၊ မြင်နေတဲ့လူတွေအချိန်မရွေးခင်ဗျားတို့ ဆက်သွယ်နိုင်တဲ့လူတွေဒါကြောင့်မလို့ခင်ဗျားတို့ အခုကျနော်တို့လာတာကကျနော်တို့လူကြီးဖြစ်ဖို့ မဟုတ်ဘူးခင်ဗျားတို့ဆီမှာအလုပ်လာတောင်းတာ။” လို့ဦးစိုင်းအုန်းမြင့်က ပြောပါတယ်။

ဦးစိုင်းအုန်းမြင့်က၂၀၂၀မှာကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) ကနေပြီးရှားတောမြို့နယ်၊ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှာဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။

spot_img
spot_img

Recent posts