spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

သမိုင်းပေးတာဝန်ဖြစ်တဲ့အတွက် လူငယ်တွေ ကောက်ရိုးမီးလောင်မဖြစ်စေဖို့KNPPဥက္ကဌတိုက်တွန်း

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ အေဘယ်လ်တွိ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဆင်နွဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံး လူငယ်တွေကို သမိုင်းပေးတာဝန်ဖြစ်တဲ့အတွက်ကောက်ရိုးမီးလောင် သလို မဖြစ်စေဖို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ဥက္ကဌ အေဘယ်လ်တွိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဆိုတော့ ကျနော်တို့မနစ်နာလို့မရဘူး။ အထူးသဖြင့်တိုင်းရေးပြည်ရေးကိစ္စတွေက အင်မတန်ကြီးကျယ်တယ်။ ဆိုတော့ ဒါက သမိုင်းပေးတာဝန်ပဲလို့ ကျနော်ပြောချင်တယ်။ ရဲရဲဝံ့ဝံ့ဆက်တိုက်ပါ။ ခုတိုက်နေတာ တစ်ပိုင်းတစ်စ ကောက်ရိုးမီးလောင် လိုမလုပ်ပါနဲ့။ ရည်မှန်းချက်ပန်းတိုင်က ဘာလဲ၊ လူထုတော်လှန်ရေးတိုက်ပွဲ။ အစကတည်းက ရည်ရွယ်ချက်က စစ်အာဏာရှင်အမြစ်ပါတိုက်ဖြတ်ရမယ်။ အင်မတန် ကောင်းတယ်ကြီးကျယ်တယ်။ အနာဂတ်ဖက်ဒရယ်၊ ကျန်တဲ့တိုင်းရင်းသားအားလုံး စုပေါင်းပြီး အေးအေးချမ်းချမ်းနေရမယ်။ ဒါကောင်းတယ် ရည်ရွယ်ချက်နှစ်ခုက အင်မတန်ကြီးကျယ်တယ်။ အင်မတန်ကောင်းတယ်။ ဒါကျနော်တို့ရဲ့ရည်ရွယ်ချက်ပဲ။ အနာဂတ်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းတွေဆိုတော့ အနာဂတ် သာသာယာယာတည်ဆောက်ဖို့အတွက် အာဏာရှင်အကုန်လုံးကို အပြုတ်တိုက် အမြစ်ပါအကုန်လုံးပြုတ်လိုက် ဘယ်သူမှမကြိုက်ဘူး။ ကျနော်တို့မပြောနဲ့ ဗမာပြည်တွင်းလည်းသူတို့ မကြိုက်ဘူး။ ကျနော်တော့ အားပေးတယ်။ လူငယ်တွေ ခင်ဗျားတို့ သမိုင်းပေးတာဝန်ပဲ ထိထိရောက်ရောက်တိုက်ပါ။ ဗမာစကားပြောသလိုငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်”ချကောက်ရိုးမီးလောင်မျိုးသွားမလုပ်နဲ့ ။ဒါက ကျနော်တို့ရဲ့သမိုင်းပေးတာဝန်ဖြစ်တယ် မှတ်ယူကြပါလို့ ပြောချင်တယ်။လို့ ဥက္ကဌ အေဘယ်လ်တွိက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

တက်တက်ကြွကြွနဲ့ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ လူငယ်တွေကို ချီးကျူးပြီး အနာဂတ်မှာ ကရင်နီပြည် အေးချမ်းသာယာဖို့ ၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ လွယ်လွယ်မရနိုင်တဲ့အတွက် အသက်၊ သွေး၊ ချွေး ပေးဆက်ကာအနာခံမှ အသာစံရမယ်ဖြစ်ကြောင်း လက်ရှိတော်လှန်ရေးလုပ်နေရခြင်းဟာလည်း သမိုင်းပေးတာဝန်ဖြစ်တဲ့အတွက် တိုက်ခိုက်ရမှာဖြစ်ပြီး အသိအမှတ်ပြုတယ်လို့ ဥက္ကဌက ဆိုပါတယ်။

အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်မှာဖြစ်ပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်ဖို့လိုပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ၊PDFတွေ ၊ တစ်ပေါင်းတစ်စည်းထဲ စည်းလုံးညီညွတ်ရင်း နည်းဗျူဟာ စနစ်တကျ ချမှတ်မှသာ အာဏာရှင်စနစ် အမြစ်ပြုတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကျနော်တို့ စိုးရိမ်တာ ဗမာ အစိုးရ အဆက်ဆက်မှာပေါ့။ ကျနော်တို့ တိုင်းရင်းသားတွေ စာရင်းသိပ်မထည့်ဘူး။ ကျနော်တို့ တော်လှန်တိုက်ခိုက်တာကို မြင်တော့ သူပုန် ၊ ဓားပြ ၊ တရားမဝင်တဲ့သူ လို့ပြောတယ်။ ဖက်ဒရယ် ခေါ်တာကတော့ တကယ် ဖက်ဒရယ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ တကယ် ပြည့်ပြည့်ဝဝ လုပ်ဖို့လိုတယ်။ ဗဟိုချုပ်ကိုင် စနစ်တို့ က မရဘူး။ ဒီကနေ့ ကျနော်တို့ မြင်တာက ဖက်ဒရယ် တည်ထောင်မယ်ဆိုတာက ကောင်းတယ်။ စစ်အာဏာရှင်ပြုတ်မယ်။ ကျနော်တို့ကလည်း လုံးဝအားပေးအားမြှောက်လုပ်တယ်။ ဒါပေမယ့်လို့ ကျနော်တို့ ဒီလို တိုက်တဲ့အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးတကယ် အောင်မြင်ဖို့ စည်းလုံးညီညွှတ်ဖို့လိုတယ်။ ဗမာပြည်မှာရှိတဲ့ ပြည် ၇ ပြည်နယ် အားလုံး အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း၊PDFတွေ တစ်ပေါင်းတစ်စည်းထဲပဲ စည်းစည်းလုံးလုံး ညီဖို့လိုတယ်။ ညီကြဖို့ဆိုတာ မလွယ်ဘူးနော။ ဒီကနေ့ စစ်ကောင်စီက အမျိုးမျိုးမဲဆွယ်စည်းရုံး တာ နောက်မှာမပါသွားဖို့ သတိထားရမယ်။ ကျနော်တို့ အားလုံး စည်းစည်းလုံးလုံးညီညွှတ်ပြီးတော့ကျနော်တို့ရဲ့ တိုက်ပွဲ ၊ ကျနော်တို့ရဲ့ နည်းဗျူဟာ ကျကျနနချပြီးတော့ တိုက်မှ စစ်အာဏာရှင် အမြစ်ပါပြုတ်လိမ့်မယ်။ ကျနော်တို့ အစီအစဉ် စနစ်တကျ လုပ်ဖို့လိုတယ်။လို့ ဥက္ကဌအေဘယ်လ်တွိက ဆက်ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအခြေအနေကြောင့် နေရပ်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ တစ်သိန်းကျော်ရှိနေပြီး အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ထိန်းချုပ်နယ်မြေတွေမှာ လာရောက်ခိုလှုံတဲ့ ပြည်သူ ထောင်ဂဏန်းရှိနေပြီလို့ သိရပါတယ်။

တစ်ချိန်က သီးခြားလွတ်လပ်တဲ့ကရင်နီပြည်နယ်အဖြစ် ပြန်လည်ရောက်ရှိလိုပြီး အမျိုးသားရေးစိတ်ဓတ်ခိုင်မာကာ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် သမိုင်းပေးတာဝန်ကိုထမ်းဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားဖို့လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

spot_img
spot_img