ဗီဒီယို ဇာတ်ကားတွေထဲမှာ ဆရာဝန်တွေ တပ်နေကျ ဖြစ်တဲ့နားကျပ် ကိုတပ်ပြီး၊ လက်ထဲက တကျွီကျွီ နဲ့ ဘဲဥပုံ ဘောလုံးလေးကို ညှစ်ကာ မအဲဂျလာ(ခေါ်) ပရဲ့မို တယောက် ကိုယ်ဝန်ဆောင်မိခင်တဦးကို သွေးပေါင်တိုင်းပေးနေပါတယ်။ တိုင်းနေရင်းနဲ့ပဲ “နောက်ဆုံး ဓမ္မတာလာတာ ဘယ်တုန်းကလဲ” လို့ သူက ကိုယ်ဝန်ဆောင်လူနာရဲ့ ဖြစ်စဉ်တွေကို မေးမြန်းလိုက်ပါတယ်။ ပြီးတော့မှ နွမ်းကြေနေတဲ့ ကပ်ထူစာအုပ်ထဲကို လူနာ မှတ်တမ်းအဖြစ်ချရေးနေပါတယ်။
မအဲဂျလာက ဆရာဝန်မဟုတ်ပါဘူး။ ရှားတောမြို့နယ်ထဲက ဒေါလယ်ခူ(ခေါ်) နန်းကျိုင်းလေး ကျေးရွာက အရံသားဖွားဆရာမတစ်ဦးပါ။ဒါပေမဲ့ မအဲဂျလာတို့ နေတဲ့ရွာထဲမှာတော့ ဆရာဝန်မရှိလို့ ဖျားနာတာတွေဖြစ်ရင် သူ့ဆီ ဦးဆုံးရောက်လာကြရတာပါ။
“ကိုယ်ဝန်သည်တွေ၊ ငှက်ဖျား၊ အပြင်းဖျားနာတာတွေမဟုတ်တဲ့ ကိုယ်ပူတာတွေ ကိုတော့ ကျမကြည့်ပေးနိုင်ပါတယ်။ အပြင်းဖျားတာတွေကျတော့ ကျမမကြည့်တတ်ဘူးပေါ့။ ရှားတောကိုပဲသွားကြတယ်။” လို့ မအန်းဂျလာ ကပြောပါတယ်။
မအဲဂျလာဟာ ၁၉၉၉-၂၀၀ဝ ခုနှစ်လောက်မှာ အရန်သားဖွားသင်တန်းတက်ရောက်ခဲ့ပါတယ်။ သင်တန်းပြီးတော့ ရှားတော မြို့မှာပဲ သားဖွားပေးတာတွေပဲ လုပ်ခဲ့တာပါ။ အစိုးရက အရန်သားဖွားသင်တန်းဆင်းတွေကို ၂၀၁၃မှာ ငှက်ဖျား သင်တန်းပေးတော့ သူလည်း ပြန်တက်ဖြစ်ခဲ့ပါတယ်။ ခုတော့ ရွာက မွေးလူနာတွေအပြင် ငှက်ဖျားရောဂါဖြစ်နေတဲ့လူနာတွေကိုပါ ကုသပေးနေပါတယ်။
“ကုသပေးတာကတော့ စေတနာပဲပေါ့နော။ အခကြေးငွေမယူပါဘူး။ တချို့က စေတနာရှိလို့ နဲနဲပါးပါးပေးတာရှိတယ်။ တချို့ကတော့ မရှိတဲ့အတွက် ဒီတိုင်းကုပေးလိုက်တာတွေလည်းရှိတယ်။ ” လို့ မအဲဂျလာကပြောပါတယ်။ မအဲဂျလာ တို့ အရန်သားဖွားတွေအတွက် ဆေးဝါးတွေကိုတော့ အစိုးရက သူတို့ကုသပေးနိုင်တဲ့ ရောဂါတွေ ကိုကြည့်ပြီးထောက်ပံ့ပေးထားပါတယ်။
လမ်းပန်းခရီးဝေးလံတဲ့အပြင် အစိုးရဆေးပေးခန်းလည်းမရှိတဲ့အခြေအနေမှာ ကျေးရွာ ၅ရွာပေါင်းမှ အစိုးရဆေးဆရာမတစ်ဦးရရှိပါတယ်။ ဒေသ တွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ၊ ခရီးလမ်းဝေးကွာမှုတွေကြောင့် အစိုးရ ဆေးဆရာမတွေကလည်း တာဝန်ကျတဲ့ ရွာတွေမှာ မနေနိုင်ပဲ တစ်လမှတစ်ကြိမ်ပဲ ရောက်လာကြပါတယ်။
မအဲဂျလာတို့ နေတဲ့ဒေါလယ်ခူ ရွာဟာဆိုရင် ရှားတောမြို့နယ်ထဲမှာတည်ရှိပြီး ရှားတောမြို့နဲ့ ၅မိုင်ခန့် ဝေးကွာပါတယ်။
ရွာထဲမှာ အိမ်ခြေ၃ဝ ကျော် လောက်သာရှိနေပြီး အများအားဖြင့် ကျွန်းတိုင်ခြေတံရှည်အိမ်၊ ဝါးထရံ ၊ဝါးကြမ်းခင်း ကျဲကျဲနဲ့ ဆောက်ပြီး နေထိုင်ကြတာပါ။
