စိုးထိုက်အောင်
ကိုဗစ်ကာလမှာ ကုမ္ပဏီကိုရောင်းတဲ့မော်ချီးခဲ ဈေးကျတဲ့အတွက် ခဲကျင်းလုပ်ငန်းလုပ်ကြသူတွေအနေနဲ့ ငွေရေးကြေးရေးအခက်အခဲကြုံတွေ့နေကြရတယ်လို့ ခဲကျင်းလုပ်ငန်းလုပ်ကိုင်တဲ့သူတွေထံကနေ ကြားသိရပါတယ်။
ကိုဗစ်ကာလမှာ ခဲကျင်းလုပ်သားတွေကို ခေါ်ရတာ အခတ်အခဲဖြစ်နေတဲ့အတွက် အရင်လို ခဲကျင်းကိုအကြီးကျယ်မလုပ်နိုင်တော့ပဲ မိသားစုတစ်နိုင်တစ်ပိုင်ပဲလုပ်ရတဲ့အတွက်ကြောင့် ငွေကြေးရရှိမှုကအခက်အခဲဖြစ်နေတယ်လို့ ခဲကျင်းလုပ်ငန်းလုပ်နေတဲ့ မော်ချီးဒေသ (၁၃)ကုန်းကျေးရွာမှာနေတဲ့ ဒေါ်တင်မာစိုးက ပြောပါတယ်။
“ ကိုဗစ်ကာလမှာဆိုလဲ အလုပ်သမားတွေလဲ ကျမတို့အရမ်းခေါ်လို့လဲ မရဘူး။ ဘာဖြစ်လဲဆိုတော့ တစ်ပြည်နယ် တပြည်နယ် ကိုယ့်ကြောင့််ကူးစက်သွားရင်လဲ မကောင်းဘူး။ မကောင်းတဲ့အတွက်အလုပ်သမားတွေလဲ အရမ်းမခေါ်ရဲဘူး။ ရှိတဲ့ အိမ်ကမိသားစုလေးနဲ့ပဲ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းလိုမျိုးပဲ ကျမတို့ လုပ်ကိုင်စားသောက်ရတဲ့အတွက် ငွေရေးကြေးရေးတွေကတော့ အခက်အခဲတော့ ရှိသွားတာပေါ့။” လို့ဒေါ်တင်မာစိုးက ပြောပါတယ်။
ကိုဗစ်မဖြစ်ခင်ကာလမှာ မော်ချီးခဲဈေးနှုန်းက ခဲရဲ့အရေအသွေးအပေါ်မှာမူတည်ပြီး ကုမ္ပဏီကနေ ခဲတစ်ပိဿကို ၁၇၀၀၀ကျပ် ပေးပေမယ့်လည်း ယခု ၁၂၀၀၀ကျပ်ပဲရတော့တယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာလအတွင်းမှာလဲ ကုမ္ပဏီကနေပုံမှန်ဈေးအတိုင်း ခဲတွေကို ဝယ်ယူပေးနေတယ်လို့ ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာအဖွဲ့အတွင်းရေးမှူးလည်းဖြစ် ရဲထွဋ်ကျော် ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာလည်းဖြစ်တဲ့ ဦးရဲထွဋ်တင်က ပြောပါတယ်။
“ကိုဗစ်ကာလမှာတော့ အခက်အခဲက အများကြီးပါပဲ။ သို့သော်လဲ ကျနော်တို့က ပုံမှန်ဈေးအတိုင်းပဲ ကျနော်တို့ထားပေးတယ်။”လို့ ဦးရဲထွဋ်တင်ကပြောပါတယ်။
အခုလို ကိုဗစ်ကာလမှာခဲဈေးကျဆင်းမှုကြောင့် မော်ချီးသတ္တုတွင်းကို အမှီပြုလုပ်ကိုင်နေတဲ့ ခဲအရောင်းအဝယ်သမားတွေ၊ ကျင်းလုပ်သားတွေနဲ့ ခဲလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ လူတွေပါ ငွေရေးကြေးရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
အပြင်မှာခဲရောင်းရင် အရင်က တစ်ပိဿ ၂၀၀၀၀ ကျပ် ဝန်းကျင်လောက်ရပေမယ့် ယခုအခါမှာ ၁၆၀၀၀၀န်းကျင်လောက်သာရှိတော့တယ်လို့ မော်ချီးအုပ်စုအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းကပြောပါတယ်။
“ ဒီကာလအတိုင်းအတာနဲ့လဲ။ ခဲအလွန်ကောင်းမှ ၁၆၀၀၀ ဝန်းကျင်အဲ့လိုပဲရတာ အခုချိန်မှာကတော့။ အရင်တုန်းကတော့ မကဘူးပေါ့။” လို့ ဦးဆန်းဝင်းက ပြောပါတယ်။
နိုင်ငံတော်ကို အခွန်အခတွေပေးရတဲ့အတွက်ကြောင့် တရားမဝင် ခဲသတ္တုဝယ်ယူသူတွေနဲ့ယှဉ်မယ်ဆိုရင်တော့ သူတို့ပေးတဲ့ဈေးအတိုင်းတော့ မပေးနိုင်ဘူးလို့ ဦးရဲထွဋ်တင်က ပြောပါတယ်။
“ တရားမဝင်ဝယ်တဲ့လူတွေကို ဘယ်လိုမှ မယှဉ်နိုင်ဘူး။ တရားမဝင်ဝယ်တဲ့လူတွေက ကုန်ကျစရိတ်ဘာရှိလဲ။ သူတို့ သယ်ခရှိမယ်။ သူတို့မှာသယ်ခပဲ ကုန်မယ်။ ဟိုကဘယ်လောက်ပေးမလဲ ပေးလာတဲ့ ဝယ်တဲ့လူဆီက၊ ကုန်သည်စီက ယူလာတဲ့ပိုက်ဆံကိုယူလာမယ်။ ပြီးရင် ဒေသခံဆီကဝယ်မယ်။ ကော်မရှင်ခတွေတောင် သူတို့ကရသေးတယ်။ နိုင်ငံတော်အတွက် အခွန်အခပေးမှုတွေ သူတို့တာဝန်မရှိဘူးလေး။ သူတို့က လိုင်စင်မဲ့လုပ်တာလေး။ အဲ့တော့သူတို့ကပိုပေးနိုင်တယ်။ ဒါကိုကျနော်တို့ဘယ်လိုမှမယှဉ်နိုင်ဘူး။” လို့ ဦးရဲထွဋ်တင်က ပြောပါတယ်။
အကြီးစားသတ္တုထုတ်လုပ်မှုတွေမှာ တန်၁၀၀ရမယ်ဆိုရင် ၄တန်ကို ဓာတ်သတ္တုခွန်၊ ၉၆တန်ကျန်မယ်ဆိုရင် နိုင်ငံတော်ကို ၃၀ရာခိုင်နှုန်း၊ ခဲတွေကိုရောင်းမယ်ဆိုရင် ရောင်းတဲ့အပေါ်မှာ ဝင်ငွေခွန်၂၅ရာခိုင်နှုန်း၊ ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုဖို့ ၂ရာခိုင်နှုန်း၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးအတွက် ထွက်ရှိတဲ့ သတ္တုရဲ့ ၂ရာခိုင်နှုန်း၊ မိုင်း(ကျင်း)ပိတ်သိမ်းရေးအစီအစဉ်အတွက် ခဲသတ္တုထုတ်လုပ်မှုရဲ့ ၂ရာခိုင်နှုန်း အဲ့ဒီအပိုင်းတွေမှာ အခွန်အခတွေ ဆောင်ရတဲ့အတွက်ကြောင့် အတွက်ကြောင့်မလို့ တရားမဝင်ဝယ်ယူသူတွေပေးတဲ့ဈေးအတိုင်းမပေးဝယ်နိုင်တာဖြစ်တယ်လို့ ဦးရဲထွဋ်တင်က ဆိုပါတယ်။
ကယားပြည်နယ် မော်ချီးသတ္တုတွင်းကနေထွက်ရှိတဲ့ ခဲမဖြူ၊ အဖြိုက်နက် သတ္တုတွေကို တရုတ်နိုင်ငံ ရွှေလီမြို့ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာတော့ ပြည်တွင်းပြည်ပ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ထားတာဖြစ်ပါတယ်။
ကယားပြည်နယ် မော်ချီးဒေသမှာ တရားဝင်ခဲကျင်းလုပ်ကွက် စုစုပေါင်း ၁၂၆ကျင်းရှိပြီး လုပ်သား၁၃၀၇ဦးရှိပါတယ်။