KSCC နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို အောင်မြင်တဲ့အထိ စုပေါင်းဆောင်ရွက်သွားမယ်လို့ NUG ဝန်ခံကတိပြု

0
1344

ကန္တာရဝတီတိုင်း(မ်)

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) မှ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နဲ့အတူ ပြည်ထောင်စုရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူမှုရှိပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို မိတ်ဖက်အဖွဲ့အားလုံးနဲ့ လက်တွဲပြီး ရည်မှန်းချက်အောင်မြင်ပြီးမြောက်တဲ့အထိ စုပေါင်းဆောင်ရွက်သွားမယ်လို့ ဝန်ခံကတိပြုလိုက်ပါတယ်။

NUG မှ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းလက်မှတ်ရေးထိုးထားတဲ့ အထက်ပါ ဝန်ခံကတိပြုတဲ့ အကြောင်းကြားစာကို KSCCရဲ့ တရားဝင်လူမှုစာမျက်နှာကနေ ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာ ဖော်ပြထားပြီး လုပ်ငန်းစဉ်တွေ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ KSCC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျတော်တို့ကတော့ NUG,NUCC နဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်။ ပြည်နယ်အရေး ပြည်ထောင်စုအရေးကိုပေါ့နော။ နောက်ပြီးတော့ ကျတော်တို့ ကြားကာလကနေပြီး ဖက်ဒရယ်ပြည်ထောင်စုရရှိတဲ့အထိ ကျတော်တို့ မျှော်မှန်းတဲ့ Self-determination ပေါ့ ဒီလုပ်ငန်းစဉ်ကို ကျတော်တို့ အကောင်အထည်ဖော်သွားမှာပေါ့နော။ အရင်ကလည်းပြောပြီးသားပဲ။ သူတို့နဲ့ ကျတော်တို့နဲ့ကတော့ ရှေ့ဆက်ပြီးတော့ လုပ်ငန်းတွေ ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိပါတယ်။” လို့ KSCC ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ရက်နေ့ကထုတ်ပြန်ထားတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့နဲ့အတူ ပြည်နယ်အရေး၊ ပြည်ထောင်စုအရေးနဲ့ပတ်သက်ပြီး ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပြီး အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ့် ထုတ်ပြန်ကြေညာချက်အပေါ် NUG မှ တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ KSCC မှ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝတည်ဆောက်ရေးအတွက် CRPH ၊ NUG နဲ့အတူ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

KSCC ပြောရေးဆိုခွင့်ရှိသူက “လုပ်နေတာတော့အများကြီးရှိတယ်ပေါ့။ CRPC နဲ့သော်လည်းကောင်း၊ NUG နဲ့သော်လည်းကောင်း၊ ပြည်နယ်ထဲမှာလည်း ခုနကပြောသလို ကြားကာလကနေ ဖက်ဒရယ်ပြည်ထောင်စုကို ပေါ်ပေါက်လာတဲ့အထိ ကိုယ့်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ ကိုယ်ပိုင်းပြဌာန်းခွင့်အပြည့်အဝ တည်ဆောက်အတွက် ကြိုးပမ်းနေပါတယ်။” လို့ ပြောပါတယ်။

KSCC ကို ပြည်နယ်တွင်းရှိ ၂၀၂၀ ရွေးကောက်ခံအမတ်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၊ လူငယ်၊ အမျိုးသမီးအဖွဲ့၊ တတ်သိပညာရှင်အားလုံးစုပေါင်းပြီး ၂၀၂၀ခုနှစ် ဧပြီလ ၉ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။