ကန္တာရဝတီတိုင်း(မ်)
ထိုင်း-ကရင်နီနယ်စပ် ကရင်နီဒုက္ခသည်စခန်းမှ ကရင်နီလူမျိုးအားလုံး ပြည်နယ်အတွင်း ပြန်နေရဖို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြပြီး အားတင်းကြဖို့ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ ကရင်နီလူငယ်တွေက တောင်းဆိုထားကြပါတယ်။
“ကျမတို့ ပြန်နိုင်ဖို့ လွတ်လွတ်လပ်လပ် ပြည်နယ်ထဲ ပြန်နေရဖို့ ကျမတို့ အားလုံးအတူတကွ ပူးပေါင်းကြိုးစားကြရမယ် အတူတကွ အားတင်းထားရမယ် ကျမတို့တိုင်းပြည်ထဲ အလုပ်ကောင်းကောင်းမွန်မွန် ပြန်လုပ်နိုင်ဖို့ ပြည်တွင်းထဲက လျှပ်စစ်မီးတွေလည်း ကိုယ်တိုင် ပြန်လည်ကိုင်တွယ်နိုင်ရဖို့ ရေအားလျှပ်စစ်တို့ ဘာညာ ကျမတို့ အဆင်ပြေပြေ ပြန်ကိုင်တွယ်နိုင်မဲ့ဟာတွေပေါ့ အဲဒီဟာတွေ အကုန်ပြန်ရမယ်ဆိုရင် ကျမတို့ အေးဆေးလေးနဲ့ အလုပ်နိုင်တာပေါ့။ ဥပမာ လောပိတရေတံခွန်တို့ဘာတို့ပေါ့နော် အဲဒါတွေ ပြန်ကိုင်တွယ်နိုင်ရမယ်ဆိုရင် ကျမတို့ ဒီကရင်နီလူထုအားလုံး ပိုအေးအေးဆေးဆေးနေနိုင်မယ် ရှေ့ဆက်ပြီး ကျမတို့ အတူတကွ ကြိုးစားကြမယ် နိုင်ငံရေးဖက်မှာပေါ့နော်။ ကျမတို့ ကရင်နီတွေက နိုင်ငံရေးနဲ့ဘဲ နေတယ် ကျမတို့အားလုံး ကိုယ့်ကိုယ်ကို ကရင်နီလူမျိုးဘဲလို့ သတ်မှတ်ရင် ကျမတို့ တိုင်းပြည်အတွက် အတူတကွ ကြိုးစားကြရမယ်” လို့ ဒုက္ခသည်စခန်းမှလူငယ်တစ်ဦးဖြစ်တဲ့ မော်နိုမယ်က ပြောပါတယ်။
လက်ရှိနိုင်ငံရေး၊ စစ်ရေးကြောင့် ပြည်တွင်းကို ပြန်ခွင့်မရေသေးပေမယ့် ကရင်နီဒုက္ခသည်စခန်းထဲက ကရင်နီလူမျိုးအားလုံးကတော့ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်ခွင့်၊ ပညာသင်ခွင့်၊ ကျန်းမာရေးဝန်ဆောင်မှု၊ နေရာထိုင်ခင်း၊ နိုင်ငံသားအသိအမှတ်ပြုမှတ်ပုံတင် ရရှိပြီး ပြည်နယ်အတွင်းမှာပဲ အေးဆေးတည်ငြိမ်တဲ့အချိန်မှ ပြန်လည်အခြေချနေထိုင်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။
“အခက်ခဲဒုက္ခတွေ ခံစားရတဲ့သူတွေဆို ကျမတခုစိုးရိမ်တာပေါ့နော် သူတို့အကုန်ထွက်ပြေးတယ် သူတို့တိုင်းပြည်နဲ့ အဝေးထွက်ပြေးတယ်ဆိုရင် နောက်ကျရင် ကျမတို့ တိုင်းပြည်ဟာ ကရင်နီပြည်မဟုတ်တော့ဘူး ဗမာစစ်တပ်တွေ ကျမတို့ နယ်မြေကို အကုန်လာလုယူသွားမှာကို စိုးရိမ်တယ်။ ကျမတို့ ဘာတွေဘဲ ကျန်ခဲ့ကျန်ခဲ့ ဗမာစစ်တပ်တွေက သူတို့ယူသွားမယ်။ မကြောက်နဲ့ စည်းလုံးကြ အဲဒါဘဲ ပြောချင်တယ်။” လို့ လူငယ်တစ်ဦးဖြစ်တဲ့ မော်ကီးမယ်က ကရင်နီလူမျိုးတွေ မည်သည့်နေရာကိုပဲရောက်ရောက် လက်ရှိအခြေအနေကို အားမလျော့ဘဲ စည်းလုံးကြဖို့လည်း အားပေးပြောဆိုထားပါတယ်။
ကရင်နီပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မေလအတွင်းမှာ ဒီမော့ဆိုမြို့နယ်အတွင်းနဲ့ ကရင်နီ-ရှမ်း နယ်စပ် မိုးဗြဲမြို့မှာ ပြည်သူ့ကာကွယ်တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ကရင်နီပြည်တွင်း၊ မိုးဗြဲမြို့နဲ့ နယ်စပ်တွေမှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူ တစ်သိန်းကျော် ရှိနေပြီလို့ သိရပါတယ်။
“ကျတော်တို့အနာဂတ်မှာက အတတ်နိုင်ဆုံး စစ်မဖြစ်ရင်တော့ပိုကောင်းတာပေါ့ ငြိမ်းချမ်းရေးဆိုပြီးတော့ တကယ်ငြိမ်းချမ်းရေးလမ်းမှာ တကယ်သွားနိုင်တဲ့ တကယ်လိုလားတဲ့ ခေါင်းဆောင်တွေလည်းထွက်ပေါ်လာဖို့လိုလိမ့်မယ်။” လို့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသန်းမောင်ကလည်း ပြောပါတယ်။
၁၉၉၅-၉၆ ဝန်းကျင်မှာ ကရင်နီပြည်နယ်က ဖြတ်လေးဖြတ်ဒဏ်အပြင် စစ်တပ်ရဲ့ အကြမ်းဖက်နှိပ်စက်ဒဏ်ကို လွတ်မြောက်ဖို့အတွက် ကရင်နီပြည်နယ်အရှေ့ဖက် သံလွင်မြစ် တစ်ဖက်ကမ်း ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ ကရင်နီဒုက္ခသည်စခန်း တည်ရှိတာ နှစ်ပေါင်း ၂၀ ကျော်ရှိနေပါပြီ။
ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ နေထိုင်တဲ့ ကရင်နီလူမျိုး ၈ထောင်ကျော်ရှိပြီး လက်ရှိမှာ စခန်းအတွင်း ဝန်ဆောင်မှုပေးတာလျော့ချလာသလို ထိုင်းနိုင်ငံမှာခိုလှုံနေရတာဖြစ်ပြီး အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲနေရတာဖြစ်တဲ့အတွက် အဆင်ပြေမှု မရှိဘူးလို့ ပြောဆိုကြပါတယ်။