spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးကို ခက်ခဲစွာသင်ယူကြရတဲ့ ဖရူဆိုအနောက်ဖက်ခြမ်း (သို့မဟုတ်) ပရဲ့ဒေသ

Author

Date

Category

အန်ထောနီ

ဖရူဆိုမြို့နယ်ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ သိုသီးဖိုအုပ်စု ကျေးရွာဟာဆိုရင် ကယားပြည်နယ်၊ ကရင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကျေးရွာတွေဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးအတွက် ခက်ခဲနေသေးတဲ့အပြင် ပညာရေးဖွံဖြိုးမှုအလွန်နောက်ကျကျန်ခဲ့တဲ့ အုပ်စုလည်းဖြစ်ပါတယ်။

ကိုဗစ်ကာလကျော်ဖြတ်ပြီး ကျောင်းပြန်ဖွင့်လှစ်နိုင်ခဲ့ရင်တော့ ကျောင်းတွေမှာက အရင်ကတည်းက ကျောင်းရဲ့အထောက်အကူပြု သင်ထောက်ကူပစ္စည်းတွေနဲ့ စာသင်ခုံပရိဘောဂတွေလည်း လုံလုံလောက်လောက်မရှိကြသေးတာတွေ ကြောင့်ကလေးတွေမှာ ပညာရေးကိုထိထိရောက်သင်ကြားနိင်ဖို့က မရှိနိုင်သေးပါဘူး။

“ ကျောင်းထဲကလိုအပ်တာကတော့ ခုံတွေ ပြည့်ပြည့်စုံစုံမရှိဘူးလေး။ လိုအပ်တာက စသင်ခုံတွေ၊ နောက်ပြီးကျောက်သင်ပုန်းတွေကလည်း အဆင်သိပ်မပြေဘူး ပျက်စီးကုန်ပြီလေး။ ကျောက်သင်ပုန်းတွေ၊ ခုံတွေ။ ရေကတော့ရွာသူရွာသားနဲ့ပဲတူတူသုံးကြတယ်။ နောက်ပြီးတော့ အိမ်သာတွေကတော့ ဖြစ်သလိုပဲ ကျနော်တို့ကျောင်းဆရာမအတွက် လုပ်ထားပေးတယ် အဲ့လိုမျိုး။ လိုအပ်တာကတော့ ကျောက်သင်ပုန်းနဲ့ ခုံတွေပေါ့။” လို့ သိုသီးဖိုဒေသခံ ဦးစေားအီကာ ကပြောပါတယ်။

ဒါ့အပြင် ကျောင်းဖွင့်ချိန်မှာဆိုရင် စာသင်ခန်းတွေဆိုရင်လည်း တစ်ခန်းတည်းကို နှစ်ခန်းခွဲပြီးစာသင်နေကြရတယ်။

“ ရွာမှာတော့ အခက်အခဲအများကြီးရှိပါတယ်။ ပညာရေးပိုင်းမှာကော လမ်းပန်းဆက်သွယ်ရေးပိုင်းမှာကော အများကြီးရှိပါတယ်။ ပညာရေးပြောရင် ကျောင်းခန်းမလုံမလောက်ဖြစ်တာမျိုး၊ ဆရာ၊ ဆရာမ မလုံလောက်ဖြစ်တာမျိုး အများကြီးရှိပါတယ်။” လို့ သိုသီးဖိုအုပ်စု ဒိုမိုခေါးကျေးရွာမှ လူငယ်ခေါင်းဆောင် ကျော်လွီးဇီ ကပြောပါတယ်။

သင်ကြားပေးနေတဲ့ဆရာ/မ တွေအနေနဲ့လည်း ဆရာ/မ မလုံလောက်တဲ့အတွက် သင်ကြားရေးပိုင်းတွေမှာ ကျောင်းသားမိဘတွေအနေနဲ့ အားရကျေနပ်မှုမရှိလှဘူးလို့ဆိုကြပါတယ်။

တာဝန်ကျ ဆရာ/မ တွေအတွက် နေစရာထိုင်ခင်း ဝန်ထမ်းအိမ်ရာမရှိတာကြောင့် ရွာသားများကိုယ်တိုင် ဝိုင်းဝန်းပြီး ဝါးထရံလေးများဖြင့်သာ ဆောက်လုပ်ထားတဲ့အတွက်ကြောင့် ခိုင်ခံမှုမရှိပဲ (၂) နှစ်တစ်ကြိမ် ပြန်လည်ပြုပြင်ပေးရတယ်လို့လည်း သိရပါတယ်။

