ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့ ဒေါငံခါးတိုက်ပွဲအတွင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) ရဲဘော်တစ်ဦး တိုက်ပွဲအတွင်းကျဆုံးသွားခဲ့တယ်လို့ DMO-PDF က ယမန်နေ့ ဩဂုတ်လ ၂၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကျဆုံးသွားသူမှာ DMO-PDF တပ်ရင်း ( K ) က အသက် ၄၅နှစ်အရွယ် ဦးအေရစ်ကို ( ခ ) ကို ဖြစ်ပါတယ်။ ဩဂုတ်လ ၂၄ရက်နေ့ နံနက် ( ၁၁ )နာရီခွဲအချိန်မှာ ပြည်သူတွေနဲ့အတူ သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၃ရက်နေ့မှာ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက်ဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာပြီး မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ၃ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီးထိုးလာတဲ့ စစ်ကောင်စီနဲ့ DMO-PDF၊အလယ်ပိုင်းတိုင်း (၁၁၀၂)ပူးပေါင်းတပ်တို့ ကင်းထောက်နေစဉ် နှစ်ဖက်ထိတွေ့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီပြည်မှာ ၂၀၂၂ခုနှစ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်တိုက်ခိုက်ရင်း DMO-PDF တပ်ဖွဲ့ဝင် ၁၃ဦး ကျဆုံးသွားခဲ့ရတယ်လို့ DMO-PDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၁၄၇ဦးရှိပြီး ၂၀၂၂ခုနှစ်အတွင်း ၁၀၆ ဦးရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။