ကန္တာရဝတီတိုင်း( မ် )
ကရင်နီပြည်ကနေ ရှမ်းပြည်နယ်တောင်ကြီးမြို့နဲ့အနီးတစ်ဝိုက်ဒေသမှာ သွားရောက် ခိုလှုံနေထိုင်ကြတဲ့ ကရင်နီစစ်ရှောင်တွေကို စက်တင်ဘာလကုန်အထိ အချိန်ပေးထားပြီး နေရပ်ပြန်ခိုင်းတယ်လို့ တောင်ကြီးမြို့မှာ သွားရောက်နေထိုင်သူတွေထံကနေ သိရပါတယ်။
“၁၀လပိုင်းကျရင် ပြန်ခိုင်းမယ်လို့တော့ ကြားတယ်ပေါ့နော။ ပြန်ခိုင်းမယ်ဆိုလို့ရှိရင် အခု နေတဲ့နေရာခါကျတော့ အတိအကျ မပြောသေးဘူးလေ။ ပြန်ခိုင်းမယ်လို့တော့ ကြားတယ်။ အကယ်လို့ မပြန်ဘူးဆိုရင် အထောက်အထား ပြရမယ်လို့ သူတို့ကပြောတယ်လေ။ ဥပမာ အိမ်မရှိဘူးဆိုရင် ဘယ်အနားမှာ ရှို့လဲ ဘာညာ သူတို့က ပြောမှာပေါ့နော။ ပြခိုင်းတယ်။” လို့ ဒီးမော့ဆိုမြို့မှ တောင်ကြီးကိုစစ်ရှောင်နေသူတစ်ဦးက ပြောပါတယ်။
နေရပ်ပြန်ရမယ့်သူတွေဟာ စစ်ရှောင်စခန်း၊ ဌားရမ်းထားတဲ့အဆောင်တွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်နေထိုင်တုန်းက နာမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်ကိုပေးထားရပြီး ဧည့်စာရင်းတိုင်ပြီး နေထိုင်ကြရပါတယ်။ သို့ပေမယ့် လက်ရှိမှာတော့ ဧည့်စာရင်းတိုင်တာကို လက်မခံတော့ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ နေရပ်ပြန်ခိုင်းနေတယ်လို့ ဆိုပါတယ်။
တောင်ကြီးမှာ အဆောင်ဌားပြီးနေထိုင်တာ နှစ်လကျော်ရှိပြီဖြစ်တဲ့ ဖရူဆိုဒေသခံတစ်ဦးက လက်ရှိမှာတော့ နေထိုင်လို့ရနေသေးတဲ့အတွက် နေရပ်မပြန်သေးဘူးလို့ ဆိုပါတယ်။
“ကျမအရင်နေခဲ့တဲ့ အဆောင်မှူးက မရဘူးလို့ပြောတယ်။ နောက်ကျမကို အဆောင်ကနေ ထွက်ခိုင်းတယ်ပေါ့။ နောက် အဆောင်တစ်ခုသွားရှာတော့ နေလို့ရတယ်လို့ပြောတယ်။ ဒါပေမယ့် ဆက်ရမလား။ ပြန်ခိုင်းမလားတော့ မသိဘူး။ ကျမနေလို့ရသေးရင်နေမယ်။ နေလို့မရဘူးဆိုရင်လည်း ပြန်ရုံပဲပေါ့နော။” လို့ ၎င်းက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားချိန် ဒေသခံနှစ်သိန်းဝန်းကျင်ဟာ စစ်ရှောင်နေကြရတာပါ။ ပြည်နယ်တွင်း ကျေးလက်တောရွာတွေဖက်မှာ တဲထိုးပြီး စစ်ရှောင်နေသူတွေရှိသလို မြန်မာနိုင်ငံတွင်းက တိုက်ပွဲမဖြစ်ပွားတဲ့ တခြား တိုင်းနဲ့ပြည်နယ်တွေကို စစ်ရှောင်သူတွေလည်းရှိနေပါတယ်။
လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း စစ်ရှောင်သောင်းဂဏန်းဟာရှမ်းပြည်နယ်ဘက်က တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါက်၊ ကလော၊ ညောင်ရွှေ စတဲ့ဒေသတွေမှာ သွားရောက်စစ်ရှောင်ခဲ့ကြပါတယ်။ လက်ရှိမှာ မိမိနေရပ်ကို ပြန်နေကြသူတွေလည်း ရှိကြပါတယ်။
တောင်ကြီးမြို့မှာ သွားရောက်ခိုလှုံနေထိုင်ကြသူအများစုဟာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ၊ ဖရူဆို၊ ဒီးမော့ဆိုမြို့နဲ့ နေအိမ်မီးလောက်ပျက်စီးသွားပြီး ပြန်စရာအိမ်မရှိတော့တဲ့ သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။