ကျောင်းဖွင့်ချိန်ရောက်လို့ မူလတန်းကနေ အလယ်တန်းဆက်တက်မယ့် ကျောင်းသူကျောင်းသားတွေ ဆိုင်ကယ်နဲ့ ၆ နာရီလောက်မောင်းရတဲ့ ကေကောကျေးရွာမှာရှိတဲ့ ဘော်ဒါဆောင်နေပြီး ပညာကိုဆက်လက်ဆည်းပူးကြရပါတယ်။
ဘော်ဒါဆောင်မနေနိုင်တဲ့ကျောင်းသူ/သားတွေကတော့ ကျောင်းဆက်မတက်နိုင်တော့ပါဘူး။

ဖရူဆိုမြို့နယ် သိုသီးဖိုကျေးရွာအုပ်စုမှာရှိတဲ့ မူလတန်းကျောင်းမြင်ကွင်းဖြစ်ပါတယ်။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

အထူးသဖြင့်မိုးရာသီအချိန်မှာ သိုသီးဖိုကျေးရွာအပြင် အခြားရပ်ဝေးကနေ ကေကောသို့ ကျောင်းလာတက်တဲ့ ကျောင်းသူ/ သားတွေအတွက် ကြီးမားတဲ့အခက်အခဲရှိတာကြောင့် ကျောင်းချိန်မမှန်တာတွေရှိလာတယ်လို့ အ.လ.က(ခွဲ) ကေကော မူလတန်းပြဆရာမ ဒေါ်လယ်တီးရှာ ကပြောပါတယ်။

“ ကျမသူတို့ကိုကြည့်တာ သူတို့သွားရလာရတာ အဆင်မပြေဘူး။ တစ်ချို့ ဖာဝယ်ကျေးရွာကနေလာတဲ့ကလေးရှိတယ်။ တစ်ချို့က လူဒေးကျေးရွာ ကနေလာတဲ့ကလေးရှိတယ်။ တစ်ချို့က သိုသီးဖိုကနေလာတဲ့ကလေးရှိတယ်။ သူတို့မိုးတွင်းဆိုရင် လမ်းတွေက တအားချော်ပြီး ကျမတို့ဖက်မှာဆိုရင် မိုးရွာရင် တကုန်ရွာ၊ သစ်ပင်တွေတောင်လဲှတယ်အထိဖြစ်တယ် ပြီးတော့ ကမ်းပါးတွေပြို ရေတွေကြီးအဲ့လိုမျို။ တောင်ကျရေတွေကျလာတဲ့အချိန်ဆိုရင် သူတို့ခမျာလည်းအဲ့လိုပဲသွားနေရတယ် တာပေမယ့် မိုးတအားကြီးတဲ့ခါဆိုရင် သူတို့ကျောင်းပျက်လိုက်ရတယ် သူတို့ရွာမှာပဲသူတို့နေတယ်။ မိုးနည်းနည်းပြန်ငြိမ်တဲ့ချိန်ဆို သူတို့ကျောင်းပြန်လာကြတယ် အဲ့လိုမျိုး။” လို့ပြောပါတယ်။

ကေကောကျေးရွာမှာတော့ အလယ်တန်းအဆင့်ထိဖွင့်လှစ်ထားပေမယ့် အလယ်တန်းပြီးသွားတဲ့ ကျောင်းသူ/သား များအတွက် အထက်တန်းကိုဆက်လက်ဆည်းပူးနိုင်ဖို့က ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြန်ပါတယ်။

မြို့ပေါ်မှာ ဆွေမျိုးသားချင်းကိုမှီခိုပြီး အထက်တန်းဆက်တက်တဲ့ ကျောင်းသူ/သားတွေအနေနဲ့လည်း မြန်မာစကားကိုကျွမ်းကျင်စွာ မပြောနိုင်တာတွေ ၊ ကျောင်းစရိတ်မလုံလောက်တာတွေ၊ နေရာထိုင်ခင်းအဆင်မပြေတာတွေ စတဲ့စိန်ခေါ်မှုတွေရှိနေကြပါတယ်။

အထက်တန်းကို ပြီးဆုံးအောင်မသင်ကြားနိုင်ပဲ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းနားလိုက်တာတွေ အများအားဖြင့်တွေ့နေရတယ်လို့ ကေကောတိုက်နယ် ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီး Fr-အန်ထော်နီ ကပြောပါတယ်။