မအဲဂျလာတို့ကတော့ ဒီရွာကို ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က မှ လာရောက်နေထိုင်ကြတာပါ။ ဒေါလယ်ခူရွာဟာ ရှားတောမြို့နယ်အတွင်းမှာရှိတဲ့ ဆက်သွယ်ရေး ခက်ခဲတဲ့ ကျေးရွာ က မိသားစုတွေနဲ့ ရှားတောမြို့အတွင်းက စိုက်ပျိုးမြေ အတွက် နေရာသစ်ချဲ့ထွင်သူတွေ ပြောင်းရွေ့နေထိုင်လာကြတဲ့ ကျေးရွာဖြစ်ပါတယ်။ ဒီရွာကလူတွေထဲမှာ တောင်ပေါ်ရွာလေး တွေဖြစ်တဲ့ ဒေါတခရော၊ ထီပေး၊ ကျူးလဲ၊ ဒေါနော်ကလု၊ အပြင် ရှားတော့မြို့တွင်းက တောင်ယာလုပ်ကိုင်သူတွေပါ လာရောက်နေထိုင်ကြတဲ့ ရွာလေးလည်းဖြစ်ပါတယ်။
” ဒီမှာ လာနေတဲ့သူ တချို့ကတော့ တောင်ထိပ်မှာနေတော့ တောင်ယာလုပ်ဖို့သွားလာရ ဝေးတယ်၊ ခက်တယ်လေ။ အခုလည်း ကားလမ်းတွေပေါက်လာတော့ ကားလမ်းဘေးတွေမှာလာနေချင်ကြတယ်လေ။ ” လို့ မအဲဂျလာကပြောပါတယ်။
ကျေးရွာသစ်ဖြစ်တဲ့အတွက်လည်း ပြည်ထဲရေး အမည်ပေါက်မဟုတ်ပါဘူး။ ပြည်ထဲရေးအမည်ပေါက်မဟုတ်တဲ့အတွက် အစိုးရရဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲတဲ့ အထဲမှာ ပါဝင်နိုင်ခြင်းမရှိပါဘူး။ လမ်းပန်းဆက်သွယ်ရေးခက်ခဲကြပြီး ၊ စာသင်ကျောင်းများမရှိတာတွေ၊ ကျန်းမာရေးဆေးပေးခန်းတွေနဲ့ဝေးကွာနေကြရပါတယ်။
” ကျနော်တို့ မိဘ ဘိုးဘွားတွေမှာက လယ်ကွက်တွေမရှိဘူးလေ။ အဲဒါကြောင့် ဈေးကောင်းနေတဲ့ နှမ်းကိုလုပ်ဖို့ပေါ့။ နှမ်းက တစ်ပိဿာ ၂၀၀၀၊၃၀၀ဝ ဆိုတော့ လုပ်ကြည့်မလားလို့ ရွာမှာ။ ပြီးတော့ ကလေးတွေ အတွက် စဉ်းစားပေးတာလည်းပါတာပေါ့။”
လို့ ကျူ့လဲရွာမှ ရွေ့ပြောင်းနေထိုင်လာတဲ့ လက်ဒေါလယ်ခူကျေးရွာ ဥက္ကဌ ခူအီရယ်က သူရွေ့ပြောင်းနေထိုင်ရတဲ့ အကြောင်းရင်းကိုပြောပါတယ်။
မအဲဂျလာတို့ နေတဲ့ ဒေါလယ်ခူ ကျေးရွာမှာတော့၊ ရွာကနေ ရှားတောမြို့ကို ဖောက်လုပ်ထားတဲ့ ကျောက်ခင်းလမ်းရှိနေပေမဲ့ မြို့ကို သွားလာဖို့အတွက် တစ်ရွာလုံးမှာမှ ဆိုင်ကယ် ၂စီးသာရှိပါတယ်။
“ကားလမ်းပေါက်နေပြီဆိုပေမဲ့ ။ အခုက ရွာက မတိုးတက်သေးဘူး။ ဆိုင်ကယ်လည်း ၁စီး ၂စီးပဲရှိသေးတော့ ဟိုလူ့ယူသွား ဒီလူ့ယူသွားဆိုတော့ အခု ကသွားလာဖို့ဆိုရင် ခြေကျင် ပဲလျောက်ကြတယ်။ ခက်ခဲနေဆဲပဲရှိသေးတာပေါ့။” လို့ မအဲဂျလာကပြောပါတယ်။
ရွာထဲမှာတော့ ကိုယ်ထူကိုယ်ထကျောင်းဖွင့်လှစ်ထားပါတယ်။ ဆရာ၊ဆရာမ ၄ဦးရှိပြီး ၃တန်းအထိပဲ ပညာသင်ကြားနိုင်ပါတယ်။ အစိုးရ အသိမှတ်ပြု ကျောင်းမဟုတ်သေးပေမဲ့ ရှားတောမြို့နယ် ပညာရေးမှူးရဲ့ နားလည်ပေးမှုအရ ရှားတောမြို့ထဲက မူလတန်းကျောင်းတစ်ခုရဲ့ ပူးတွဲ ကျောင်းအဖြစ်နဲ့ ဆရာမ၂ဦးထောက်ပံ့ပေးထားပြီး တခြား ဆရာ၊ဆရာမ ၂ ဦးကိုတော့ စေတမန်အဖွဲ့က ထောက်ပံ့ပေးထားတာပါ။
