spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

အဝေးပြေး ယာယီကုန်သည်ယာဉ်ရပ်နားစခန်း ဒေသခံတွေ ပြောင်းရွှေ့စေလို

Author

Date

Category

ခွန်းကလိုင်းဖရီး

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝှါရီကောခူကျေးရွာအတွင်းရှိ အထကကျောင်းခွဲမှာ ကယားပြည်နယ်အစိုးရရဲ့ အစီအမံနဲ့ပြုလုပ်ထားတဲ့ အဝေးပြေးယာယီကုန်သည်ယာဉ် ရပ်နားစခန်းကို ရွှေ့ပြောင်းပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ အဆိုပါအဝေးပြေးယာယီကုန်သည်ယာဉ်ရပ်နားစခန်းမှ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို Rapid Diagnostic Test Kits စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူ (၂) ဦး တွေ့ရှိခဲ့တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဒေသခံတွေ အခုလို စိုးရိမ်နေကြတာနဲ့ ပတ်သက်လို့ ဝှါရီကောခူ ကျေးရွာအုပ်ချုပ်ရေးမှူး စခွန်းလှငူက “သူ့တို့ကားက နေ့လည်ချိန်မှာတော့ သိပ်မရှိပါဘူး အပြင်မှာ။ ဒါပေမယ့် ည ၄ နာရီအချိန်ကနေ ညနေ ၆ နာရီအချိန်ထိ တစ်ချက်၊ ပြီးရင် နံနက် ၇ နာရီကနေ ၈ နာရီ ၉ နာရီအထိအတစ်ချက်မှာ သူတို့ ကားအပြင်မှာ အများကြီးရပ်နေတယ်။ ဒီယာဉ်မောင်းသမားတွေက အပြင်မှာပဲ ထွက်ကစား၊ ထွက်ထိုင်နေတဲ့အခါကျတော့ စိုးရိမ်မိတာပေါ့။” လို့ ပြောပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အများအပြင်ရှိနေတဲ့အပြင် နေ့စဉ်စား ဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရတဲ့ တောင်သူလယ်သမားတွေလည်းများတာကြောင့် ရောဂါကူးစက် ခံရမှာကို စိုးရိမ်နေကြတာပါ။

ဝှါရီကောခူကျေးရွာ အထကခွဲကျောင်းမှာ ပြုလုပ်ထားတဲ့ ယင်းအဝေးပြေးယာယီကုန်သည်ယာဉ်ရပ်နား စရပ်စခန်းဟာ ဝှါရီကောခူကျေးရွာနဲ့ ပီကင်းကောခူကျေးရွာကြားမှာ တည်ရှိနေတာဖြစ်ပါတယ်။

“သူတို့လည်း Q ထိန်းထားတယ်ဆိုပေမယ့်လို့လည်း အဝင်အထွက်ကရှိတယ်။ သူတို့က စားဖို့သောက်ဖို့ ဝယ်ခြမ်းတာ၊ သူတို့ ပိုလုပ်တယ်။ အဲ့မျိုးခါကျတော့ ဒို့အတွက် ဈေးရောင်းတာ လုံးဝစိုးရိမ်စရာကြီးဖြစ်တာ ပေါ့နော်။ ပိုက်ဆံကိုင်တာကအစ၊ ပစ္စည်းပေးတာကအစ အဲ့လိုမျိုးဟာတွေပေါ့နော်။”လို့ ပီကင်းကောခူ ကျေးရွာမှာ ဈေးဆိုင်ဖွင့်ထားတဲ့ စမူရောဇာကိုင်းက ပြောပါတယ်။

ဒီလိုစိုးရိမ်နေရတဲ့ အခြေအနေတွေကြောင့် ဈေးဆိုင်တွေကို ဆက်မရောင်းရဲတော့ပဲ ပိတ်ပစ်လိုက်တာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုန်တင်ယာဉ်ရပ်နားစခန်းကို ယခင်က လွိုင်ကော်မြို့ အထက(၆)ကျောင်းမှာ ဖွင့်လှစ်ခဲ့ပေမယ့် အောက်တိုဘာလ ၉ရက်နေ့ကစပြီး ဝါရီကောခူကျောင်းဝန်းအတွင်းမှာ ရွေ့ပြောင်းလိုက်တာဖြစ်ပါတယ်။

ကားသမားတွေကိုလည်း တခြားရွာတွေထဲကို လျှောက်မသွားဖို့ စည်းကမ်းတကျနေဖို့ မှာထားတဲ့အကြောင်း ၊ ကားသမားတွေအတွက် အတတ်နိုင်ဆုံးအဆင်ပြေအောင် ဖြည့်ဆည်းပေးထားတဲ့အကြောင်း အားလုံးကနေ ပြည်နယ်အကျိုးဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံပါတယ်လို့ လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း ကန္တာရဝတီတိုင်း(မ်)ကို ပြောဆိုခဲ့ဖူးပါတယ်။

ဝါရီကောခူကျေးရွာမှာ အိမ်ခြေ ၂၈၀ ခန့်နဲ့ လူဦးရေ ၁၅၀၀ ကျော်ရှိသလို ပီကင်းကောခူကျေးရွာမှာလည်း အိမ်ခြေ ၂၅၀ ကျော်နဲ့ လူဦးရေကတော့ ၁၂၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ အဝေပြေးယာယီကုန်သည်ယာဉ်ရပ်နားစခန်းကို အောက်တိုဘာလ ပထမပတ်လောက်မှာ ပြည်နယ်အစိုးရကနေ စီစဉ်ထားရှိခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ ဆန္ဒသဘောထားရယူညှိနှိုင်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဝှါရီကောခူကျေးရွာမှာ နေထိုင်တဲ့ စခွန်းမောင်လို့က “ကျနော်တို့ ဒီလို ယာဉ်နားစခန်းမလုပ်ကတည်းက ရောဂါတွေက ကျနော်တို့ ကြောက်ပြီးသားပါ။ အခုတစ်ခါကျတော့ ကျနော်တို့ ရွာအတွင်းမှာ လာလုပ်တဲ့ အခါကျတော့ မိလည်း မိထားတယ်ဆိုတော့ ကျနော်တို့ ယာဉ်နားစခန်းကို လုံးဝမထားချင်ပါဘူးခင်ဗျ။”လို့ ပြောပါတယ်။

ဒေသခံတွေက ၎င်းအဝေးပြေးယာယီယာဉ်ရပ်နားစခန်းနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရကို အမြန်ဆုံးလာရောက်ဖြေရှင်းညှိနှိုင်းဖယ်ရှားပေးဖို့ တောင်းဆိုထားပြီး လာရောက်ညှိနှိုင်းဖြေရှင်းပေးခြင်းမရှိပါက လူထုအင်အားသဘောထားတစ်ရပ်ကို ဖော်ထုတ်ပြီး ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts