spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

NLD အစိုးရရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးသပ်

Author

Date

Category

ဦးမြာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း ၅ နှစ်သက်တမ်းကာလအတွင်း တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လူမျိုးစုတိုင်းရဲ့ဆန္ဒကို မဖော်ဆောင်နိုင်ခဲ့ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက သုံးသပ်ထားကြပါတယ်။

ငြိမ်းချမ်းရေးလိုချင်ပေမယ့် ငြိမ်းချမ်းရေးရဲ့ အဓိကလိုအပ်ချက်တွေကိုမလုပ်မိသေးဘူးလို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး – က.လ.လ.တ(KNPLF) ဗဟိုကော်မတီဝင် ဦးအောင်သန်းမြင့်က ပြောပါတယ်။

“ ကျနော်တို့ ငြိမ်းချမ်းရေးကိုလိုချင်ကြတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကိုတကယ်လိုချင်တဲ့တကယ်လိုအပ်တဲ့ အချက်တွေကိုကျနော်တို့ မလုပ်မိသေးဘူး။ အခြေခံကျကျမလုပ်မိသေးဘူး။ အဓိက မြန်မာနိုင်ငံမှာဖြစ်နေတာကလူမျိုးစုတွေနဲ့ ဖြစ်နေတဲ့ လူမျိုးစုတိုင်းနဲ့ဖြစ်နေတဲ့ အတွက် အဲ့ဒါငြိမ်းချမ်းဖို့အတွက် လူမျိုးစုတွေကဘာလိုချင်တာလဲဆိုတဲ့ လူမျိုးစုတိုင်းရဲ့ဆန္ဒကိုသိဖို့လိုတယ်။ အဲ့ဒီလူမျိုးစုထဲကလူငယ်တွေရောအဲ့ဒီလူမျိုးစုထဲကအမျိုးသမီးတွေရောသဘောထားကိုသိဖို့လိုတယ်။အဲ့ဒီအသံကိုသိဖို့လိုတယ်။ လူငယ်တွေ အမျိုးသမီးတွေ အသံတွေကိုသိရှိပြီးတော့နားလည်ပြီးတော့ အဲ့ဒီလိုနားလည်ပြီးတော့ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရင်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးရဖို့ ပိုလွယ်မယ်လို့ထင်တယ်။ ”

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦးဟာဆိုရင် အရင်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကနေ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ခဲ့ပြီးတော့ ၁၉၉၄ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ်မှာပဲ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်တဲ့အဖွဲ့ဖြစ်ပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံခူးမီရယ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးဖို့ကိုဦးစားပေးနေတဲ့အတွက် ငြိမ်းချမ်းရေးမှာပြောင်းလဲမှုသိသိသာသာမတွေ့ရတော့ဘူးလို့ပြောပါတယ်။

“ KNPPအနေနဲ့လည်း ဒီလက်မှတ်ရေးထိုးနိုင်ရေးကိစ္စကိုပဲ လောပြီးတော့ ဆွေးနွေးလိုက်တဲ့အနေအထားမျိုးကျနော်တို့ သုံးသပ်မိတာပေါ့နော။ ၂၀၁၅ ကနေ ၂၀၂၀ အထိအောင်မြင်မှုကြီးကြီးမားမားရတာသိပ်မတွေ့ရဘူး။ အဓိကကျနော်ပြောချင်တာက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကနေ တစ်စုံတစ်ရာပြောင်းလဲမှုကသိပ်မတွေ့ဘူး။”

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေနဲ့ကတော့ ၂၀၁၂ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့် ပစ်ခတ်ရပ်စဲရေးသဘောတူညီစာချုပ်ကို ဦးစွာ ပထမ လက်တွေ့အကောင်အထည်ဖော်နိုင်ရေးကို ဆောင်ရွက်နေတာဖြစ်ပြီး (NCA) မထိုးရသေးတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

လာမယ့် ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်ဖို့ ၂၁ ရာစုပင်လုံညီလာခံ ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖယ်ဒရယ်အရေးတို့နဲ့ ပတ်သက်ပြီးရလဒ်ကောင်းတွေထွက်ဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ကျော်ထင်အောင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတွေလုပ်ပေမယ့် ဒေသတွင်းကိစ္စတွေကိုပဲဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။