“ ဒါကတော့ကြီးမားတဲ့စန်ခေါ်မှုပေါနော။ ဘာလိုလဲဆိုရင် ဒီမှာကဘော်ဒါကလေးတွေများတယ်။ များတော့ သူတို့ပြီးသွားတဲ့အခါမှာ များသောအားဖြင့် မြို့ထဲမှာ နောက်ဘော်ဒါထပ်ထားဖို့ဆိုတာ သူတို့ရဲ့ကျောင်းစရိတ်ပေါနော် တော်တော်လေးအခက်အခဲဖြစ်နေတယ်။ နောက်ပြီးတော့များသောအားဖြင့် ဒီရွာမှာက နီးစပ်ရာ ကိုယ့်ရဲ့ဆွေမျိုးဆီမှာပဲသွားပြီးတော့နေရတယ်။ ဆွေမျိုးနားမှာနေရတော့ ဘော်ဒါနဲ့မတူတဲ့အခါကျတော့ များသောအားဖြင့် ကျောင်းထွက်သွားတာတွေရှိတယ်။ သူတို့ဆက်လက်မတက်နိုင်ဘူး။ ရွာထဲမှာ (၈) တန်းပြီးသွားပြီ မြို့ထဲမှာ အထက်တန်းသွားတက်မယ်ဆိုရင် ကိုယ်တော်ပြန်လေ့လာကြည့်သလောက်ကတော့ ဆက်မတက်နိုင်တဲ့ကလေးတွေ တော်တော်များများရှိတယ်။ ဘာလို့လဲဆိုရင် သူတို့ဘယ်နားသွားနေရမှန်းမသိတော့ဘူး ဘော်ဒါဆောင်ဆိုရင်လည်း အကန့်အသတ်နဲ့ရှိနေတဲ့အခါကျတော့ နည်းနည်း အခက်အခဲရှိသွားတယ်။” လို့ပြောပါတယ်။

ကျေးလက်ဒေသမှာ ကျောင်းတက်နေရတဲ့ ကလေးတွေမှာတော့ စာသင်ဖို့ ခုံတွေတောင်အလုံအလောက်မရှိသေးတာကြောင့် မြို့ပေါ်ရှိစာသင်ကျောင်းလောက်မကောင်းဘူးလို့ သိုသီးဖိုဒေသခံတစ်ဦးဖြစ်ပြီး ဖရူဆိုမြို့ပေါ်မှာအထက်တန်းပညာကိုကို ဆက်လက်သင်ယူနေတဲ့ မနော်ထူးဝါဖော ကပြောပါတယ်။

“ မြို့ပေါ်လောက်တော့ မကောင်းဘူးပေါနော်။ ဒီမှာကအခန်းကလည်းနှစ်ခန်း သုံးခန်းလောက်ပဲရှိတယ် ကျောင်းသားဦးရေက နည်းနည်းများနေတယ် စာသင်ခုံတွေမလုံလောက်တာတွေလည်းရှိတယ်”

ဒါ့အပြင် သိုသီးဖိုအုပ်စုအပါအဝင် ဖရူဆိုအနောက်ဖက်ခြမ်း တော်တော်များများဟာ လျပ်စစ်မီးမရှိသေးပဲ ဘတ္ထရီ၊ ဆိုလာပြား တို့ကိုသာအသုံးပြုနေရတဲ့အတွက်ကြောင့် ကျောင်းတက်ရာသီရောက်ချိန်မှာဆိုရင် စာတွေကိုလေ့လာဖို့အတွက် မှုန်ဝါးနေတဲ့ မီးရောင်အောက်တွေမှာသာ စာတွေကို လေ့လာကြရတာဖြစ်ပါတယ်။

သိုသီးဖိုကျေးရွာအုပ်စုအတွင်းမှာဆိုရင် မူလတန်းကျောင်း ၅ ကျောင်းနဲ့မူခွဲ ၁ ကျောင်း ရှိပါတယ်။ ကျောင်းပြန်ဖွင့်ချိန်မှာ ဒီလိုခက်ခဲတဲ့ ဒေသဘက်က ကလေးတွေ ကျောင်းပြန်တက်နိုင်ဖို့အတွက် မိဘတိုင်းက တွေးပူနေကြရဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts