spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

စီးပွားရေး၊ ကျန်းမာရေးတွေကောင်းမွန်အောင် တစ်နှစ်တစ်ခါ ကျင်းပတဲ့ တံခွန်တိုင်ပွဲ (ခေါ်) သျားအီးလှူး (ခေါ်) ကေထျိုးဘိုးပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လူမျိုးစုတွေတိုင်းမှာ သူတို့ရဲ့ယုံကြည်မှုနဲ့ ပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တွေရှိကြပါတယ်။
ကယား(ကရင်နီ)လူမျိုးစုတို့ရဲ့ ရိုးရာဓလေ့တွေထဲမှာ တံခွန်တိုင်ပွဲဟာ လူသိများတဲ့ ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါတယ်။

တံခွန်တိုင်ပွဲကို ကယား(ကရင်နီ)လို သျားအီးလှူး ကေထျိုးဘိုးလို့ခေါ်ပြီး နှစ်စဉ် ဧပြီလနဲ့မေလတွေမှာ ကျင်းပလေ့ရှိပါတယ်။

ဒေါညေးခူကျေးရွာ ကေထျိုးဘိုးပွဲဖြစ်မြောက်ရေးကော်မတီ ဦးကူးရယ် က “ ကျနော်တို့ဒီဟာကိုလုပ်တယ်ဆိုတာက နတ်ဘုရားကြွလာပြီး တောင်ဝှေးလာပေးတုန်းက ဒီလိုလုပ် ဒီဟာကိုးကွယ် ပြီးဆုကျေးဇူးတွေတောင်း ရေ၊ မြေ၊ လတို့ နေရာတကျရှိပြီး စားဖို့သောက်ဖို့ အဆင်ပြေပြီး ရာသီဥတုလည်း ပုံမှန်ဖြစ်ပြီး ကျနော်တို့ကလေးတွေ ကောင်းကောင်းစားသောက်နိုင်ဖို့ အကုန်လုံးအတွက် ဦးတည်ပြီး ပြုလုပ်တာဖြစ်တယ်။”

ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်း ဒေါတမကြီးကျေးရွာအုပ်စု ဒေါညေးခူကျေးရွာမှာ နိုင်ငံရေးအခြေအနေကြောင့် ကေထျိုးဘိုးပွဲကို ဆွေမျိုးမိတ်ဆွေတွေမပါပဲ ပူဇော်နေကြပါတယ်။
ကေထျိုးဘိုးပွဲကို မပြုလုပ်ဘူးဆိုရင် စီးပွားရေး၊ ကျန်းမာရေးအဆင်မပြေတာတွေဖြစ်လာနိုင်တယ်လို့ ဦးကူးရယ်က ပြောပါတယ်။

“ဒီဓလေ့က လူငယ်တွေဘားမှမသိပေမယ့်။ ကျနော်တို့ သက်ကြီးပိုင်းတွေ ကျနော်တို့ဓလေ့ရိုးရာကို မပြုလုပ်တော့ဘူးဆိုရင် ကျနော်တို့ကျန်းမာရေးကအစ စီးပွားရေး အခုတောင်ဖြစ်နေပြီ မိုးလေဝသက ပုံမှန်မဟုတ်တော့ဘူး။ ကျနော်တို့ သက်ကြီးပိုင်းစိတ်ထဲမှာတော့ တခြားအရာတွေကိုပဲ လိုက်နာပြီး ကျနော်တို့ရိုးရာဓလေ့က မနက်ဖြန်ဘာဖြစ်မလဲမပြောနိုင်ပေမယ့်။ အချိန်တန်ရင် ကျနော်တို့ဝိဉာဉ်က ခန္ဓာကိုယ်ကို စွန့်ခွာသွားမှာပဲ။ ကျနော်တို့ကလေးတွေက ခေတ်အလိုက်ပြောင်းလဲကြပေမယ့်။ ကျနော်တို့ သက်ကြီးပိုင်းတွေကတော့ ဆုတောင်းပေးနေရုံပဲ။ မကောင်းတာတွေကင်းဝေးပြီး ကောင်းမွန်ပြီး ကျနော်တို့ကလေးတွေ လုပ်ကိုင်သမျှကောင်းမွန်ပါစေလို့ပဲ ဆုတောင်းပေးရတယ်။”

‌ဒေါညေးခူကျေးရွာမှာ နိုင်ငံရေးအ‌‌ခြေအနေကြောင့် ကေထျိုးဘိုးပွဲကို အကျဉ်းချုပ်ကျင်းပခဲ့။

ကေထျိုးဘိုးပွဲမှာ တံခွန်တိုင်အဖြစ်သုံးမယ့် ကျွန်းပင်ကို ဒေသခံတွေက ကနဦး ကြက်ရိုးထိုး ဗေဒင်မေးပြီး နေကောင်းရက်မြတ်ကိုရွေးချယ်ကာ သွားရောက်ခုတ်ယူကြပြီး ပွဲတော်ရက်မြတ်မှာ စိုက်ထူကြရတာဖြစ်ပါတယ်။ အဲ့ဒီ တံခွန်တိုင်ကို ကြက်ဖ၊ ခေါင်ရည် တို့နဲ့ပူဇော်ကြပါတယ်။

ကေထျိုးဘိုးတိုင်ကိုလည်း ကြက်ရိုးကို အသုံးပြုပြီးရွေးရတယ်လို့ ဒေါညေးခူကျေးရွာ ကေထျိုးဘိုးပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဦးနဲရယ်က ပြောပါတယ်။

“ ကျနော်တို့ တောတောင်တွေထဲမှာ သွားပြီး ကျွန်းပင်အကောင်းဆုံးတစ်ပင်ကိုရွေးပြီး ကြက်ရိုးထိုးကြည့်တယ်။ ကြက်ရိုးက အောင်တယ်ဆိုလို့ရှိရင် အမှတ်အသားလုပ်ထားပြီး အဲ့တစ်ပင်ကိုပဲလာခုတ်ကြရတယ်။ အမှတ်အသားလုပ်ထားတဲ့အပင်အပြင် တခြားတစ်ပင်ခုတ်လို့မရဘူး။”

နှစ်စဉ်နှစ်တိုင်း ကေထျိုးဘိုးပွဲတွေပြုလုပ်ကြပေမဲ့ တံခွန်တိုင်တော်ကို နှစ်စဉ်ခုတ်ယူစိုက်ထူကြတာမဟုတ်ပါဘူး။

တချို့ကျေးရွာတွေမှာ ၁၀နှစ်မှ တစ်တိုင်သာစိုက်ထူကြပြီး တစ်တိုင်စိုက်ထူရင် နှစ်ပေါင်းအကြာဆုံးရှိနေခဲ့တဲ့ တိုင်ကို ဖယ်ရှားကြပါတယ်။

ကေထျိုးဘိုးတိုင်စိုက်ထူတဲ့နှစ်မှာဆိုရင် ပွဲကို ၁၁ရက်အထိ ရိုးရာအကပြိုင်ပွဲ၊ သီးချင်းဆိုပြိုင်ပွဲတွေနဲ့ ကျင်းပကြပါတယ်။

ကေထျိုးဘိုးတိုင်မစိုက်ထူတဲ့နှစ်တွေမှာဆိုရင်တော့ ပွဲကို သုံးရက်ကျင်းပပြီး ရှိနေတဲ့ကေထျိုးဘိုးတိုင်တွေကို ပူဇော်ကြပါတယ်။

ကေထျိုးဘိုးပွဲမှာ ကြက်ရိုးကိုအသုံးပြုပြီး ကံဇာတာဖတ်တာလည်း ကယားလူမျိုးတို့ရဲ့ အဓိကသက်ဝင်ယုံကြည်မှုတစ်ခုဖြစ်ပါတယ်။

ဒေါညေးခူကျေးရွာက ကေထျိုးဘိုးပွဲမှာ တစ်အိမ်ကို ကြက်ဖတစ်ကောင်ပူဇော်ပြီး အိမ်မိသားစုရဲ့ တစ်နှစ်တာ ကံဇာတာကို လာဖတ်ကြပါတယ်။