ရွာရဲ့ အရှေ့ဖက် အုပ်ဆိုင်းနေတဲ့ သစ်ပင်တွေကြားက မြေပြန့် တစ်နေရာမှာ ဆောက်ထားတဲ့ သွပ်မိုး၊ဝါးထံရံကာ ထားတဲ့ အဆောက်အဦးကြီးကို စာသင်ကျောင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီးအဆောက်အဦးအတွင်းမှာတော့ ရွာက ကလေးငယ် ၂ဝ ခန့်ကို ဆရာဆရာမ ၄ဦးက စာသင်ပေးနေတာတွေ့ရပါတယ်။ အဆောက်အဦး ကြီးလို့ဆိုလိုက်ပေမဲ့ အတန်း၄ခုကို သင်ကြားဖို့အတွက်တော့ ကျဉ်းမြောင်းနေပါသေးတယ်။
ပြည်ထဲရေး အမည်မပေါက်သေးတဲ့ ဒေါလယ်ခူရွာဟာ သူတို့ရဲ့ ကလေးငယ်တွေပညာသင်ကြားနိုင်ဖို့အတွက် ဒီကျောင်းကြီးကို ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတာဖြစ်ပါတယ်။ရွာထဲက အချို့ကလေးတွေက ရွာကျောင်းမှာ ပညာသင်ယူပြီးမြောက်သွားရင်တော့ ရှားတောမြို့ထဲက ကျောင်းမှာ ဆက်ပြီး ပညာသင်ယူရတော့မှာပါ။ ဒါပေမဲ့လည်း ကျောင်း ဆက်တက်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ကျောင်းထွက်ခဲ့ရသူတွေလည်းရှိနေပါတယ်။
လက်ရှိ ဒေါလယ်ခူ ကျေးရွာမှာ စာသင်ကြားပေးနေတဲ့ စေတမန် အဖွဲ့မှ ဆရာမ မအက်စတာကတော့ ရွာထဲက ကျောင်းသားမိဘတွေအနေနဲ့ သူတို့ကိုယ်တိုင် ပညာရေးမှာ အားနည်းနေတာကြောင့် ကလေးတွေရဲ့ ပညာရေးကို ဦးစားပေးမှု နည်းပါးနေတယ်လို့ဆိုပါတယ်။
ကျေးရွာရဲ့ သားဖွားဆရာမ မအဲဂျလာ မှာ ကလေး ၅ဦးရှိပါတယ်။ သူတို့ ထဲက ၄ဦးကို ပညာသင်ကြားနိုင်ဖို့အတွက် ရှားတောမြို့က ကက်သလစ် ဘုရားကျောင်း ဘော်ဒါဆောင်ကိုပို့ထားပါတယ်။ နေထိုင်စားသောက်စရိတ်အတွက် ၁ ယောက်ကို တနှစ်စာ ၂ သိန်း ပေးဆောင်ထားရတယ်လို့ မအဲဂျလာကဆိုပါတယ်။
အရင်နှစ်က သီးနှံတွေကို ကြွက်တွေဖျက်ဆီးခဲ့တာကြောင့် သီးနှံအထွက်လျော့ကျပြီး ဒီနှစ် မှာတော့ ဒေါလယ်ခူ ရွာသားတွေ စားဝတ်နေရေးကျပ်တည်းမှုနဲ့ ရင်ဆိုင်နေကြရပါတယ်။
ရွာသစ်တည်ထားတဲ့ ဒေါလယ်ခူရွာမှာ မနှစ်က UN၊ ဒိန်းမတ်၊ ကရုဏာ၊ KNPP စတဲ့ အဖွဲ့အစည်းတွေက လာရောက်လှူဒါန်းတာတွေရှိခဲ့ပါတယ်။ ဒါကြောင့် စားဝတ်နေရေး ကြပ်တည်းလာတဲ့ အခုအချိန်မျိုးမှာ ဘယ်သူတွေလာလှူကြမလဲဆိုပြီး ရွာသားတွေကမျှော်နေကြကြောင်း မအဲဂျလာကပြောပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာနက အသိအမှတ်ပြုတဲ့ရွာ ဖြစ်မလာသေးပေမယ့် မအဲဂျလာတို့ကတော့ ဒေါလယ်ခူရွာမှာ ဆေးကုရင်း၊ စိုက်ပျိုးရင်း၊ ရုန်းကန်ရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်နေကြရပါတယ်။