“ ပုံမှန်တစ်လတစ်ကြိမ်တွေ့ဆုံဖို့ပြောဆိုထားကြပေမယ့်လည်း သုံးလေးလတစ်ကြိမ်လောက် တစ်ကြိမ်ဆိုပေမယ့်လည်း ထူးထူးထွေထွေမဟုတ်ပဲဒေသတွင်းအနည်းငယ်လောက်ပဲ ပြောဆိုဆွေးနွေးနိုင်ပြီးတော့တကယ်ရေရှည်တည်တံ့တဲ့ငြိမ်ချမ်းရေးတဲ့အတွက် နိုင်ငံရေးဆိုင်ရာတွေကျန်တဲ့ညှိ့နှိုင်းမှုဆိုင်ရာတွေကိုဆွေးနွေးနိုင်စွမ်းမရှိတာတွေကိုတွေ့ရတယ်။ ဒါသည်ပြည်နယ်အစိုးရအဖွဲ့မှာရှိနေတဲ့သူတွေရဲ့ ငြိမ်းချမ်းရေးအပေါ်မှာမသိနားမလည်မှုတွေ သူတို့ကိုယ်တိုင်က ဒါနဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံပိုင်းဆိုင်ရာအရရော ဗဟုသုတပိုင်းဆိုင်ရာအရရော မရှိမှုကြောင့်မလို့ တာဝန်မယူရဲတဲ့အတွက်ကြောင့်မလို့ မလုပ်ဘူးလို့ပဲ ကျနော်တို့အနေနဲ့မြင်ပါတယ်။”

ဒီးမော့ဆိုမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၆ မှာ ယခုရွေးကောက်ပွဲအပြီး အနိုင်ရသွားတဲ့ ဒေါ်ခင်သန်းနုက ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမျိုးသားရင်ကြားစေ့ရေးကို အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

“ လွှတ်တော်ထဲမှာ လုပ်ပိုင်ခွင့်နေရာကို ဘယ်လောက်အထိ လုပ်ပိုင်ခွင့်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်ပေါ့နော။ အဲ့ခါကျတော့ အဲ့ပေါ်မူတည်ပြီးတော့ အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်လို့ ပြောချင်ပါတယ်။ NLD ရဲ့မူဝါဒအောက်မှာဖယ်ဒရယ်ဆိုတဲ့ဟာလည်း ထည့်သွင်းထားပြီးသား အမတို့ကတော့ ရတဲ့အခွင့်အလမ်းကနေပြီးတော့ လုပ်ဆောင်သွားမယ်။ ”

လက်ရှိမှာ ဖားဆောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ဆက်လက်အနိုင်ရရှိထားတဲ့ ဒေါ်နန်းထွေးသူက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
“အခုလုပ်နေတဲ့ငြိမ်းချမ်းရေးအပေါ်ဆက်လက်ပြီးဆွေးနွေးသွားမှာပေါ့နော။ မပါလာသေးတဲ့ အဖွဲ့တွေကော ပါလာပြီးသားအဖွဲ့တွေကော အားလုံးပါဝင်အောင်ပေါ့။ ဆက်လက်ပြီးတော့ ဆွေးနွေးသွားဖို့တော့ရှိတာပေါ့။”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဦးဆောင်ခဲ့တဲ့ အစိုးရလက်ထက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှာ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေး ထိုးခဲ့ကြပြီး NLD အစိုးရလက်ထက် ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့သာ NCA ကို ထပ်မံရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့၄ ဖွဲ့ကတော့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF / က.လ.လ.တ) နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့ပြီး တခြား ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီ (KNPDP / ကယောနီအဖွဲ့)၊ ကရင်နီအမျိုးသားသွေးစည်းညီညွတ်ရေးအဖွဲ့ (KNSO / ကြယ်ဖြူအဖွဲ့)၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP / နဂါးအဖွဲ့) တို့က ဌာနေပြည်သူ့စစ်အဖြစ်အသွင်ပြောင်းခဲ့ပြီးဖြစ်ပါတယ်။

spot_img
spot_img

Recent posts