CDMမှာပါဝင်တဲ့ ပြည်နယ်ထွေအုပ်ဝန်ထမ်းတွေရဲ့ဝန်ထမ်းအိမ်ယာအခန်းတွေကို အာဏာပိုင်တွေ သော့ခတ်သွား

0
250

ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်မှာ Civil Disobedience Movement (CDM) မှာ ပါဝင်တဲ့ ပြည်နယ်ထွေအုပ်ဝန်ထမ်းတွေရဲ့ ဝန်ထမ်းအိမ်ယာအခန်းတွေကို အာဏာပိုင်တွေက လာရောက်ပြီး သော့ခတ်သွားတယ်လို့ သိရပါတယ်။

CDMမှာ ပါဝင်တဲ့ ပြည်နယ်ထွေအုပ်ဝန်ထမ်းတစ်ဦးက “ဝန်ထမ်းတွေက နဂိုကတော့ သူတို့ရဲ့ အခန်းကို သူတို့ ကိုယ်ပိုင်သော့နဲ့ ခတ်ထားခဲ့တာပေါ့။ အဲ့ဒါကို သူတို့က အဲ့သော့တွေကို ရိုက်ဖျက်ပြီးတော့မှ သူတို့သော့အသစ်နဲ့ လာပြီးတော့ ခတ်ထားလိုက်တာဖြစ်တယ်ဗျ။”လို့ ပြောပါတယ်။

ပြည်နယ်ထွေအုပ်ရုံးက ဝန်ထမ်းတွေရဲ့ အခန်းတွေကို သော့ခတ်ထားပြီး သော့လိုချင်ရင် ပြည်နယ်ရုံးကို လာခဲ့ဖို့ တံခါးဝမှာ စာကပ်ထားတယ်လို့ ဆိုပါတယ်။
အခုလို CDM လုပ်နေတဲ့ ဝန်ထမ်းတွေဟာ အခြားလုံခြုံတဲ့နေရာမှာ ရောက်နေပေမယ့် ဝန်ထမ်းအိမ်ယာက အခန်းတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေကျန်နေခဲ့လို့ ပြန်ထုတ်မရပဲ ဖြစ်နေပါတယ်။

“ဝန်ထမ်းတွေက အဝေးကနေပြီးတော့ လာနေကြတဲ့သူတွေရှိတယ်။ သူတို့ဒီလွိုင်ကော်ဒေသခံမဟုတ်ပဲနဲ့ အဝေးကနေ လာနေကြတဲ့သူတွေရှိတယ်။ တချို့ကျတော့ မိသားစုတွေရှိတယ်။ ကလေးတွေရှိတယ်။ ဒီလိုလူမျိုးတွေက သူတို့ရဲ့ ပစ္စည်းတွေပေါ့နော်။ အိမ်ထောင်ရှိတဲ့လူဆို ပိုဆိုးတာပေါ့နော်။ ပစ္စည်းသွားယူတဲ့ အခါကျရင် အဲ့လိုမျိုးတွေဖြစ်နေတယ်။”

ဖရူဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၁၄ ဦးကိုလည်း CDM ပါဝင်တဲ့အတွက် တာဝန်ကနေ ရာယီရပ်ဆိုင်းထားကြောင်း မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေငြာခံလိုက်ရပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပြည်နယ်ထွေအုပ်ဝန်ထမ်းတွေ စုစုပေါင်း ၂၀ ကျော်ကနေ CDM မှာ စတင်ပါဝင်လာခဲ့ပြီးတော့ အခုဆိုရင် ပြည်နယ်ထွေအုပ်ရုံးမှာ ဝန်ထမ်းဦးရေ ၂၀၀ ကျော်ရှိတဲ့အနက် ဝန်ထမ်း ၅၀ ကျော်က CDM မှာ ပါဝင်နေပြီလို့ သိရပါတယ်။

ကယားတစ်ပြည်နယ်လုံးမှာတော့ ထွေအုပ်ဝန်ထမ်းဦးရေ ၅၀၀ ကျော်ရှိတဲ့အနက် ဝန်ထမ်း ၁၀၀ ကျော်က CDM မှာ ပါဝင်လာပြီလို့ သိရပါတယ်။