ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို စုစည်းထား ပါတယ်။
စူးမယ်
ရှားတောမြို့နယ် ဒေါစဲရွာမှ ၁၉၉၆ ခုနှစ်မှာ ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ အသက် ၈ဝ ဝန်းကျင် မော်ဘော်မယ်
“ဗမာစစ်တပ်တွေ မောင်းထုတ်လို့ ပြေးလွားရင်း ထွက်လာတာ။ သစ်ပင်အောက်မှာပဲ လျောက်အိပ်ရတယ်။ ပုရွက်ဆိတ်လည်းကိုက် ခြင်တွေလည်းကိုက်နဲ့။ ခြုံထဲမှာလဲ အိပ်ရတယ်။ တောထဲမှာ မအိပ်ချင်တော့ဘူး။ ဒီကို ထွက်ပြေးလာလိုက်တာ။ ပြန်လာမယ်ဆိုပြီး ဘာပစ္စည်းမှ မယူတော့ဘူးလေ။ ဒါမယ့် သွားကျိုး ဆံပင်ဖြူတဲ့အထိ ဒီမှာနေလာရတယ်”
ရှားတောမြို့နယ် ဒေါကလိုးခူရွာကနေ ၁၉၉၆ ခုနှစ်မှာ ဒုက္ခသည်စခန်းကို ရောက်လာတဲ့ အသက် ၆ဝ အရွယ် မော်ဒါးမယ်
“စစ်တပ်က အိမ်နဲ့ စပါးကျီတွေကို အကုန် မီးရှို့လိုက်တော့ စားစရာဘာမှမရှိတော့ဘူး ထမင်း သုံးရက်လောက် ငတ်ပြီး ဒီဖက်ကို ထွက်ပြေးလာလိုက်တာ။ စစ်တပ်က ကျမတို့ အိုးအိမ်ကို မီးမရှို့လိုက်ဘူးဆိုရင် ကျမတို့ ဒီကို ထွက်ပြေးလာမှာ မဟုတ်ဘူး။ မီးရှို့လိုက်တော့ စားစရာမရှိတော့ဘူး ရေလည်း သောက်စရာမရှိတော့ဘူး။ မိုးရေတွေကိုပဲ ခတ်သောက်လိုက်ရတော့ သောက်လို့မကောင်းဘူး။ ထမင်းကို သုံးရက်တောင် ငတ်တာ။ စစ်တပ်က ရိုက်လည်း ရိုက်တယ်။ သူ့သေနတ်ဒင်ကို မြောက်တက်ပြီး ရိုက်တာ။ ကျမ သမီး ဦးမယ်ဆို အခု တတိယနိုင်ငံ အရင်နှစ်က သွားလိုက်ပြီ။ သူက သူ့ကလေးကို ချီထားတာ ဗမာစစ်တပ်က သူ့ပခုံးကို သေနတ်ဒင်နဲ့ ရိုက်တော့ ညိုမဲသွားတယ်လေ။ စစ်တပ်က အိုးအိမ်ကို မီးမရှို့ရင် ကျမတို့ ဒီကို လာမှာမဟုတ်ဘူး”
ခူးစိုးရယ် ဒေါသမကြီးအုပ်စု ဒေါညေးခူ ကျေးရွာ ၁၉၉၉ခုနှစ်မှာ ဒုက္ခသည်စခန်းသို့ ထွက်လာခဲ့သူ
“စစ်တပ်က နှိပ်စက်တယ် ရိုက်နက်တယ်။ နဂါးအဖွဲ့ ပြန်ထောင်တုန်းကဆိုရင် တစ်လ တစ်လ အလှည့်ကျ ပေါ်တာ ထမ်းရတယ်။ တစ်လတောင် မပြည့်ဘူး တစ်ယောက်ပြီး တစ်ယောက်က သွားရတယ်။ ဘောလခဲကို သွားပြီး စာသွားပို့ရတယ်။ တခါတလေကျရင် အပြောင်းလဲဆိုပြီး ဒေါပဲ ဒေါပဲတူ ဖက်ကို သွားပို့ခိုင်းတယ်။ တစ်ပါတ် တစ်ပါတ် ကျမတို့ လူလှည်းကျတယ်။ ရ ယောက်ဆို ရ ယောက် ၈ ယောက်ဆိုလည်း ၈ယောက်ပေါ့ အဲလို လူလှည်းရတယ်။ ကျနော်တို့ကတော့ ကိုယ့်ရပ် ကိုယ့်ရွာကို အရမ်းပြန်ချင်တာပေါ့။ ရိုးရာအစဉ်အလာနဲ့လည်း နေချင်တာပေါ့။ ဒါပေမယ့် ကျနော်တို့အတွက် လုံခြုံမှု မရှိဘူး။ နေထိုင်လို့မရဘူး သွားလာလို့ မရဘူး ဖြစ်နေတော့ ပြန်နေလို့မရဘူး။ ကျနော်တို့အတွက် လုံခြုံမှုသာ ရှိမယ်ဆိုရင် ကိုယ့်ရပ် ကိုယ့်ရွာမှာပြန်ချင်တယ်။ မိဘတွေရှိတဲ့နေရာကို ပြန်ချင်တာပေါ့။”
ဒေါဘူးကူးရွာမှ ထွက်ပြေးလာခဲ့သည့် အသက် ၄၁ နှစ် ခူးစိုးရယ်။ “ ၁၉၉၂မှာ ဒုက္ခသည်ကို ထွက်လာ တိုင်းပြည်အခြေအနေရှုပ်ထွေးပြီး ခြိမ်းခြောက်နေလို့ စိတ်ညစ်တာနဲ့ ဒီဖက်ကို ထွက်လာတာ။ ကလလတတို့ အစိုးရဖက်က စစ်တပ်တို့ ခြိမ်းခြောက်
တာတွေကို မခံနို်င်လို့ ထွက်လာတာ။ ယောက်တိုင်းလိုလိုက ကောင်းတာပဲ လိုချင်တယ်။ ဖွံ့ဖြိုးတိုးတက်တာတွေ ငြိမ်းချမ်းတာတွေပဲ လိုချင်တယ်။ တစ်ယောက်မျက်နှာ တစ်ယောက်တွေ့ကြဖို့ အဲဒါတွေမကဘူး ဆွေမျိုး မောင်နှမတွေလည်း တစ်ယောက် တစ်နေရာစီကို ရောက်သွားကြတယ်ပေါ့။ အေးဆေးသွားပြီဆိုတော့ တစ်မျိုးပေါ့ မအေးဆေးသေးပဲနဲ့ ပြန်သွားရင်တော့ ဒုက္ခထပ်ခံရမှာပဲလေ။”
ရှားတောမြို့မှထွက်ပြေးခဲ့သည့် မော်ငါးမယ် “စစ်တပ်က လာရှုပ်လို့လေ။ ဘာတွေလာရှုပ်လဲဆိုတော့ ပေါ်တာတွေဘာတွေ ထမ်းခိုင်းတယ်။ အစတုန်းက ကျမတို့က ရွာမှာနေတာ။ တောင်ပေါ်ရွာမှာနေတာ။ လာရှုပ်ပြီး ရှားတောမြို့ကို မောင်းဆင်းတယ်။ အားလုံးလည်း ရှားတောကို ဆင်းနေကြပြီးတော့ ရှားတောမှာလည်း ထပ်ရှုပ်ပြန်တယ်။ ကျမ အမျိုးသားကို ဖမ်းမလို့လုပ်နေတယ်လေ ကျမ အမျိုးသားက ဒီဖက်ကို ထွက်ပြေးလာလို့ ကျမတို့လည်း လိုက်လာတာ။ တိုင်းပြည်အခြေအနေ မတည်ငြိမ်သေးရင် မပြန်ချင်ဘူး။ သွားရင်လည်း အဖွဲ့အစည်းနဲ့ပဲ သွားချင်တယ်။ ကိုယ့်ဘာသာကိုယ် မသွားလာရဲဘူး။”
ဖရူဆိုမြို့နယ် မော်သီဒိုရွာ မှ ထွက်ပြေးခဲ့သည့် အသက် ၃၃ နှစ် ဖရေးဒို “စခန်းထဲကို ၂၀၀၂မှာ ရောက်ရှိ စစ်တို့ဘာတို့ ကိစ္စကြောင့်ပေါ့ ပေါ်တာတို့ဘာတို့ခေါ်တော့ မခံနိုင်လို့ ဒီဖက်ကို ထွက်လာတာ။ အဲဒီအချိန်တုန်းကဆိုရင် ၁၅-၁၆နှစ်လောက်ပဲ ကျနော်က နည်းနည်းငယ်သေးတယ်။ သူတို့ပေါ်တာခေါ်သွားတာ အဲဒီအောက်ဖက် ရာအီပရားဖက်ထိဆို တစ်ရက် ခရီးရှိတယ်ပေါ့။ ဆန်တွေဘာတွေထမ်းသွားပေးရတယ် ကျနော်က နည်းနည်းငယ်သေးတယ်ဆိုတော့ အဲမှာ ခေါ်သွားတယ်ပေါ့။ သူတို့ပေါ်တာ ထပ်ဆွဲဖို့အစီအစဉ်ရှိတာပေါ့ အဲဒါနဲ့ ခဏခဏ ပြေးပုန်းနေရတော့ မထူးဘူးဆိုပြီး ဟိုသွား ဒီသွားရင်းနဲ့ ဒီကိုပဲလာလိုက်တာ။”