စိုင်းလင်းလင်းဦး
မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။
ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဆင့် ထူးချွန်အဆင့် ဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်ပါတယ်။
စကိတ်နဲ့ တွဲဖက်ကစားနည်းတစ်ခုဖြစ်တဲ့ တတိယအကြိမ်မြောက် အာဆီယံ Roll Ball ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိကျင်းပမယ့် ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ၁၁ ဦးထဲမှာ စောရော်နယ်ကလိုမူးလည်း အပါအဝင်ဖြစ်ပါတယ်။
မေး။ ။ စကိတ်စပြီး စိတ်ဝင်းစားပြီး စီးဖြစ်သွားတဲ့ပုံလေး ပြောပြပါ။
ဖြေ။ ။ ဆယ်တန်းဖြေပြီးတဲ့ အချိန် ရန်ကုန်မှာသွားနေတော့ သူငယ်ချင်းတွေ စကိတ်စီးတာတွေပြီး စီးကြရင်းနဲ့ ဝါသနာပါလာတာ။
မေး။ ။ စကိတ်ဆိုတာက အရင်ကလူငယ်တွေ သိပ်မစီးဖြစ်ကြဘူးလေး။ ဒီခေတ်ရောက်မှ အနည်းအကျင်းလောက်ပဲ စိတ်ဝင်စားလာတာကို တွေ့ရတယ်။ စကိတ်ရဲ့ ကောင်းကျိုးတွေက ဘာရှိလို့လဲ။
ဖြေ။ ။ စကိတ်က အမောခံနိုင်တယ်။ ခန္ဓာကိုယ် အချိုးအစားကျတယ်။ ဝတဲ့လူဆိုရင် အဆီကျတယ်ပေါ့။ အမြဲတမ်းစီးမယ်ဆိုရင် သက်လုံလည်းကောင်းတယ်။
မေး။ ။ စကိတ်လေ့ကျင့်ဖို့နေရာကို သိပ်မတွေ့ရဘူးပေါ့နော်။ စကိတ်ကစားဖို့ အဆင်ပြေကြရဲ့လာ။
ဖြေ။ ။ ဟုတ်တယ်။ စကိတ်ကွင်းက အလုံအလောက်မရှိဘူး။ ကျနော်တို့ဆိုရင်စကိတ်စီးဖို့ ကိုယ်စီးလို့ရမယ့်နေရာတွေပဲ စီးရတယ်။ စကိတ်ကွင်းကောင်းကောင်းလည်းမရှိတော့ နိုင်ငံတော်ကလည်း မထောက်ပံ့ပေးထားဘူး ကိုယ်ဖာသာကို ပိုက်ဆံတွေစု ပစ္စည်းတွေလုပ်ပြီးတော့ အဲ့လိုပဲ ကျင့်ခဲ့ရတယ်ပေါ့နော်။ စကိတ်ကွင်းကောင်းကောင်းရှိမယ်ဆိုရင် ကျနော်တို့လည်း ပိုပြီးတော့ တိုးတက်မယ်ပေါနော်။
မေး။ ။ စကိတ်ကို ဘယ်လို အမျိုးအစားမျိုးစီးတာ ပိုဝါသနာပါလဲ။
ဖြေ။ ။ ကျနောက အကြမ်းပို်င်းဆော့တာ။ Aggressive Inline ဆိုတာက Jump (ခုန်) ဆော့ရတယ်။ ပိုက်လုံးတန်းတို့ အုတ်ပေါင်တွေကို စီးရတာနှစ်သတ်တဲ့အတွက် ကျနော် Aggressive Inline ကို အရမ်းနှစ်သက်တယ်။
မေး။ ။ ထိုင်နိုင်ငံမှာ ကျင်းပမယ့် Roll Ball ပြိုင်ပွဲမှာ အကို့ကို ရွေးချယ်ခံထားရတယ်ဆိုတော့ အဲ့ဒီအကြောင်းလေးပြောပြပါလား။
ဖြေ။ ။ အာဆီယံနိုင်ငံ တတိယအကြိမ်မြောက် Roll Ball ပြိုင်ပွဲပေါ့။ ကျနော်က ပါဝင်ခွင့်ရတယ်။ Roll Ball ဆိုတာကတော့ ဘက်စကက်ဘောလုံးလိုမျိုးကို စကိတ်တွေနဲ့ သယ်ဆောင်ပြီးတော့မှ ဖူဆယ်ဂိုးထဲကို လက်နဲ့ပစ်ထည့်ရတဲ့ ကစားနည်းပါ။
မေး။ ။ ညီလေးအနေနဲ့ စကိတ်နဲဲ့ပတ်သက်လို့ နိုင်ငံအဆင့် အားကစားသမားတစ်ယောက်လည်းဖြစ်နေပြီးဆိုတော့ ဒီစကိတ်အားကစားအပေါ်မှာ ဘယ်လိုခံယူချက်မျိုးထားလဲ။
ဖြေ။ ။ စကိတ်ကတော့ စီးနေအုန်းမှာပဲ။ ကျနော်တတ်နိုင်တဲ့သူတွေကို စကိတ်အားကစားနည်းတွေကို ပံ့ပိုးပေးမယ် သင်ကြားပေးမယ်။ ရောက်တဲ့နေရာမှာစကိတ်သင်ပေးမယ်။ ကိုယ့်လူမျိူးတွေမကဘူး ဒီစကိတ်ကို ဝါသနာပါတဲ့သူတွေအားလုံး စကိတ်စီးသင်ပေးမယ်ပေါ့နော်။
မေး။ ။ စကိတ်စီးတာကို သူများတွေက ပြောကြတယ်လေး သွားကျိုးသွားမယ်ပေါ့။ အဲ့လိုမျိုး စကိတ်စီးတာကို ဟန့်တာတာမျိုးရှိခဲ့ဖူးလာ။
ဖြေ။ ။ စကိတ်စီးမယ်ဆိုရင် သွားကျိုးမယ် သွားကျိုးမယ် ဆိုတာ။ တကယ်တမ်း စနစ်မကျဘဲနဲ့ စီးရင်တော့ သွားကျိုးမယ်မကဘူး။ ခြေထောက်လည်း ကျိုးနိုင်တယ်။ ခေါင်းလည်းကွဲနိုင်တယ်။ တကယ်တမ်းသူ့မှာ စနစ်တကျနဲ့ စီးပုံစီးနည်းလေးတွေရှိတယ်။ စနစ်တကျစီးမယ်ဆိုရင် ဘာအန္တရာယ်မှမရှိဘူး။ မိနစ်ပိုင်း စက္ကန့်ပိုင်းနဲ့ စီးတက်တယ်။ စိတ်ဝင်းစားနဲ့ စီးမယ်ဆိုရင် တစ်လ နှစ်လတည်းနဲ့ တော်တော်ကျွမ်းကျွမ်းကျင်ကျင်ကြီးကို စီးတက်သွားနိုင်တယ်။
စောရော်နယ်ကလိုမူးဟာ မွေးချင်း သုံးဦးအနက် အကြီးဆုံးသားဖြစ်ပြီး မိသားစုနဲ့အတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရပ်ကွက်မှာ နေထိုင်ပါတယ်။