ဦးမီရယ်စိုးသင့်က ကြက်နာကျပြီး အိမ်မှာကြက်ဖမရှိတဲ့နှစ်တွေကလွဲပြီး နှစ်တိုင်းလာပူဇော်တယ်လို့ ပြောပါတယ်။

“ ကျနော်တို့ ရိုးရာတန်ခွန်တိုင်က ကျနော်တို့ ရိုးရာအဆက်ဆက်က ယုံကြည်ကိုးကွယ်လာတဲ့အတွက် အိမ်တိုင်းလိုလို ကြက်ဖဖမ်းလာပြီး တော့မှ ဥပမာထားပါတော့ ကျနော်က ဒီတန်ခွန်တိုင်ကိုလာပူဇော်မယ်ဆိုရင် ကျနော့်ဘက်နဲ့ အမျိုးတော်တဲ့လူ ကျနော့်အဖိုးတော်တဲ့လူပေါ့နော။ အဲ့လူကိုခေါ်ပြီးတော့မှ ကြက်ပူဇော်ပြီးတော့မှ ကြက်ရိုးကိုကြည့်ပြီးတော့မှ ကျနော်တို့ မိသားစု ကျန်းမာရေးရယ် နောက်ပြီးတော့ ကျနော်တို့ လာမယ့်နှစ် သီးနှံစိုက်ပျိုးတဲ့အခြေအနေပေါ့နော။ ကြက်ရိုးအောင်ရင် ကျနော်တို့ မိသားစုကျန်းမာရေးလည်းကောင်းမယ်။ လုပ်ငန်းကိုင်ငန်းလည်း အဆင်ပြေတာပေါ့။”

ပူဇော်ထားတဲ့ကြက်ကို အိမ်မယူပြန်ပဲ။ သတ်မှတ်ထားတဲ့ ကေထျိုးဘိုးဝိုင်းမှာ ချက်ပြုတ်စားသောက်ရပါတယ်။

ဒီလိုမျိုးနှစ်စဉ်ရိုးရာဓလေ့ပူဇော်တာဟာ ဘိုးဘေးဘီဘင်လက်ထက်က သတ်မှတ်ထားတဲ့အတိုင်း ပူဇော်ရပါတယ်။ အမှားတစ်ခုခုလုပ်မိရင် ဒုက္ခရောက်နိုင်တယ်လို့ ဒေါညေးခူကေထျိုးဘိုးရှေးဦးကော်မတီ ဦးပိုးရယ်က ပြောပါတယ်။

“ အကယ်၍ ကောင်းကောင်းလေး ပုံမှန်ပူဇော်မယ်ဆိုရင် ရေလည်းအဆင်ပြေတယ်။ ရောဂါတွေလည်းကင်းဝင်းတယ်။ ဒီဓလေ့တွေက မှားပြီးပူဇော်လို့မရဘူး။ အပင်တွေစိုက်စားရင်လည်း မအောင်မြင်တော့ဘူး။ အဲ့လိုဖြစ်တယ်။ အစဉ်အဆက်တိုင်းအဲ့လိုပဲ လုပ်နေတာ။ “

ကယား(ကရင်နီ) ပြည်နယ်မှာ တံခွန်တိုင်ပွဲ(ကေထျိုးဘိုးပွဲ) နဲ့ အဲ့ဒိုပေါ်မှီ(ဒီးကူ)ပွဲတို့ဟာ ထင်ရှားလှတဲ့ရိုးရာဓလေ့ဖြစ်ပြီး နှစ်စဉ်လုပ်ဆောင်နေကြပါတယ်။

ဒီဓလေ့ကို ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့ပေမယ့် အခုတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာတယ်လို့ ဦးကူးရယ်ကပြောပါတယ်။

ကယားပြည်နယ်မှာ ကေထျိုးဘိုးကို ကိုးကွယ်ပြီး နေထိုင်တဲ့သူတွေရှိနေသေးသလို တခြားဘာသာဖြစ်တဲ့ ကတ်သလစ်ခရစ်ယာန်နဲ့ ဗုဒ္ဒဘာသာကို ကိုးကွယ်ပြီး ဓလေ့ပွဲတွေကို ပြုလုပ်တဲ့သူတွေလည်းရှိပါတယ်။

spot_img
spot_img

Recent posts