spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်နက်ကိုင်အားလုံးပါဝင်ဖို့ ကယန်းပြည်သစ်ပါတီတောင်းဆို

Author

Date

Category

ဦးမြာ

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကြိုးပန်းမှုဖြစ်စဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအားလုံး ပါဝင်ခွင့်ပေးသင့်ကြောင်း ကယန်းပြည်သစ်ပါတီက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ရက်စွဲနဲ့ ကယန်းပြည်သစ်ပါတီကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ကြေငြာချက်မှာ တောင်းဆိုထားတာဖြစ်ပါတယ်။

“ ကျနော်တို့နိုင်ငံရေးတောင်းဆိုချက်တွေကို ကျနော်တို့ နိုင်ငံရေးနည်းလမ်းအရ တောင်းဆိုမယ် လို့ တစ်လျှောက်လုံးပြောခဲ့တယ်။ ဒါပေမယ့်ကျနော်တို့ကို ဒါက နိုင်ငံရေးအရ စကားပြောခွင့်အခြေအနေလေး ဒီကြားထဲမှာ ဆုံးရှုံးသွားခဲ့တယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အစိုးရကနေပြီးတော့ အာဏာရအစိုးရတွေကနေပြီးတော့ အသိအမှတ်ပြုဖို့ အကောင်အထည်ဖော်ပေးဖို့အတွက် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျနော်တို့ ပါဝင်ဖို့လိုတယ်။” လို့ ကယန်းပြည်သစ်ပါတီရဲ့ ပြင်ပဆက်ဆံရေးဌာနက ဦးရဲခေါင်ကပြောပါတယ်။

ထုတ်ပြန်ချက်ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ အနာဂတ်ပြည်ထောင်စုသစ်တည်ဆောက်ရေးနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရကို ဖော်ဆောင်တဲ့နေရာမှာ အကြံပြုသဘောမျိုးနဲ့ သဘောထားထုတ်ပြန်ခြင်းဖြစ်တယ်လို့ ဦးရဲခေါင်ကဆက်ပြောပါတယ်။

ကယန်းပြည်သစ်ပါတီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့အတွက် အိတ်ဖွင့်ပေးစာ ပေးပို့တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို ကယန်းပြည်သစ်ပါတီကနေ ပြည်တွင်းငြိမ်းချမ်းရေးမှာပါဝင်ဖို့ တောင်းဆိုတဲ့အပေါ်မှာ ပြည်နယ်တွင်းက လူမှုအသင်းအဖွဲ့တွေ၊ လက်ရှိ တပ်မတော်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တာဝန်ရှိသူတွေဆီကို သဘောထားမှတ်ချက်တွေ မေးမြန်းခဲ့ပေမဲ့ မဖြေကြားလိုဘူးလို့ ဆိုကြပါတယ်။

ထုတ်ပြန်ချက်မှာ ကယန်းပြည်သစ်ပါတီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ပေးဖို့အပြင်၊ NLD ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံရာမှာ ဒေသခံတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ တိုင်းရင်းသားပါတီတွေကို သာ အလေးထားဆက်ဆံဖို့ ဆိုတဲ့ အချက်လည်းအပါအဝင်ဖြစ်ပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ၁၉၆၄ခုနှစ် သြဂုတ်လ ၈ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အင်အား နှစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ကယန်းပြည်သစ်ပါတီဟာ စစ်အစိုးရရဲ့ကမ်းလှမ်းမှုနဲ့ နိုင်ငံတော်အစိုးရနဲ့ အပစ်ရပ်ကို ၁၉၉၄ ခုနှစ် ဇူလှိုင်လ ၂၆ရက်နေ့မှာ သဘောတူညီမှုရယူခဲ့ပါတယ်။

ကယန်းပြည်သစ်ပါတီဟာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာမှာ အခြေစိုက်ပြီးတော့ သူ့ရဲ့မူဝါဒက ကယန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရှိပြီး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ ကယားပြည်နယ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တစ်ခုတည်းသာ ဖိတ်ကြားခြင်းခံရပါတယ်။

spot_img
spot_img

Recent posts