ပြီးခဲ့တဲ့၂၀၁၀ ၊ ၂၀၁၅အထိ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကယားပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် ဦးခင်မောင်ဦးက တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူ့ရဲ့လက်ထက်မှာ ပြည်နယ်ဖွံဖြိုးတိုးတက်ရေးကိစ္စနဲ့ဆက်စပ်တဲ့ လုပ်ငန်းစီမံကိန်းတွေအကောင်အထည်ဖော်ဆောင်ရာမှာ ဒေသခံပြည်သူတွေရဲ့ဆန္ဒသဘောထားကို အဓိက အခြေခံပြီး လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။
ဥပမာပြည်နယ်တွင်း ဘိလပ်မြေစက်ရုံတည်ဆောက်မှုစီမံကိန်းကိစနဲ့ပတ်သက်လို့ လုပ်ငန်းအကောင်အထည်မဖော်မှီ ဒေသခံလူထုနဲ့ ညှိနှိုင်းဆွေးနွေးမှုအခင်းအကျဉ်းတွေကိုပြုလုပ်ပြီး သဘောတူညီမှုမရရှိတဲ့အပေါ် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မှုတွေမပြုလုပ်ပဲ ရပ်ဆိုင်းထားခဲ့ပါတယ်။
ပြည်နယ်အတွင်းငြိမ်းချမ်းရေးကြိုးပန်းမှု အပိုင်းမှာလည်း အစိုးရနဲ့ ကေအန်ပီပီအကြား ပြည်နယ်အဆင့် နှစ်ဖက်ချုပ်ဆိုထားတဲ့ အပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဆောင်ရာမှာ အပြည့်အဝလိုက်နာဆောင်ရွက်မှုမရှိသည့်တိုင် သိရှိနားလည်သဘောပေါက်တဲ့ အပြုအမူရှိတာကိုတွေ့ရပါတယ်။
ဒီဘက် ၂၀၁၅ ကနေ ၂၀၂၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးအယ်လ်ဖောင်းရှိုတာဝန်ယူစဉ်ကာလအတွင်း လုပ်ငန်းစီမံကိန်းတွေဆောင်ရွက်ရာမှာ ဒေသခံလူထုနဲ့ထိပ်တိုက်မှုဖြစ်စဉ်ရှိခဲ့တာကို ကြည့်ခြင်းအားဖြင့် လူထုရဲ့အသံကိုလျပ်လျှူ ရှုတဲ့အနေအထားကိုတွေ့ရပါတယ်။
အဆိုးဆုံးက ပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ဝန်ကြီးချုပ်နဲ့မဆိုင်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့သာဆိုင်ကြောင်းသတ်မှတ်ထားတဲ့အတွက် ပြည်နယ်တွင်းငြိမ်းချမ်းရေးကိစမှာ ရှေ့မတိုးနောက်မဆုတ်တဲ့ အနေအထားမှာရှိနေတယ်ဆိုတာကို တွေ့ကြရမှာပါ။
၂၀၂၀အလွန် ကယားပြည်နယ်ရဲ့ ဝန်ကြီးချုပ် အသစ်ခန့်အပ်ခံရမည့်သူဟာ ဘယ်လိုအရည်အချင်းတွေနဲ့ပြည့်စုံရမယ်ဆိုတာထက် ၂၀၁၅ ၊ ၂၀၂၀ သက်တမ်းကလို သူမျိုးမခန့်မိဖို့ အနိုင်ရပါတီအနေဖြင့် အထူးသတိထားမိဖို့လိုအပ်ပါတယ်။
ပြည်နယ်တွင်းက ဌာနေတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့အခြေအနေနဲ့ မှန်ကန်တဲ့နောက်ခံသမိုင်းအကြောင်းတွေကို အလေးထားစိတ်ဝင်စားသူအား ရွေးချယ်ခန့်အပ်နိုင်မယ်ဆိုရင် အနည်းဆုံး ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ငြိမ်ငြိမ်းချမ်းရေးအတွက် များစွာ အပံ့အပိုး ဖြစ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။