spot_imgspot_imgspot_imgspot_img
Saturday, November 23, 2024
spot_imgspot_imgspot_imgspot_img

ဖားဆောင်းမြို့နယ်အတွင်း ပြေးဆွဲတဲ့ကုန်တင်ယာဉ်များကို တစ်လလျှင် ၃ကြိမ်သာ ခွင့်ပြု

ကန္တာရဝတီတိုင်း(မ်)

ကူးစက်မှုပြန့်ပွားလျက်ရှိနေတဲ့ ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ဖို့အတွက် လွိုင်ကော်မြို့မှ ဖားဆောင်းမြို့- မော်ချီးဒေသကို ပြေးဆွဲတဲ့ ကုန်တင်ယာဉ်များအား (၁၀)ရက်လျှင် တစ်ကြိမ်၊ တစ်လလျှင် ၃ကြိမ်သာ သွားလာခွင့်ပြုမှာဖြစ်ပြီး ခရီးသည်တင်ယာဉ်၊ ကိုယ်ပိုင်ယာဉ်များကို သွားလာခွင့်မပြုဘူးလို့ သိရပါတယ်။

“ဖားဆောင်းမြို့နယ် ထွေအုပ်နဲ့ က.မ.စ.ည အဖွဲ့အစည်းနဲ့ပေါင်းပြီးတော့ တစ်လမှာ ၃ရက်ပေါ့ ၈လပိုင်း ၁၀ရက်နေ့မှာတစ်ကြိမ် ၂၀ရက်နေ့မှာတစ်ကြိမ် ၃၀ရက်နေ့မှာတစ်ကြိမ် အဝင်အထွက်ပေါ့နော။ အဓိက ကုန်စည်စီးဆင်းမှုပေါ့ ကျန်တဲ့အချိန်မှာတော့ ကျန်းမာရေးအရပေါ့ ဥပမာအားဖြင့် မော်ချီးဂိတ်က မနိုင်တဲ့ဟာတွေ အကိုတို့က ဖားဆောင်းဆေးရုံပို့တာတွေ လွိုင်ကော်ဆေးရုံပို့တာတွေပေါ့နော လူနာလွှဲတာတွေပေါ့။ ဒေသကျန်းမာရေးထောက်ခံစာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ အကိုတို့လွှတ်ပေးတာရှိတယ်ပေါ့”လို့ မော်ချီးဒေသကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသအတွင်း ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီ တို့မှ ပူးပေါင်းပြီး လူ၊ ယာဉ်အဝင်အထွက် ကို စီစစ်ကြပ်မတ်ကာ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စားသောက်ကုန်၊ ဆေးဝါးသယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်မှယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ အိမ်စီးကားတွေမှာ လိုက်ပါစီးနင်းသူများအနေနဲ့ (၇၂)နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်ရောဂါပိုး ကင်းစင်ကြောင်း စစ်ဆေးချက် ဆေးမှတ်တမ်းပါရှိမှသာ မြို့နယ်အတွင်း ဝင်ခွင့်ပြုမှာ ဖားဆောင်းကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ စစ်ဆေးခြင်းခံယူရမှာဖြစ်တယ်လို့ ဖားဆောင်းမြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ဇူလိုင်လ ၂၃ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြို့နယ်ပြင်ပမှ ဝင်ရောက်လာသူအနေနဲ့ နေ့ချင်းပြီး ကုန်တင်၊ ကုန်ချပြုလုပ်ရန်နဲ့ မြို့အတွင်း ညအိပ်ရပ်နား တည်းခိုခြင်းမပြုလုပ်ရန် ပါရှိပါတယ်။

ကျန်းမာရေးကိစ္စအရေးပေါ် ပို့ဆောင်ရာမှာ သက်ဆိုင်ရာကျန်းမာရေးဌာန၊ ကျန်းမာရေးတာဝန်ခံတို့ရဲ့ထောက်ခံချက် ပါရှိမှ ဖြတ်သန်းသွားလာခွင့်ပြုမှာဖြစ်ပါတယ်။

မော်ချီးဒေသအတွင်းရှိ ကျေးရွာ၊ ရပ်ကွက်တွေအနေနဲ့ ကျေးရွာအတွင်း ဝင်ထွက် သွားလာမှုကို ကန့်သတ်ထားခြင်း၊ စည်းကမ်းသတ်မှတ်ထုတ်ပြန်ခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ အသိပညာပေးမှုဆောင်ရွက်ခြင်းတွေကို ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ရပ်ကွက်အတွင်း ရပ်ကွက်အလိုက်က ဂိတ်လေးတွေထားပြီးတော့မှ အဝင်အထွက်ကိုစီစစ်တာပေါ့နော။ အကိုတို့ ကော်မတီက အဓိကက မော်ချီးရဲ့ပင်မဂိတ်ကိုထိန်းချုပ်တယ် အဝင်အထွက်မရှိအောင်လို့”လို့ ကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မော်ချီးဒေသအတွင်း အမိန့်ထုတ်ပြန်ထားတဲ့ သတ်မှတ်ကာလအတွင်း စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်နဲ့ ဖြတ်သန်းသွားလာခွင့်ကို အခြေအနေပေါ်မူတည်ပြီး ပြန်လည်အသိပေးအကြောင်းကြားသွားမှာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်ကျူးလွန်သူများအား ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း KNSOမှ ထုတ်ပြန်ထားပါတယ်။

ဖားဆောင်းမြို့နယ်မှာ ဩဂုတ်လ ၂ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း (၁၁၈)ဦးရှိပြီး ကရင်နီပြည်နယ်မှာ ကူးစက်မှုဖြစ်ပွားနေတဲ့ မြို့နယ်များအနက် ဒုတိယအများဆုံး ပိုးတွေ့ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။

ဖားဆောင်းမြို့နယ်အတွင်း ပိုးတွေ့လူနာတွေကို ဖားဆောင်းမြို့နယ်ဆေးရုံ၊ မော်ချီးဒေသရှိ လိုခါးတိုက်နယ်ဆေးရုံ၊ လိုခါးလို (အထက) Positive Medical Center မှာ ထားရှိပြီး ဩဂုတ်လ ၂ရက်နေ့အထိ ဆေးရုံဆင်းသူ ၂ဦးရှိပြီး ဆေးရုံတက်ရောက်ဆဲသူများလည်း ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img